Skip to main content

ပြည်ပနိုင်ငံများတွင် အခက်အခဲတွေ့နေသည့် မြန်မာနိုင်ငံသားများအား ပြန်လည်ခေါ်ဆောင်

နေပြည်တော် ဒီဇင်ဘာ ၉

နိုင်ငံတကာခရီးသည်တင်လေယာဉ်များ ပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် မလေးရှားနိုင်ငံ၌ အခက် အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား ၁၇၃ ဦးအား ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးမှစီစဉ်သည့် မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်း(MAI) ကယ်ဆယ်ရေး လေယာဉ်ဖြင့် ပြန်လည် ခေါ်ဆောင်ခဲ့ရာ ယနေ့ ညနေ ၅ နာရီခွဲတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေ ချောမွေ့စွာ ပြန်လည်ရောက်ရှိခဲ့ကြသည်။

ထို့ပြင် ပြည်ပနိုင်ငံများတွင် စာချုပ်သက်တမ်း ကုန်ဆုံး၍ အခက်အခဲကြုံတွေ့နေရသည့် မြန်မာသင်္ဘော သားများအား ဆိုးလ်မြို့ရှိ မြန်မာသံရုံးနှင့် မြန်မာသင်္ဘော သားအလှည့်ကျ ဝန်ထမ်းပြောင်းလဲခြင်း အကူအညီပေးရေး ကော်မတီ (CCSC) တို့မှ ပူးပေါင်းစီစဉ်သည့် မြန်မာအပြည် ပြည်ဆိုင်ရာလေကြောင်း (MAI) ကယ်ဆယ်ရေးလေယာဉ်ဖြင့် ကိုရီးယားသမ္မတနိုင်ငံ အင်ချွန်းအပြည်ပြည်ဆိုင်ရာ လေဆိပ်မှ တစ်ဆင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ ည ၇ နာရီခွဲတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အဆင် ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိခဲ့ကြသည်။ အဆိုပါ ကယ်ဆယ်ရေးလေယာဉ်တွင် ကိုရီးယားသမ္မတနိုင်ငံမှ ၉၆ ဦး၊ စင်ကာပူမှ တစ်ဦး၊ ပြင်သစ်မှ တစ်ဦး၊ ချီလီမှ သုံးဦး၊ ဖိလစ်ပိုင်မှ ကိုးဦး၊ အီဂျစ်မှ တစ်ဦး၊ တူရကီမှ သုံးဦး၊ ပနားမား မှ ၁၂ ဦး၊ အင်ဒိုနီးရှားမှ ငါးဦး၊ မြန်မာသင်္ဘောသား စုစုပေါင်း ၁၃၁ ဦး လိုက်ပါခဲ့ကြသည်။

၎င်းတို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိချိန်တွင် လူဝင်မှုကြီးကြပ်ရေး၊ ကျန်းမာရေး စစ်ဆေးရေး၊ သီးသန့်စီစဉ်ပေးသည့် နေရာ/သတ်မှတ် ဟိုတယ်များ၌ အသွားအလာကန့်သတ်မှု ခုနစ်ရက်နှင့်နေအိမ်တွင် အသွားအလာကန့်သတ်မှု ခုနစ်ရက် နေထိုင်စေ ရေးတို့ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တို့က သက်ဆိုင်ရာ အခန်းကဏ္ဍအလိုက် တာဝန်ယူ ဆောင်ရွက်ပေးခဲ့သည်။

ပြည်ပနိုင်ငံများတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာသင်္ဘောသားများအား ပြန်လည် ခေါ်ဆောင်ရန် Coronavirus Disease 2019(COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏လမ်းညွှန်ချက်နှင့်အညီ နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ သက်ဆိုင်ရာနိုင်ငံများရှိ မြန်မာသံရုံးများ၊ သင်္ဘောကုမ္ပဏီများ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သတင်းစဉ်