Skip to main content

Rating စနစ်ကို ထောက်ခံပါတယ်

အခုတလော ရုပ်ရှင်ဇာတ်ကားများ ဖန်တီးရိုက်ကူးမှုတွေနဲ့ ပတ်သက်ပြီး ဆင်ဆာစနစ်နဲ့ စိစစ်ပေးမှုအစား အသက်အပိုင်းအခြားအလိုက် ဇာတ်ကားအဆင့် သတ်မှတ်မှုစနစ် (Rating System) ကို ပြောင်းလဲဆောင်ရွက်လိုကြောင်း ပြောဆိုရေးသားမှုတွေရှိနေတာကို တွေ့နေရပါတယ်။

တကယ်တော့ စာပေ၊ ဂီတ၊ ရုပ်ရှင်၊ သဘင်စတဲ့ အနုပညာနယ်ပယ် အသီးသီးမှာ ဆင်ဆာစနစ်ရဲ့ ဖြတ်တောက်၊ တည်းဖြတ်၊ တားမြစ်ပိတ်ပင်မှုများစွာကို နှစ်ပေါင်း များစွာ ကြုံတွေ့ခဲ့ကြတဲ့ ကျွန်တော်တို့အားလုံးအတွက် ဆင်ဆာဆိုတဲ့စကားလုံးနဲ့ ဆင်ဆာအဖွဲ့ရဲ့လုပ်ဆောင်ချက်တွေအပေါ် မနှစ်မြို့ကြတာ၊ ကြောက်လန့်ခဲ့ကြတာဟာ အပြစ်ပြောစရာတော့ ဟုတ်မယ်မထင်ပါဘူး။

ဒီနေ့ ထုတ်ဖော်ပြောဆိုလာတဲ့ ဆင်ဆာစနစ် ဖျက်သိမ်းရေးကိစ္စဟာ ရုပ်ရှင်လောကသား မည်မျှကို ကိုယ်စားပြုပြီး ပြောဆိုနေတယ်ဆိုတာ မသိပေမယ့် သူတို့လိုလားတဲ့ ဇာတ်ကားအဆင့် သတ်မှတ်မှုစနစ် (Rating System) ကို ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ ကန့်ကွက်စရာမရှိဘူးလို့ ဦးစွာပြောကြား လိုပါတယ်။ အဲဒီလို ဆင်ဆာစနစ်အစား Rating System ကို ပြောင်းလဲကျင့်သုံး ဖို့ဆိုရင် ပထမဆုံးစဉ်းစားသင့်တာက Rating စနစ်ကို သတ်မှတ်ပေးမယ့် အဖွဲ့အစည်းတွေ ရှိဖို့လိုတယ်။ အဲဒီအဖွဲ့အစည်းတွေမှာ ဘယ်သူတွေကို တာဝန်ပေးမယ်ဆိုတာ စဉ်းစားကြဖို့လိုပါတယ်။ Rating စနစ်ရဲ့ အကျိုး/ အပြစ်တွေကို သေသေချာချာ ခွဲခြမ်းစိတ်ဖြာပြီး လက်တွေ့ကျင့်သုံးနိုင်ဖို့လည်း လိုအပ်တယ် လို့ အကြံပြုလိုပါတယ်။

ဆင်ဆာစနစ်ကြောင့် အနုပညာဖန်တီးမှု ထိခိုက်နေပြီလား

မကြာသေးမီက အကယ်ဒမီလူမင်း ဒါရိုက်တာအဖြစ် ရိုက်ကူးထားတဲ့ မေတ္တာဖွဲ့ ရုပ်ရှင်ဇာတ်ကားကြီး “နို့ဘီလူး”ဟာ ရုရှားနိုင်ငံ၊ ဘူတန်နိုင်ငံနဲ့ အိန္ဒိယနိုင်ငံတို့မှာ ပြုလုပ်တဲ့ ရုပ်ရှင်ပွဲတော်တွေမှာ ဆုတွေအများကြီး ဆွတ်ခူးရရှိခဲ့တာ အားလုံးသိပြီးဖြစ်မယ်ထင်ပါတယ်။ ရုရှားနိုင်ငံမှာ Best Director Winner ဆု၊ ဘူတန်နိုင်ငံမှာ ထူးချွန်ဆု(၄)ဆု၊ အိန္ဒိယနိုင်ငံမှာ ထူးချွန်ဆု(၅)ဆု ရရှိခဲ့တယ်ဆိုတဲ့ သတင်းဟာ မီဒီယာတွေမှာ ပျံ့နှံ့လာခဲ့ပါတယ်။ ဆင်ဆာ စနစ်ကြောင့် ရုပ်ရှင်အနုပညာဖန်တီးမှုတွေ ထိခိုက်နေတယ်။ ဆင်ဆာစနစ်ကြောင့် နိုင်ငံတကာပြိုင်ပွဲတွေမှာ တန်းမဝင်ဘူးဆိုပြီး ပြောဆိုနေကြ သူတွေအတွက် အံ့သြသွားမလားတော့မသိပါဘူး။ အခုလို ဆုတွေတန်းစီပြီး ဆွတ်ခူးခဲ့တာဟာ ဆင်ဆာစနစ်ကြောင့် မဟုတ်သလို ဆုတွေနဲ့ လွဲချော်ခဲ့ရင်လည်း ဆင်ဆာစနစ်ကြောင့်လို့ လက်ညိုးထိုးပြောဖို့ မသင့်ဘူးလို့ထင်ပါတယ်။ ရုပ်ရှင်ဖန်တီးသူရဲ့ အနုပညာမြောက်ထုဆစ်မှုနဲ့သာ အဓိကသက်ဆိုင်တယ်လို့ ပြောကြားလိုပါတယ်။

ဒီနေ့အချိန်မှာ ဆင်ဆာစနစ် ကျင့်သုံးနေရတဲ့ အဓိကအကြောင်းရင်းကို ပြန်ကြည့်ရင် တည်ဆဲ ၁၉၉၆ ခုနှစ် ရုပ်ရှင်ဥပဒေ အခန်း(၄)နဲ့ ၁၉၉၆ ရုပ်မြင်သံကြားနဲ့ ဗီဒီယိုဥပဒေ အခန်း(၇)ပါ ပြဋ္ဌာန်းချက်တွေအရ ဆောင်ရွက်နေရခြင်းသာဖြစ်ပြီး မြန်မာ့ရုပ်ရှင်ဥပဒေသစ်တစ်ရပ် ပေါ်ပေါက်လာတဲ့ အချိန်မှာ အဲဒီ ဥပဒေတွေ၊ ဆင်ဆာစနစ်တွေဟာလည်း လုံးဝပျောက်ကွယ်သွားမှာ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့်ပြောရရင် ယခုကျင့်သုံးနေရတဲ့ ဆင်ဆာစနစ်ကြီးကို မလွှဲသာလို့သာ ကျင့်သုံးနေရတာ ဖြစ်ပြီး Rating စနစ်ကျင့်သုံးဖို့အတွက် အဆင်သင့်မဖြစ်သေးမီ (သို့မဟုတ်) မြန်မာ့ရုပ်ရှင်ဥပဒေ မပြဋ္ဌာန်းမီ အချိန်ကာလမှာ တည်ဆဲဥပဒေအရ ဆောင်ရွက်နေရတာ ဖြစ်တယ်ဆိုတာကို နားလည်ပေးစေချင်ပါတယ်။

ဆင်ဆာစနစ်ဟာ ရုပ်ရှင်အနုပညာ ဖန်တီးမှုတွေကို ကန့်သတ်နေတယ် ဆိုတဲ့ ပြောဆိုချက်တွေအပေါ် ငြင်းချက်ထုတ်ဖို့ မကြိုးစားလိုပေမယ့် ဆင်ဆာ စနစ်ကြောင့် အနုပညာလောကတစ်ခုလုံး ထိခိုက်နစ်နာ ရတယ်ဆိုတဲ့ ပြောဆို ချက်တွေအပေါ်မှာတော့ စိတ်မကောင်းဖြစ်ခဲ့ရတာ အမှန်ပါပဲ။

တကယ်တော့ ရုပ်ရှင်နှင့်ဗီဒီယို ဆင်ဆာအဖွဲ့ကို ပြန်ကြည့်ရင် ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ (၃) ဦးသာပါဝင်ပြီး မြန်မာနိုင်ငံ ရုပ်ရှင်အစည်း အရုံးမှ တာဝန်ပေးသူ (၅) ဦး၊ မြန်မာနိုင်ငံ ဂီတအစည်းအရုံးမှ တာဝန်ပေးသူ (၁)ဦး၊ ရုပ်ရှင်နှင့် စာပေအနုပညာ ကျွမ်းကျင်သူ(၄)ဦး၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ကိုယ်စားလှယ်(၁)ဦး၊ ဥပဒေဆိုင်ရာ ကျွမ်းကျင်သူ နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဆိုင်ရာ လုပ်ငန်းများကို နားလည်သိရှိသူ အငြိမ်းစား ဝန်ထမ်း(၂)ဦး စုစုပေါင်း(၁၆)ဦး ပါဝင်ကြပါတယ်။

အဲဒီလို ဆင်ဆာအဖွဲ့မှာ ပါဝင်ကြတဲ့သူတွေဟာ ရုပ်ရှင်အနုပညာကို လုံးဝနားမလည်သူတွေ၊ လူ့သဘောသဘာဝနဲ့ လူ့အဖွဲ့အစည်းတစ်ရပ်အပေါ် နားလည်မှုမရှိသူတွေ၊ ဥပဒေလုပ်ထုံးလုပ်နည်းများကို မသိနားမလည်သူတွေ မဟုတ်ကြဘဲ ရုပ်ရှင်အနုပညာနဲ့ပတ်သက်ပြီး ကိုယ်တိုင်သရုပ်ဆောင်/ ရိုက်ကူးထုတ်လုပ်ခဲ့ကြသူတွေ၊ ကိုယ်တိုင်စာပေရေးသား အောင်မြင်နေသူတွေ၊ မြန်မာစာ မြန်မာစကားကို တတ်ကျွမ်းနားလည်သူတွေ၊ ဥပဒေလုပ်ထုံးလုပ်နည်းများကို သိရှိနားလည်သူတွေ၊ မြန်မာ့ဓလေ့ ထုံးတမ်းစဉ်လာများကို သိရှိ နားလည်ထားကြသူတွေ၊ မြန်မာ့လူမှုဓလေ့စရိုက်နဲ့ “စံ” တန်ဖိုးထားမှုတွေကို လေးစားမြတ်နိုးသူတွေဆိုတာ တွေ့ရမှာဖြစ်ပါတယ်။

ဆင်ဆာအဖွဲ့ဝင်အချို့ဟာ အနုပညာကို ကိုယ်တိုင်ဖန်တီးပုံဖော်ခဲ့ဖူးကြသလို အနုပညာနယ်ပယ်မှာ အောင်မြင်ခဲ့ကြသူတွေ၊ ရုပ်ရှင်အနုပညာနဲ့ အသက်မွေးဝမ်းကျောင်းပြုခဲ့ကြသူတွေ၊ ရုပ်ရှင်အနုပညာကို ချစ်ခင်မြတ်နိုး တန်ဖိုးထားသူတွေ၊ ရုပ်ရှင်ကို နက်နက်နဲနဲ ခံစားနားလည်ပေးတတ်သူတွေ ဖြစ်ကြတဲ့ အတွက် ရုပ်ရှင်လောကသားအချို့ စွပ်စွဲပြောဆိုကြသလို အနုပညာ ဖန်တီးမှုတွေအပေါ် ကန့်သတ် ပိတ်ပင်တားဆီးစေလိုတဲ့ ရည်ရွယ်ချက် မရှိကြတာ အမှန်ပါပဲ။ အချို့အဖွဲ့ဝင်တွေဟာ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးကြီးကို ကိုယ်စားပြုပါဝင်ကြတဲ့ ပုဂ္ဂိုလ်တွေဖြစ်တဲ့အတွက် ရုပ်ရှင်ဇာတ်ကားဖန်တီး ထုတ်လုပ်မှုတွေအပေါ် အပျက်သဘော ပြုမူစဉ်းစားဆောင်ရွက်နေကြသူတွေ မဟုတ်ကြဘူးဆိုတာကိုလည်း နားလည် ပေးစေလိုပါတယ်။

ဆင်ဆာလို့ ပြောလိုက်တာနဲ့ လူအများရဲ့စိတ်ထဲမှာ ပိတ်ပင်တားမြစ်မှု၊ ကန့်သတ်တားဆီးမှုတွေကို လုပ်ဆောင်နေတဲ့အဖွဲ့လို့ ဦးစွာတွေးမြင် တတ်ကြပါတယ်။ ယခု ရုပ်ရှင်နဲ့ဗီဒီယိုဆင်ဆာအဖွဲ့ဟာ ယခင်တည်ရှိခဲ့တဲ့ စာပေစိစစ်ရေးတို့လို အစိုးရဌာနတစ်ခုတည်းကသာ တာဝန်ယူဆောင်ရွက်ကြတဲ့ ဆင်ဆာအဖွဲ့မျိုး မဟုတ်ဘဲ ဆင်ဆာအဖွဲ့ဝင် (၁၆) ဦးမှာ (၃) ဦးသာ ပြန်ကြားရေးဝန်ကြီးဌာနက ပါဝင်ပြီး သူတို့ (၃) ဦးဟာလည်း ရုံးလုပ်ငန်းသဘောအရ ညှိနှိုင်းဆောင်ရွက် ပေးရတာသာဖြစ်ပြီး အဆုံးအဖြတ်ပေးခွင့်ရှိသူများ မဟုတ်ပါဘူး။ အခြား ဆင်ဆာအဖွဲ့ဝင်တစ်ဦးချင်း နည်းတူသာ မိမိသဘောထားကို ဆွေးနွေးခွင့်ရသူ များဖြစ်ပါတယ်။ ကျန်တဲ့အဖွဲ့ဝင်တွေဟာ ရုပ်ရှင်လောက၊ စာပေလောကမှ ပုဂ္ဂိုလ်တွေ၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး၊ မြန်မာနိုင်ငံဂီတအစည်းအရုံးမှ ကိုယ်စားလှယ်တွေ၊ ဥပဒေပညာရှင်တွေ၊ သာသနာရေးနှင့် ယဉ်ကျေးမှုရေးရာ နားလည်တတ်ကျွမ်းသူတွေ ပါဝင်ကြတာဖြစ်လို့ ရုပ်ရှင်ဇာတ်ကားတစ်ကားကို မတူညီတဲ့ ရှုထောင့်မျိုးစုံက ကြည့်ရှုဝေဖန်အကြံပြုချက်တွေ ပေးနေတာ ဖြစ်ပါတယ်။ အချို့ပုဂ္ဂိုလ်များ ပြောဆိုနေကြသလို အစိုးရဌာနတစ်ခုက တာဝန်ယူ ဆောင်ရွက်နေတဲ့ ဆင်ဆာအဖွဲ့အစည်းတစ်ခု မဟုတ်ဘူးဆိုတာ ကိုလည်း သိရှိ ကြစေလိုပါတယ်။

ယခင်က ဆင်ဆာအဖွဲ့အပေါ် ဝေဖန်ထောက်ပြပေးခဲ့တဲ့ အနုပညာရှင်ကြီး တချို့ကို ဆင်ဆာအဖွဲ့အသစ် ပြန်လည်ဖွဲ့စည်းချိန်မှာ ကိုယ်တိုင်ပါဝင် ဆောင်ရွက်ပေးပါလားလို့ ကမ်းလှမ်းတဲ့အခါ သူတို့အနေနဲ့ မလုပ်နိုင်ပါဘူးဆိုပြီး ငြင်းပယ်ခဲ့တာ ကြုံခဲ့ဖူးပါတယ်။ အဲဒီဖြစ်စဉ်ကို ကြည့်ရင်တော့ ဆင်ဆာအဖွဲ့ဝင် တွေထဲမှာ အချို့ပုဂ္ဂိုလ်တွေဟာ တာဝန်အရ ပါဝင်ကြရပါတယ်။ အချို့ပုဂ္ဂိုလ် တွေဟာ ကိုယ်တိုင်ဆန္ဒမရှိသော်လည်း သူတို့ နားလည်တတ်ကျွမ်းမှုတွေအပေါ် ပါဝင်နေကြရ ပါတယ်။ အချို့ပုဂ္ဂိုလ်တွေကတော့ သက်ဆိုင်ရာအဖွဲ့အစည်းတွေက တာဝန်ပေးလို့ ပါဝင်နေကြတာဖြစ်တဲ့ အတွက် ဆင်ဆာလုပ်ငန်းတွေအပေါ် အဆင်မပြေမှုတွေ ကြုံတွေ့ကြရတဲ့အခါ ဆက်သွယ်ဆွေးနွေး အကြံပြုပေးကြပါ၊ ညှိနှိုင်းပေါင်းစပ်ပေးကြပါလို့ မေတ္တာရပ်ခံလိုပါတယ်။ အကယ်၍ ဆင်ဆာအဖွဲ့ဝင် တွေရဲ့ လုပ်ဆောင်မှုတွေဟာ အားနည်းချက်တွေဖြစ်ပေါ်ပြီး ကျေနပ်အားရမှု မရှိခဲ့ဘူးဆိုပါကလည်း ကိုယ်တိုင်ပါဝင်အားဖြည့်ပေးကြပါလို့ ဖိတ်ခေါ်ပြောကြားလိုပါတယ်။

အဖြေရှာကြရအောင်

ယနေ့ အွန်လိုင်းပေါ်တွင် ဆင်ဆာနဲ့ပတ်သက်ပြီး ရေးကြ ပြောကြ ဆွေးနွေးကြတာတွေဟာ အနာဂတ်ရုပ်ရှင်လောက ဖွံ့ဖြိုးဖို့အတွက် စဉ်းစားဆင်ခြင်ရမယ့် အချက်တွေလို့ မြင်ပါတယ်။ ရုပ်ရှင်ဟာ ပြည်သူ့အတွက်လို့ ကြွေးကြော် ထားကြတဲ့ ရုပ်ရှင်လောကသားတွေအနေနဲ့ မိမိတို့ရဲ့ အကျိုးစီးပွားကို ထည့်သွင်းစဉ်းစားဆောင်ရွက်ရမှာဖြစ်သလို အများပြည်သူရဲ့ အကျိုးစီးပွားကိုလည်း ထည့်သွင်းစဉ်းစား ဆောင်ရွက်ပေးကြရမှာ ဖြစ်ပါတယ်။ တစ်နည်းအား ဖြင့်ပြောရရင် မိမိတို့ စိတ်တိုင်းကျ လွတ်လပ်စွာ ဖန်တီးရိုက်ကူးနိုင်ဖို့ ကြိုးစား ရမှာဖြစ်သလို မိမိတို့ ဖန်တီးထုတ်လုပ်လိုက်တဲ့ အနုပညာပစ္စည်းကို ကြည့်ရှုကြတဲ့ အများပြည်သူအကျိုးစီးပွား မထိခိုက်အောင်၊ မြန်မာ့လူ့အဖွဲ့အစည်း၊ မြန်မာ့လူ့အသိုင်း အဝိုင်းမှာ ပါဝင်သူအားလုံး မထိခိုက်အောင်ပြဖို့၊ ဖန်တီးဖို့ လည်း လိုအပ်လိမ့်မယ်လို့ ထင်မြင်မိပါတယ်။

မကြာသေးခင်နှစ်များအတွင်းက ရိုက်ကူးခဲ့ကြတဲ့ ရုပ်ရှင်ဇာတ်ကား တွေမှာ သူနာပြု/ သားဖွား ဆရာမတွေ၊ ကျောင်းသား ကျောင်းသူတွေ၊ ဆရာ ဆရာမတွေနဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဆိုင်ရာ ဇာတ်ဝင်ခန်းတွေကို ရိုက်ကူးပြသ ကြတဲ့အခါ သက်ဆိုင်ရာအဖွဲ့အစည်းအလိုက် ဝတ်စားဆင်ယင်မှု လွဲမှားကြတာတွေ၊ အဆောင်အယောင် လွဲမှားနေကြတာတွေ ရှိခဲ့တဲ့အတွက် ဝေဖန် ကန့်ကွက်မှုတွေ ကြုံတွေ့ခဲ့ရပါတယ်။

ဒါ့အပြင် ဘာသာရေး၊ လူမျိုးရေး အမုန်းတရားများ ဖန်တီးလှုံ့ဆော်မှု ဖြစ်ခဲ့တာတွေ၊ မြန်မာလူမျိုးတိုင်း တန်ဖိုးထားဂုဏ်ယူကြတဲ့ ပုဂံယဉ်ကျေးမှု အမွေအနှစ်တစ်ခုလုံးရဲ့ ပုံရိပ်ကို များစွာညှိုးနွမ်းစေခဲ့တာတွေ၊ လူပုဂ္ဂိုလ်အမည် နဲ့ ဂုဏ်သိက္ခာထိခိုက်စေခဲ့တာတွေ၊ မသန်စွမ်းသူတွေကို ထိခိုက်စေခဲ့တာတွေ ကြောင့် သက်ဆိုင်ရာ ဘာသာရေးအဖွဲ့အစည်းတွေ၊ သက်ဆိုင်ရာ အသင်းအဖွဲ့တွေ၊ သက်ဆိုင်ရာပုဂ္ဂိုလ်တွေက ကန့်ကွက်တိုင်ကြားမှုတွေ ကြုံခဲ့ရတဲ့အတွက် ဆင်ဆာအဖွဲ့အနေနဲ့ ပြေရာပြေကြောင်း ညှိနှိုင်းပြောဆို ဆောင်ရွက်ပေးခဲ့ရတာတွေ ရှိခဲ့ပါတယ်။

အဲဒီအခြေအနေတွေကို ပြန်ကြည့်ရင် ဆင်ဆာအဖွဲ့အနေနဲ့ လွတ်လပ်စွာ အနုပညာဖန်တီး ထုတ်လုပ်မှုတွေအပေါ် ကန့်သတ်တားမြစ်ခြင်းမဟုတ်ဘဲ ငွေကြေးအားဖြင့်ဖြစ်စေ၊ အချိန်အားဖြင့် ဖြစ်စေ၊ အနုပညာအားဖြင့်ဖြစ်စေ စိုက်ထုတ်ဆောင်ရွက်ခဲ့ကြတဲ့ အနုပညာပစ္စည်းကို ပိုပြီးအပြစ် ကင်းစင်စေဖို့၊ အလွန်အကျွံ ရိုက်ကူးပြသမှုတွေကြောင့် နောက်ဆက်တွဲ ပေါ်ပေါက်လာမယ့် ဘေးထွက် ဆိုးကျိုးတွေကို ပြေပျောက်စေဖို့အတွက် စေတနာနဲ့ ဝေဖန်ထောက်ပြ ပြင်ဆင်စေခဲ့တယ်ဆိုတာ နားလည်ပေးစေ လိုပါတယ်။

သတင်းစာ၊ ဂျာနယ်နဲ့ ရုပ်သံလိုင်းတွေမှာ ဆင်ဆာမရှိဘဲ ရုပ်ရှင်မှာ ဆင်ဆာရှိနေတာဟာ မဖြစ်သင့် မဖြစ်ထိုက်ဘူးဆိုတဲ့ ထင်မြင်ယူဆချက်အချို့ ရှိနေတာကိုလည်း သတိပြုမိခဲ့ပါတယ်။ အဲဒီအချက်နဲ့ ပတ်သက်ပြီး ပြောချင် တာကတော့ သတင်းစာ၊ ဂျာနယ်တွေမှာ စာတည်းအဖွဲ့တွေ ထားရှိပြီး မိမိတို့ ဘာသာတည်းဖြတ် ဆောင်ရွက်နေကြတာတွေ၊ စောင်ရေကန့်သတ်ချက်ဖြင့် ပျံ့နှံ့နိုင်တာတွေ၊ သတင်းစာ၊ ဂျာနယ်၊ ရုပ်သံလိုင်းများရဲ့ ပရိသတ်အင်အားနဲ့ ရုပ်ရှင်ပရိသတ် အင်အားအချိုးအစား မတူညီတာတွေ၊ ရုပ်ရှင်ကားတစ်ကားကို တစ်နိုင်ငံလုံး တစ်ပြိုင်နက်ပြသနိုင်ပြီး နိုင်ငံတစ်ဝန်းလုံးအပေါ် လွှမ်းခြုံနိုင်တာ တွေ၊ အရုပ်အသံကို ပေါင်းစပ်ထားတဲ့ ရုပ်ရှင်အနုပညာဟာ အခြားမီဒီယာတွေ ထက် ပရိသတ်ကို ညှို့ငင်ဖမ်းစားပြီး လွှမ်းမိုးနိုင်တာတွေ၊ သတင်းစာ၊ ဂျာနယ် နှင့် ရုပ်သံလိုင်းများနှင့် ပတ်သက်၍ သတင်းမီဒီယာဥပဒေ၊ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေများနဲ့ ကျင့်ဝတ်တွေ၊ စည်းကမ်းတွေကို ရေးဆွဲ လိုက်နာစေတာတွေကို သိစေမြင်စေချင်မိပါတယ်။

လွတ်လပ်ခွင့်ဆိုတာ လူတိုင်းနှစ်သက်ကြတဲ့ အခွင့်အရေးတစ်ခုဖြစ်ပါတယ်။ ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်း အပိုဒ်(၁၉)မှာ လူတိုင်းဟာ လွတ်လပ်စွာ ထင်မြင်ယူဆခွင့်နဲ့ လွတ်လပ်စွာ ထုတ်ဖော်ခွင့် ရှိတယ်ဆိုပြီး လူသားတစ်ဦးရဲ့ လွတ်လပ်ခွင့်ကို ဖော်ပြထားတာကို တွေ့ရပါတယ်။

ရုပ်ရှင်အနုပညာသမားများအနေနဲ့ လွတ်လပ်စွာ ဖန်တီးရိုက်ကူးပြသ လိုခြင်းဟာ လူသားတစ်ဦးရဲ့ သဘာဝကျတဲ့ လိုလားမှုတစ်ခုသာ ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့အားလုံး သတိမမေ့ဖို့လိုတာက ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်း အပိုဒ် (၂၉)မှာ “မိမိ၏ အခွင့်အရေးများနဲ့ လွတ်လပ်ခွင့်များကို ကျင့်သုံးရာတွင် လူတိုင်းသည် အခြားသူများ၏ အခွင့်အရေးများနှင့် လွတ်လပ် ခွင့်များကို အသိအမှတ်ပြု၍ လေးစားရန် အလို့ငှာလည်းကောင်း၊ ဒီမိုကရေစီ လူ့အဖွဲ့အစည်းတွင် တရားမျှတသော လိုအပ်ချက်များဖြစ်သည့် ကိုယ်ကျင့် တရား၊ အများပြည်သူ အေးချမ်းသာယာရေးနှင့် အကျိုးစီးပွား ဖြစ်ထွန်းရေးတို့ကို ဖြည့်ဆည်းရန်အလို့ငှာလည်းကောင်း၊ ဥပဒေအရ သတ်မှတ်ထားသည့် ကန့်သတ်ချက်များ အတိုင်းသာ ကျင့်သုံးပိုင်ခွင့်ရှိသည်” လို့ ဖော်ပြထားတဲ့ အတွက် ကျွန်တော်တို့ အားလုံးဟာ စည်းစနစ်တကျသာ လွတ်လပ်စွာ နေထိုင်ပြုမူ လုပ်ကိုင်ဆောင်ရွက်သင့်တယ်လို့ သတိပြုစေချင်ပါတယ်။

ဆင်ဆာအဖွဲ့ရဲ့ စိစစ်ခြင်း၊ အကြံပြုခြင်းများဟာ ရုပ်ရှင်လောကသား တစ်ဦးချင်းရဲ့ အခွင့်အရေးနဲ့ အကျိုးစီးပွားတစ်ခုတည်းအတွက်သာ ရှေးရှု ဆောင်ရွက်ရတာမဟုတ်ဘဲ အများပြည်သူရဲ့ အကျိုးစီးပွားနဲ့ အခွင့်အရေးတွေကိုလည်း ထည့်သွင်းစဉ်းစားဆောင်ရွက်ရတာဖြစ်တဲ့အတွက် ဆက်စပ်နားလည် ပေးကြပါလို့ မေတ္တာရပ်ခံလိုပါတယ်။

အကယ်၍ ဆင်ဆာအဖွဲ့ရဲ့ ဆုံးဖြတ်ချက်များဟာ ရုပ်ရှင်ဇာတ်ကား ရိုက်ကူးထုတ်လုပ်မှုတွေအပေါ် ထိခိုက်နစ်နာခဲ့ပါကလည်း တည်ဆဲရုပ်ရှင်ဥပဒေ အခန်း(၇)မှာ ဖော်ပြထားတဲ့ အယူခံခြင်းဆိုင်ရာ အခွင့်အရေးတွေကို အသုံးချပြီး ဆောင်ရွက်ကြခြင်းသာ ကျွန်တော်တို့အားလုံးအတွက် မှန်ကန်တဲ့ အဖြေရှာ ခြင်းတစ်ခုလို့ တင်ပြလိုပါတယ်။

Rating စနစ်အတွက် အဆင်သင့်ဖြစ်ပြီလား

ယနေ့ ရုပ်ရှင်လောကသားအချို့ လိုလားနေတဲ့ Rating စနစ် ကျင့်သုံးရေး နဲ့ပတ်သက်ပြီး ပြန်ကြားရေးဝန်ကြီးဌာနက သဘောတူတယ်လို့ အထက်မှာ ပြောကြားထားပြီးဖြစ်ပါတယ်။

တကယ်လို့ Rating စနစ်ကို ကျင့်သုံးကြမယ်ဆိုရင် ဒါရိုက်တာတစ်ဦး ရဲ့အမြင်၊ သရုပ်ဆောင်တစ်ဦးရဲ့ အမြင်နဲ့သာ လုပ်ဆောင်လို့ရတာမဟုတ်ဘဲ ရုပ်ရှင်လောကနဲ့ ဆက်စပ်ပတ်သက်နေကြတဲ့ ထုတ်လုပ်သူတွေရဲ့ အမြင်၊ ရုပ်ရှင်ရုံပိုင်ရှင်တွေရဲ့အမြင်၊ သရုပ်ဆောင်အသီးသီးရဲ့အမြင်တွေကိုပါ ထည့်သွင်းစဉ်းစား ဆောင်ရွက်ကြမှာဖြစ်ပါတယ်။ Rating စနစ် ကျင့်သုံးရေး ကိစ္စဟာ ရုပ်ရှင်လောက တစ်ခုလုံးကို ပြောင်းလဲရိုက်ခတ်မှု များစွာဖြစ်ပေါ်စေမှာ ဖြစ်တဲ့အတွက် ရုပ်ရှင်လောကသားတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတွေအားလုံး ပူးပေါင်း ဆောင်ရွက် ကြရမယ့် ကိစ္စဖြစ်တယ်လို့ မြင်ပါတယ်။

ဥပမာအားဖြင့် ဒါရိုက်တာတစ်ဦးက ဖန်တီးရိုက်ကူးလိုက်တဲ့ ရုပ်ရှင် ဇာတ်ကားတစ်ကားကို Rating သတ်မှတ်ချက်ကြောင့် အသက်အရွယ်ပိုင်းခြား ပြသခံရပြီး ထုတ်လုပ်သူများနှင့် ရုပ်ရှင်ရုံပိုင်ရှင်များ ဝင်ငွေလျော့နည်း ထိခိုက် မှုရှိနိုင်ခြင်း၊ ရုပ်ရှင်ရုံများက အသက်အရွယ် စိစစ်ဆောင်ရွက်ရန် အခက်အခဲ ရှိခြင်း စတဲ့ အကျိုးဆက်တွေကိုလည်း ထည့်သွင်းစဉ်းစားထားကြရမှာ ဖြစ်ပါ တယ်။

ဒါကြောင့်မို့ ဆင်ဆာကို အစားထိုးမယ့် Rating စနစ်နဲ့ပတ်သက်လို့ ဇာတ်ကားအဆင့် ခွဲခြားသတ်မှတ်တဲ့ အပိုင်းမှာ‌ရော၊ သတ်မှတ်ချက်များအတိုင်း လက်တွေ့အကောင်အထည်ဖော်မယ့် လုပ်ထုံးလုပ်နည်းများအတွက်ပါ ညှိနှိုင်း စီစဉ်ကြဖို့ လိုအပ်မှာဖြစ်ပါတယ်။

သဘောထားအမှန်

ဒီနေ့အချိန်မှာ မြန်မာ့ရုပ်ရှင် ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အားလုံးက အာသီသပြင်းပြနေကြပါတယ်။ ဒီလိုအခြေအနေမှာ ကျွန်တော်တို့အားလုံး လိုချင်၊ ဖြစ်ချင်တဲ့ အဖြေတစ်ခုကို အာရုံစူးစိုက်ပြီး ညှိနှိုင်းဆောင်ရွက်တဲ့ နည်းလမ်းနဲ့ဆောင်ရွက်ရင် ပိုပြီးအလုပ်ဖြစ်နိုင်မယ်လို့ ထင်ပါတယ်။

ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ကတော့ မြန်မာ့ရုပ်ရှင်ဥပဒေကို ရုပ်ရှင် လောကနဲ့ ရုပ်ရှင်ကြည့် ပရိသတ်များရဲ့ အကျိုးအတွက် လိုအပ်ချက်တွေနဲ့အညီ ရုပ်ရှင်လောကသားတွေနဲ့ ပူးပေါင်းပြီး အမြန်ဆုံးရေးဆွဲဆောင်ရွက်လိုတဲ့ ဆန္ဒရှိသလို ရုပ်ရှင်လောကသားများ လိုလားတဲ့ အသက်အပိုင်း အခြားအလိုက် ဇာတ်ကားအဆင့် သတ်မှတ်မှုစနစ် (Rating System) ကျင့်သုံးဆောင်ရွက်ရေး ကိုလည်း သဘောတူညီပါတယ်လို့ အတိအလင်း ပြောကြားအပ်ပါတယ်။

အေးကြွယ် (ပြန် / ဆက်)