၁။ ယနေ့သည် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ဖြစ်ပြီး မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်အနေဖြင့် အခြားသော ကမ္ဘာ့နိုင်ငံများ နည်းတူ ၁၉၄၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ကမ္ဘာ့လူ့အခွင့်အရေးကြေညာ စာတမ်းအတည်ပြုထုတ်ပြန်ခဲ့ခြင်း အထိမ်းအမှတ်ကို ဂုဏ်ပြု သတ်မှတ်သော ဤမင်္ဂလာရှိသည့် အခါသမယကို ကြိုဆိုအပ်ပါသည်။ ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းကို အတည်ပြုထုတ်ပြန်ခဲ့သည့်အချိန်မှစ၍ ကမ္ဘာ့နိုင်ငံများတွင် နိုင်ငံသားများ၏ လူ့အခွင့်အရေးနှင့် အခြေခံလွတ်လပ်ခွင့်များကို မြှင့်တင်ကာကွယ်ရန် ကြိုးပမ်းမှုများ၌ ကြီးမားသော တိုးတက်ဖြစ်ပေါ်မှုများရှိခဲ့ကြပါသည်။
၂။ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်အနေဖြင့် ဤအခါသမယသည် ကော်မရှင်၏ တစ်နှစ်တာ ဆောင်ရွက်ချက်များကို ပြန်လည် သုံးသပ်စဉ်းစားပြီး ကော်မရှင်၏ ဆောင်ရွက် အကောင်အထည်ဖော်နိုင်မှုများ၊ စီစဉ်ထားရှိမှုများ၊ တာဝန်နှင့် လုပ်ပိုင်ခွင့်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အားနည်းခဲ့မှုများကို မြန်မာနိုင်ငံ ပြည်သူပြည်သားများအား တင်ပြရန် အသင့်လျော်ဆုံး ချိန်ခါဖြစ်သည်ဟု ယူဆပါသည်။
၃။ ကော်မရှင်သည် ၂၀၂၀ ပြည့်နှစ်အတွင်း လုပ်ငန်းများကို အချိန်ကာလ အပိုင်းအခြားများအလိုက် အကောင်အထည်ဖော်ဆောင်ရွက်ရန် သတ်မှတ်ထားသည့် လုပ်ငန်းစဉ်များချမှတ်ထားသော ကော်မရှင်၏ ၂၀၂၀ ပြည့်နှစ် လုပ်ငန်း စီမံချက်အပေါ် အခြေခံ၍ဆောင်ရွက်ခဲ့ပါသည်။ COVID-19 ကပ်ရောဂါ၏ အကန့်အသတ်များသည် လုပ်ငန်းစီမံချက်ကို အပြည့်အဝ အကောင်အထည် ဖော်နိုင်ရန် ခက်ခဲစေခဲ့ပြီး စီစဉ်ထားသော လူ့အခွင့်အရေး အလုပ်ရုံဆွေးနွေးပွဲ များ၊ လူ့အခွင့်အရေးသင်ခန်းစာများ သွားရောက်ပို့ချရန် အစီအစဉ်များ၊ အကျဉ်းထောင်၊ အကျဉ်းစခန်း၊ အချုပ်ခန်းများနှင့် လူ့အခွင့်အရေး ဖောက်ဖျက်မှုများဖြစ်ပွားရာ နေရာဒေသများသို့ သွားရောက်စစ်ဆေးရန် အစီအစဉ် များစသည့် လုပ်ငန်း အစီအစဉ်များကို ရပ်ဆိုင်းခဲ့ရပါသည်။ သို့သော်လည်း ကော်မရှင်အနေဖြင့် ဖြစ်နိုင်သမျှသော လုပ်ငန်း အစီအစဉ်များကို အကောင်အထည်ဖော်နိုင်ရန် ကြိုးပမ်းအားထုတ် ဆောင်ရွက်ခဲ့ပါသည်။ ယင်းလုပ်ငန်း ဆောင်ရွက်ချက်များမှာ အောက်ပါတို့ဖြစ်ပါသည်-
(က) နိုင်ငံတကာအသိုင်းအဝိုင်းက တောင်းဆိုလျက်ရှိသည့် ၂၀၁၄ ခုနှစ်၊ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်ဥပဒေ ပြင်ဆင်ရေးအတွက် ကော်မရှင်သည် ပြည်ထောင်စုတရား လွှတ်တော်ချုပ်၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် အရပ်ဘက်အဖွဲ့အစည်း များနှင့် ထိတွေ့ဆွေးနွေး၍ ပြင်ဆင်ချက်များကို အပြီးသတ်ပြုစုနိုင်ခဲ့ပါသည်။ ယင်းပြင်ဆင် ချက်များကို နိုင်ငံတော်သမ္မတရုံးသို့ တင်ပြထားပါသည်။
(ခ) COVID-19 ကပ်ရောဂါ ဖြစ်ပွားမှုမတိုင်မီ ၂၀၂၀ ပြည့်နှစ် အစောပိုင်းတွင် ကော်မရှင်သည် တွံတေးမြို့နယ်၊ ငှက်အော်စမ်းလူငယ် သင်တန်းကျောင်းနှင့် သန်လျင်လူငယ် သင်တန်းကျောင်းများသို့ သွားရောက်စစ်ဆေးခြင်း အပါအဝင် အကျဉ်းထောင်၊ အကျဉ်းစခန်းနှင့် အချုပ်ခန်းများသို့ သွားရောက်စစ်ဆေးမှု (၄၂)ကြိမ် ဆောင်ရွက်ခဲ့ပါသည်။ သွားရောက်စစ်ဆေးရာတွင် တွေ့ရှိချက်များ နှင့် ကော်မရှင်၏ အကြံပြု တိုက်တွန်းချက်များကို သက်ဆိုင်ရာ အစိုးရဌာန၊ အဖွဲ့အစည်းများသို့ ပေးပို့ခဲ့ပါသည်။ အကြံပြု တိုက်တွန်းချက်များအပေါ် သက်ဆိုင်ရာ အစိုးရဌာနအဖွဲ့အစည်း များမှလည်း အရေးယူဆောင်ရွက်မှုများ၊ တုံ့ပြန်မှုများဆောင်ရွက် ပေးခဲ့ခြင်းဖြင့် ကော်မရှင်၏ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်ရန် တာဝန်နှင့်လုပ်ပိုင်ခွင့်ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပါသည်။ ကော်မရှင်အနေဖြင့် ယင်းတို့၏ ပူးပေါင်းဆောင်ရွက်မှုများကို ကျေးဇူးတင်ရှိပါကြောင်း အသိအမှတ်ပြု ဖော်ပြအပ်ပါ သည်။
(ဂ) COVID-19 ကပ်ရောဂါ ကန့်သတ်ချက်များ ရှိနေသည့်ကြားမှပင် လူ့အခွင့်အရေး ဖောက်ဖျက်ခံ ရမှုနှင့် စပ်လျဉ်းသည့် တိုင်တန်းချက် စုစုပေါင်း (၂၁၀၂)စောင်ကို ကော်မရှင်က လက်ခံရရှိခဲ့ပါသည်။ တိုင်တန်းချက်များကို စုံစမ်းစစ်ဆေးရေးအဖွဲ့ အစည်းအဝေးများ နေ့စဉ် ပြုလုပ်၍ စိစစ်ဆောင်ရွက်ခဲ့ပြီး သက်ဆိုင်ရာ အစိုးရဌာန နှင့် အဖွဲ့အစည်းများသို့ လိုအပ်သလို စိစစ်အရေးယူဆောင်ရွက် ပေးရန် လွှဲပြောင်းပေးပို့ခဲ့ပါသည်။ လူ့အခွင့်အရေးဖောက်ဖျက်မှု ကျယ်ပြန့်စွာဖြစ်ပွားရာ နေရာဒေသများသို့ ကွင်းဆင်းစုံစမ်း စစ်ဆေးမှု (၇)ကြိမ်ဆောင်ရွက်ခဲ့ပါသည်။ သက်ဆိုင်ရာ ပြည်ထောင်စု ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရ အဖွဲ့များကလည်း ကော်မရှင်မှ လွှဲပြောင်းပေးပို့သော တိုင်တန်းချက်များအပေါ် အရေးယူဆောင်ရွက်မှု အခြေအနေများအား အလေးထား၍ ပြန်လည်တုံ့ပြန် ဖြေကြားပေးမှုများအတွက် ကျေးဇူးတင်ရှိပါကြောင်းနှင့် ယခုကဲ့သို့ ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက် ရရှိရန် မျှော်လင့်ပါကြောင်း ဖော်ပြအပ်ပါသည်။
(ဃ) ကော်မရှင်အနေဖြင့် လူ့အခွင့်အရေး ဖောက်ဖျက်မှုများနှင့် စပ်လျဉ်း၍ လက်လှမ်းမီသိရှိမှုကို ပိုမိုမြှင့်တင်ရန်အတွက် ကော်မရှင်သို့ တိုင်တန်းချက်များ ပေးပို့တိုင်ကြားရမည့် သတင်းအချက်အလက်များနှင့် နည်းလမ်းများကို တိုင်းရင်းသားဘာသာ စကား ၁၂ မျိုးဖြင့် ရေဒီယိုနှင့် ရုပ်မြင်သံကြား လိုင်းတို့အား အသုံးပြု ၍ ထုတ်လွှင့်လျက်ရှိပါသည်။
(င) ၂၀၂၀ ပြည့်နှစ်အတွက် လုပ်ငန်းစီမံချက်နှင့်အညီ ကော်မရှင်သည် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပခဲ့သော ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို လေ့လာစောင့်ကြည့်ခဲ့ ပါသည်။ ကော်မရှင်သည် ရန်ကုန်တိုင်းဒေသကြီးနှင့် နေပြည်တော် အတွင်းရှိ မဲဆန္ဒနယ် ၇ ခုမှ မဲရုံပေါင်း ၂၀ ကို လေ့လာစောင့်ကြည့်ခဲ့ပြီး လေ့လာစောင့်ကြည့်ခဲ့မှု အစီရင်ခံစာများကို နိုင်ငံတော်သမ္မတရုံးသို့ တင်ပြခဲ့ပါသည်။
(စ) ပါရီအခြေခံမူများအရ အခြားသော အမျိုးသားလူ့အခွင့်အရေး အဖွဲ့အစည်းများကဲ့သို့ပင် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အနေဖြင့် လူ့အခွင့်အရေး ပညာပေးခြင်း၊ အလှမ်းဝေး သည့်နေရာဒေသများသို့ သွားရောက်ပညာပေးသည့် အစီအစဉ်များ ဆောင်ရွက်ခြင်း၊ သတင်းမီဒီယာများ အသုံးပြုပညာပေးခြင်း၊ စာအုပ်စာတမ်းများ ထုတ်ဝေဖြန့်ချိခြင်း၊ လေ့ကျင့်သင်ကြား ပေးခြင်းများနှင့် တိုက်တွန်းအကြံပြုခြင်းတို့အားဖြင့် လူ့အခွင့်အရေး မြှင့်တင်ရေး အတွက် ဆောင်ရွက်ရန် လိုအပ်ပါသည်။ သို့ဖြစ်သည့် အားလျော်စွာ ကော်မရှင်သည် ကိုဗစ်ကာလမတိုင်မီက တပ်မတော်၊ ရဲတပ်ဖွဲ့၊ နိုင်ငံ့ဝန်ထမ်းများနှင့် မီးသတ်တပ်ဖွဲ့ ဝန်ထမ်းများအတွက် အစိုးရက ဖွင့်လှစ်ပို့ချသော သင်တန်းများတွင် လူ့အခွင့်အရေးသင်ခန်းစာများ ပို့ချခဲ့ပါသည်။ လူ့အခွင့်အရေး နှင့်စပ်လျဉ်း၍ အလှမ်းဝေးသည့် နေရာဒေသများသို့ သွားရောက် ပညာပေးသည့်အစီအစဉ်များကို ပိုမိုကျယ်ပြန့်သည့် လူမှုအသိုက်အဝန်းများ ပါဝင်နိုင်ရေးအတွက် ရည်ရွယ်၍ အစီအစဉ်များ ချမှတ်လျက်ရှိပါသည်။ တိုင်းဒေသကြီးများ၊ ပြည်နယ်များနှင့် မြို့နယ်များမှ နိုင်ငံ့ဝန်ထမ်းများအတွက် online လူ့အခွင့်အရေး သင်တန်းများကို ကျင်းပပြုလုပ်ပေးနိုင်ရန်အတွက် ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP) နှင့်အတူ နည်းလမ်းများ ရှာဖွေဆောင်ရွက်လျက်ရှိပါသည်။
(ဆ) ကော်မရှင်ကို ပြန်လည်ဖွဲ့စည်းခဲ့သည့် ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ (၁၄) ရက်နေ့မှစ၍ ကော်မရှင်သည် အလေးထားရမည့် လူ့အခွင့် အရေးအခြေအနေများနှင့်စပ်လျဉ်းသည့် ကိစ္စရပ်များနှင့် စပ်လျဉ်းသည့် အများပြည်သူသို့ သတင်းထုတ်ပြန်ချက် ၁၅ စောင် ထုတ်ပြန် ခဲ့ပါသည်။ အဆိုပါ ထုတ်ပြန်ချက်များတွင် စည်းကမ်းမဲ့သတ္တု တူးဖော်ရေး လုပ်ဆောင်မှုများကြောင့် လူ့အသက်ပေါင်း များစွာ ဆုံးရှုံးမှုကိစ္စ၊ အမျိုးသမီးများ အခွင့်အရေးအပေါ် ဆိုက်ဘာပေါ် မှ အနိုင့်အထက်ပြုကျင့်မှုများ၊ COVID ကပ်ရောဂါ တိုက်ဖျက်ရေး ကြိုးပမ်းအားထုတ် ဆောင်ရွက်ရာတွင် အားနည်းထိခိုက်လွယ် သည့် အုပ်စုများ၏ အထူးလိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် ကိစ္စ စသည်တို့နှင့် သက်ဆိုင်သည့် သတင်းထုတ်ပြန်ချက်များ ပါဝင်ပါသည်။ ပါရီအခြေခံမူများအရ အမျိုးသားလူ့အခွင့်အရေး အဖွဲ့အစည်း များ၏ အခန်းကဏ္ဍသည် အကြံပြုသည့် အခန်းကဏ္ဍ ဖြစ်သည့်အားလျော်စွာ ကော်မရှင်သည် ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံ အတွက် အရေးအကြီးဆုံးသော စာချုပ်နှစ်ရပ်ဖြစ်သည့် ပြည်သူ့ ရေးရာနှင့် နိုင်ငံရေးအခွင့်အရေးများဆိုင်ရာ အပြည်ပြည်ဆိုင်ရာသဘောတူစာချုပ်သို့ ပါဝင်အတည်ပြုချုပ်ဆိုရန် သို့မဟုတ် အနည်းဆုံး ပါဝင်လက်မှတ်ရေးထိုးရန်အတွက် နိုင်ငံတော်အစိုးရ သို့ အကြံပြုတိုက်တွန်းခဲ့ပြီး ညှဉ်းပန်းနှိပ်စက်မှုဆန့်ကျင်ရေး ကုလသမဂ္ဂသဘောတူစာချုပ်တွင် ပါဝင်ရေးအတွက် စည်းရုံး လှုံ့ဆော်မှုများကိုလည်း စတင်ဆောင်ရွက်လျက် ရှိပါသည်။ ပြည်သူ့ရေးရာနှင့် နိုင်ငံရေး အခွင့်အရေးများ ဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ်သို့ ပါဝင်ချုပ်ဆိုရေးအတွက် သက်ဆိုင်ရာသို့ တင်ပြထားပါသည်။
(ဇ) အရပ်ဘက်အဖွဲ့အစည်းများနှင့် ဆက်ဆံရေး ပိုမိုအားကောင်းစေရန် စီးပွားရေး လုပ်ငန်းနှင့် လူ့အခွင့်အရေး၊ မြေယာဥပဒေပြင်ဆင်ရေး၊ ပုဂ္ဂလိကလုံခြုံရေးကဏ္ဍဆိုင်ရာ စည်းမျဉ်းများပြဋ္ဌာန်းရေး၊ ဒစ်ဂျစ်တယ်အခွင့်အရေးဆိုင်ရာ ပြဿနာရပ်များနှင့် ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာခြင်း တို့နှင့် စပ်လျဉ်း၍ online ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါသည်။ အရပ်ဘက်အဖွဲ့အစည်းများ၏ ပူးပေါင်းပါဝင်မှု ဖြင့် မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ ဟောပြောပွဲနှင့် LGBT အခွင့်အရေးဆိုင်ရာ ဟောပြောပွဲတို့ကို ကျင်းပခဲ့ပါသည်။ ထို့ပြင် ကလေးသူငယ်အခွင့်အရေး၊ မသန်စွမ်းသူများအခွင့်အရေး၊ အမျိုးသမီးများနှင့် မိန်းကလေးငယ်များ အခွင့်အရေးများနှင့် စပ်လျဉ်းသော အလုပ်ရုံဆွေးနွေးပွဲများကို ကော်မရှင်၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။ အဆိုပါ လှုပ်ရှားဆောင်ရွက်မှုများတွင် ကော်မရှင်နှင့် ထိတွေ့ပူးပေါင်း ဆောင်ရွက်ခဲ့သည့် အရပ်ဘက်အဖွဲ့အစည်းများမှာ မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြု ဌာန (MCRB)၊ ညီမျှခြင်းမြန်မာ (Equality Myanmar)၊ NGO Child Rights Working Group (NCRWG)၊ ရွှေမင်းသား ဖောင်ဒေး ရှင်း၊ Democracy Reporting International (DRI)၊ Pen Myanmar ၊ Triangle Women Organization၊ LGBT Rights Network အစရှိသည့် အဖွဲ့အစည်းများ ဖြစ်ပါသည်။ Training of Trainers (TOT) အစီအစဉ်များကိုလည်း ညီမျှခြင်းမြန်မာနှင့် ပူးပေါင်းပြုလုပ်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။ ကော်မရှင်သည် အမျိုးသားလွှတ်တော်၏ နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ကော်မတီအဖွဲ့ဝင် များနှင့် နေပြည်တော်တွင် တွေ့ဆုံခဲ့ပြီး အဖွဲ့နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်နိုင်မည့် နယ်ပယ် ကဏ္ဍများနှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ပါသည်။
(ဈ) နိုင်ငံတကာ လူ့အခွင့်အရေးယန္တရားများနှင့် ထိတွေ့ဆက်ဆံရေး နှင့်စပ်လျဉ်း၍ ကော်မရှင်သည် နိုင်ငံတော်အစိုးရက ကုလသမဂ္ဂသို့ တင်သွင်းရန် တာဝန်ရှိသည့် ကမ္ဘာ့နိုင်ငံအားလုံး၏ လူ့အခွင့်အရေး အခြေအနေကို ပုံမှန်သုံးသပ်သည့် လုပ်ငန်းစဉ် (UPR) အမျိုးသား အဆင့်အစီရင်ခံစာ ပြုစုရာတွင် လွတ်လပ်သည့် အကြံပေးခြင်း အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ခဲ့ပြီး ကော်မရှင်၏ သီးခြား လွတ်လပ်သည့် UPR အစီရင်ခံစာကိုလည်း ကုလသမဂ္ဂသို့ တင်သွင်းခဲ့ပါသည်။ Video Conferencing စနစ် အသုံးပြုကျင်းပ ခဲ့သည့် အရှေ့တောင်အာရှအမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်း များ ဖိုရမ် (Southeast Asia National Human Rights Institutions Forum - SEANF) ၏ လုပ်ငန်းအဖွဲ့ အစည်းအဝေး (၂) ကြိမ်နှင့် ဖိုရမ်၏ (၁၇)ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေး၊ အာရှ-ပစိဖိတ်အမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများဖိုရမ် (Asia Pacific Forum of National Human Rights Institutions - APF) နှင့် အဆင့်မြင့်ဆွေးနွေးပွဲ (High Level Dialogue) နှင့် APF နှစ်ပတ်လည် အစည်းအဝေးတို့တွင် online မှ ပါဝင် တက်ရောက်ခဲ့ပါသည်။ အဆိုပါ အစည်းအဝေးများတွင် ကော်မရှင်မှ ထိရောက်စွာ ပါဝင်တက်ရောက်နိုင်စေရန်အတွက် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) သည် ကော်မရှင်၏ နည်းပညာအခြေခံအဆောက်အအုံ (IT infrastructure) အဆင့်မြှင့် တင်ခြင်းနှင့် ကော်မရှင်ရုံးဝန်ထမ်းများအတွက် IT နည်းပညာ ကျွမ်းကျင်မှု သင်တန်းတို့ကို အချိန်နှင့်တစ်ပြေးညီ ပံ့ပိုးကူညီပေးခဲ့ပါသည်။
(ည) ကော်မရှင်သည် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) နှင့် ပူးပေါင်း၍ စီးပွားရေး လုပ်ငန်းနှင့် လူ့အခွင့်အရေးဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူများ၊ မြန်မာနိုင်ငံ ပုဂ္ဂလိကကဏ္ဍမှ ကိုယ်စားလှယ်များ ပါဝင်သော စီးပွားရေးလုပ်ငန်းနှင့် လူ့အခွင့်အရေးဆိုင်ရာ ဆွေးနွေးပွဲတစ်ရပ်ကို ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ကျင်းပရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။ ကော်မရှင်သည် ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၃ ရက်နေ့မှ ၄ ရက်နေ့အထိ ကျင်းပခဲ့သော အမျိုးသား လူ့အခွင့်အရေး အဖွဲ့အစည်းများဆိုင်ရာ ကမ္ဘာ့အဖွဲ့ကြီး (Global Alliance of National Human Rights Institutions - GANHRI) ၏ နှစ်ပတ်လည် အစည်းအဝေးကို online မှတစ်ဆင့် ပါဝင် တက်ရောက်ခဲ့ပါသည်။
(ဋ) ကော်မရှင်၏ ၂၀၂၀ ပြည့်နှစ်အတွက် လုပ်ငန်းစီမံချက် အကောင် အထည်ဖော် ဆောင်ရွက်ခဲ့သည်များကို ပြန်လည်သုံးသပ်မှုများ ပြုလုပ်၍ ကော်မရှင်၏ ၂၀၂၁ ခုနှစ်အတွက် လုပ်ငန်းစီမံချက်ကို ရေးဆွဲလျက်ရှိပါသည်။ ယခင်နှစ် လုပ်ငန်းစီမံချက်ပါ ရပ်ဆိုင်းခဲ့ရ သည့် ဆောင်ရွက်ရန် ကျန်ရှိသည်များကို အသစ်ရေးဆွဲသည့် စီမံချက်တွင် ပါဝင်မည့် ဆောင်ရွက်ချက် အသစ်များတွင် ပေါင်းစပ် ထည့်သွင်းသွားမည်ဖြစ်ပါသည်။
(ဌ) လက်ရှိတွင် ကော်မရှင်၏ စွမ်းဆောင်ရည်သည် ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ်နှင့် အရပ်ဘက် အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ သင်တန်းများကျင်းပပြုလုပ်ခြင်းဖြင့် သိသိသာသာ မြင့်တက်လာ ခဲ့ပါသည်။ ကော်မရှင်အနေဖြင့် နေပြည်တော်၊ မန္တလေးနှင့် စစ်တွေမြို့များရှိ ကော်မရှင်ရုံးခွဲများအပြင် ရုံးခွဲ (၃) ခုကို ထပ်မံဖွင့်လှစ်ရန် စီစဉ်ထားရှိပြီး ပထမဦးစွာ ဧရာဝတီတိုင်းဒေသကြီးတွင် ရုံးခွဲ (၁) ခုဖွင့်လှစ်သွားပြီးနောက် ကျန်ရုံးခွဲ (၂) ခုအား ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် ဖွင့်လှစ်သွားရန် ရည်ရွယ်ပါသည်။
၄။ COVID-19 ကပ်ရောဂါ အကန့်အသတ်များရှိသည့်ကြားမှာပင် ကော်မရှင်သည် ပါရီအခြေခံမူများ နှင့်အညီ ကော်မရှင်ဥပဒေပါ တာဝန်နှင့် လုပ်ပိုင်ခွင့်များကို ပြည့်မီစေရန်အတွက် အားထုတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ ယနေ့ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့တွင် ကော်မရှင် အနေဖြင့် လူ့အခွင့်အရေးနှင့် အခြေခံလွတ်လပ်ခွင့်တို့အတွက် ရပ်တည်ပြီး ကပ်ရောဂါ၏ ကြီးမားသော သက်ရောက်မှုကိုခံခဲ့ရသော မြန်မာ့လူ့အဖွဲ့အစည်း ပြန်လည်ထူထောင်ရာတွင် အကျိုးပြုပါဝင်ရန်အတွက် ကော်မရှင်၏ အားထုတ် ကြိုးပမ်းမှုများကို မလျှော့ဘဲ ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း အခိုင်အမာ ကတိကဝတ်ပြုပါသည်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်
ရက်စွဲ၊ ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၁၀ ရက်