နေပြည်တော် ဒီဇင်ဘာ ၈
သန်စွမ်းသူများ၏ အလုပ်အကိုင်အခွင့်အလမ်းနှင့် ဝင်ငွေဆုံးရှုံးမှုများကို အထောက်အကူ ပြုစေရန် ရွှေမင်းသားဖောင်ဒေးရှင်း (မြန်မာ)နှင့် Korea Disabled People’s Development Institute (KODI) တို့၏ သဘောတူပူးပေါင်းဆောင်ရွက်ခြင်း နားလည်မှုစာချွန်လွှာလက်မှတ် ရေးထိုးပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် Video Conferencing စနစ်ဖြင့် ကျင်းပသည်။
အခမ်းအနားတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်က ယနေ့ကျင်းပသော ရွှေမင်းသား ဖောင်ဒေးရှင်း (မြန်မာ)နှင့် Korea Disabled People’s Development Institute တို့၏ သဘောတူ ပူးပေါင်း ဆောင်ရွက်ခြင်း နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲသည် ယခုကဲ့သို့ ကိုဗစ်-၁၉ ကာလအတွင်း မသန်စွမ်းသူ များ၏ အလုပ်အကိုင်အခွင့်အလမ်းနှင့် ဝင်ငွေဆုံးရှုံးမှုများကို အထောက်အကူပြုမည် ဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနသည် မသန်စွမ်းသူများ၏ အလုပ်အကိုင် အခွင့်အလမ်းနှင့် ဝင်ငွေဆုံးရှုံးမှုများကို သန်စွမ်းသူများထက် ပိုမိုခံစားရကာ ဘဝရပ်တည်မှုအတွက် အခက်အခဲများ ရင်ဆိုင်နေရသည်ကို သိရှိနားလည်သည့်အတွက် ထောက်ပံ့ရေးလုပ်ငန်းများကို ယခု ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ ကျရောက်ချိန်တွင် ကဏ္ဍပေါင်းစုံမှ အဖွဲ့အစည်း အသီးသီးနှင့်ပူးပေါင်း၍ ထောက်ပံ့မှုများဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ မသန်စွမ်းသူများ၏ ဘဝဖွံ့ဖြိုးတိုးတက်ရေးကို ယခုကဲ့သို့ နိုင်ငံတကာအဖွဲ့ အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများသည် မသန်စွမ်းသူများလည်း တန်ဖိုးရှိသောလူသား အရင်းအမြစ်များဖြစ်ကြောင်း ပေါ်လွင်ထင်ရှားစေပါကြောင်း ပြောကြားသည်။
ထို့နောက် အစိုးရ၏အာမခံချက်များ၊ ကတိကဝတ်များနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာမေဝင်းမြင့်က ဝမ်းမြောက် ဂုဏ်ယူစကား ပြောကြားသည်။
Korea Disabled People’s Development Institute (KODI) နှင့် ရွှေမင်းသားဖောင်ဒေးရှင်း (မြန်မာ) တို့သည် မသန်စွမ်းသူများအတွက် Professional Bakery and Barista ပညာရပ်များကို သင်ကြားပေးခဲ့သည့် စီမံကိန်းကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ခဲ့ပြီး ယခုအခါ “Opening Cafe” Project ကို နားလည်မှုစာချွန်လွှာ ဆက်လက်ရေးထိုးခြင်းဖြစ်သည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးရဲမင်းဦး၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ Korea Disabled People’s Development Institute မှ တာဝန်ရှိသူများ၊ ရွှေမင်းသားဖောင်ဒေးရှင်း (မြန်မာ)မှ တာဝန်ရှိသူများနှင့် မသန်စွမ်း အဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ်များ တက်ရောက်ကြ သည်။
(သတင်းစဉ်)