Skip to main content

ရန်ကုန်တိုင်းဒေသကြီးတွင် ကိုဗစ်-၁၉ ကာကွယ်ရေးစည်းကမ်းများ တိကျစွာ လိုက်နာဆောင်ရွက်ရေး ကြီးကြပ်ဆောင်ရွက်မည့်အစီအစဉ်များ ဆွေးနွေး

နေပြည်တော်  ဒီဇင်ဘာ ၈

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များကို   ယမန်‌နေ့ ညနေပိုင်းက Videoconferencing စနစ်ဖြင့် ချိတ်ဆက်တွေ့ဆုံပြီး ရန်ကုန် တိုင်းဒေသကြီးတွင် ကိုဗစ်-၁၉ ကာကွယ်ရေးစည်းကမ်းများ တိကျစွာ လိုက်နာဆောင်ရွက်ရေး ကြီးကြပ်ဆောင်ရွက်မည့် အစီအစဉ်များကို ဆွေးနွေးသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါဆိုင်ရာတွေ့ရှိချက်အသစ်များ၊ နေရာဒေသအလိုက် ရောဂါကူးစက်ပြန့်ပွားမှု ပုံသဏ္ဌာန်၊ ကပ်ရောဂါ ဗေဒတွေ့ရှိချက်များ အပါအဝင် ပြောင်းလဲလျက်ရှိသော အခြေအနေအရပ်ရပ်နှင့် အညီ လုပ်ငန်းလမ်းညွှန် များ၊ ရောဂါကာကွယ်ရေး စည်းကမ်းလမ်းညွှန်ချက်များနှင့် ဆောင်ရန်၊ ရှောင်ရန်အချက်များအား မွမ်းမံပြင်ဆင်ထုတ်ပြန်ခြင်းနှင့် နည်းဗျူဟာများ မွမ်းမံပြောင်းလဲ ဆောင်ရွက်ခြင်းများအား လုပ်ဆောင်လျက်ရှိပါ ကြောင်း။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများသည် နေ့မအား၊ ညမနားဖြင့် ကိုဗစ်-၁၉ ဓာတ်ခွဲစစ်ဆေးမှုဆိုင်ရာလုပ်ငန်းများ၊ ကိုဗစ်-၁၉ လူနာကုသရေးလုပ်ငန်းများ၊ ကာကွယ်ထိန်းချုပ်ရေး ကွင်းဆင်းလုပ်ငန်းများနှင့် ကိုဗစ်-၁၉ မဟုတ်သောအခြား ရောဂါအမျိုမျိုး ကာကွယ် ကုသခြင်းဆိုင်ရာလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ စိတ်ရော ကိုယ်ပါ ပင်ပန်းနေကြပြီ ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါအား အတိုင်းအတာတစ်ခုအထိ ကောင်းစွာထိန်းချုပ်နိုင်ရန်အတွက် ကိုဗစ်-၁၉ ကာကွယ်ရေး စည်းကမ်းများကို လိုက်နာမှုရာခိုင်နှုန်း များပြားရန်အရေးကြီးနေပြီး ယခုအချိန်တွင် စည်းကမ်းလိုက်နာမှု ရာခိုင်နှုန်းသည် လိုအပ်သည့် ပမာဏမရှိသေးပါကြောင်း၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာနှင့် အများပြည်သူ ဆိုင်ရာနေရာများတွင် ကိုဗစ်-၁၉ စည်းကမ်းများကို ပြည်သူများ တိကျစွာလိုက်နာဆောင်ရွက်မှုရှိစေရေး အတွက် ကြီးကြပ်ဆောင်ရွက်ခြင်းနှင့် သင့်တော်သည့် အရေးယူမှုပြုလုပ်ခြင်းများကို လုပ်ဆောင်ရန်အတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များက ကြီးကြပ်ဆောင်ရွက်ပေးစေလိုပါကြောင်း။

ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီမှ ပြည်သူများ၏ လူမှုစီးပွားရေး အခြေအနေအရပ်ရပ်ကို ထည့်သွင်းစဉ်းစားကာ ဖြေလျော့မှုများ ဆောင်ရွက် လျက်ရှိပါကြောင်း၊ ထိုသို့ ဖြေလျော့မှုများပေးပြီးနောက် လုပ်ငန်းများ လုပ်ဆောင်ရာတွင် လည်းကောင်း၊ လူမှုစီးပွားရေးကိစ္စရပ်များ ဆောင်ရွက်ရာတွင်လည်းကောင်း ကိုဗစ်-၁၉ ကာကွယ်ရေးစည်းကမ်းများကို ဆက်လက်လိုက်နာ ကျင့်သုံးရန်မှာ မဖြစ်မနေအရေးကြီး ပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်စည်းကမ်းများကို ပြည်သူများ အကြား လိုက်နာမှု အားကောင်းစေရေး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တင်းကြပ်စွာ ဆောင်ရွက်ပေး ပါရန် ပြောကြားလိုပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ပြည်သူများအကြားတွင် ကိုဗစ်-၁၉ ရောဂါပိုးရှိနေပြီး ရောဂါလက္ခဏာ တစ်စုံတစ်ရာ မပြသသူများ ရှိနေနိုင်ပြီး ၎င်းတို့မှတစ်ဆင့် ရောဂါထပ်ဆင့်ပြန့်ပွား ကူးစက်နိုင်သည် ဆိုသည့်အချက်ကို ပြည်သူတစ်ဦးချင်း သိရှိပြီး လိုက်နာဆောင်ရွက်ကြစေရန် "ပါးစပ်နှင့် နှာခေါင်းစည်း  မဖြစ်မနေတပ်ဆင်ရေး လူထုလှုပ်ရှား စီမံချက်" မှ တစ်ဆင့်ဆောင်ရွက်လျက်ရှိပါကြောင်း။

သို့ဖြစ်၍ ယခုအချိန်တွင် ကိုဗစ်-၁၉ ကာကွယ်ရေးစည်းကမ်းများအား  လိုက်နာဆောင်ရွက်မှု ရှိစေရေးအတွက် အသိပညာပေးစည်းရုံးခြင်း၊ ကြီးကြပ်ဆောင်ရွက်ခြင်းနှင့် သင့်တော်သည့် အရေးယူမှု ပြုလုပ်ခြင်းတို့ကို လုပ်ဆောင်ခြင်းမပြုပါက ရောဂါကူးစက်မှု များဆက်လက်ဖြစ်ပွား နေမည်ဖြစ်ကာ ပြည်သူများ၏ စီးပွားရေး၊ လူမှုရေး၊ ပညာရေးစသည်ဖြင့် ဘက်စုံကဏ္ဍများတွင် အနုတ်လက္ခဏာဆောင်သော အကျိုးဆက်များ ဖြစ်ပွားမည်ဖြစ်ပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးသည် စီးပွားရေးမြို့တော်ရှိရာ နေရာဖြစ်ခြင်း၊ စက်ရုံနှင့် အလုပ်ရုံများ များပြားခြင်း၊ အလုပ်အကိုင်နှင့် လူမှုစီးပွားရေး အခြေအနေအမျိုးမျိုးရှိသောသူများ နေထိုင်ကြခြင်း၊ လူဦးရေထူထပ်များပြားခြင်း၊ အပြည်ပြည်ဆိုင်ရာနှင့် ပြည်တွင်းလေဆိပ်ရှိခြင်း၊ အများပြည်သူသုံး သယ်ယူပို့ဆောင်ရေး ယာဉ်များစွာရှိခြင်း၊ အခြားတိုင်းဒေသကြီး/ ပြည်နယ်များနှင့် ဝင်ထွက်ပေါက်များစွာချိတ်ဆက်မှုရှိကာ ကူးလူးသွားလာမှုများပြားခြင်းစသည့် ကွဲပြားခြားနားပြီး ထူးခြား သည့် အခြေအနေများရှိခြင်းကြောင့် အခြားတိုင်းဒေသကြီး/ ပြည်နယ်များတွင် ကျင့်သုံးနေသော နည်းလမ်းများအတိုင်း ဆောင်ရွက်ရန် မဖြစ်နိုင်ဘဲ ရန်ကုန်တိုင်းဒေသကြီးနှင့် သင့်တော်သော နည်းလမ်းများဖြင့် ကိုဗစ်-၁၉ စည်းကမ်းလိုက်နာမှု ရှိစေရေး လုပ်ငန်းများအား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ အမြန်ဆုံးဆောင်ရွက် ပေးစေလိုပါကြောင်း။

ကိုဗစ်-၁၉ သည် အသက်ရှူလမ်းကြောင်းမှ တစ်ဆင့်ကူးစက်သောရောဂါဖြစ်သဖြင့်  ကာကွယ် ထိန်းချုပ် ရေးလုပ်ငန်းများကို ဆောင်ရွက်ရာ၌ ဆုံးဖြတ်ချက်များကို လျင်မြန်စွာ ဆုံးဖြတ် ဆောင်ရွက်ရန်မှာ အရေးကြီးပါကြောင်း၊ တစ်နာရီ၊ တစ်ရက် နောက်ကျလျင်နောက်ကျသလို ရောဂါဖြစ်ပွားကူးစက်မှု ပိုမိုဖြစ်ပွားစေ နိုင်ပါကြောင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အနေဖြင့်လည်း ယခုကဲ့သို့ ကပ်ရောဂါဖြစ်စဉ်များတွင် လိုက်နာဆောင်ရွက်ရန် အပြည်ပြည်ဆိုင်ရာ ကျန်းမာရေးပြဋ္ဌာန်းချက် (International Health Regulations 2005) ကို ထုတ်ပြန်ထားကာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် အဆိုပါ ပြဋ္ဌာန်းချက်နှင့်အညီ လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း လုပ်ငန်း လမ်းညွှန်များ၊ စံလုပ်ထုံးလုပ်နည်းများ၊ စည်းကမ်း လမ်းညွှန်ချက်များ မည်မျှပင် ကောင်းမွန်စေကာမူ လိုက်နာမှုမရှိပါက အချည်းနှီးပင်ဖြစ်ပါ ကြောင်း။

သို့ဖြစ်ပါ၍ တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့်  ဌာနဆိုင်ရာများ တိုင်ပင်ဆွေးနွေးကာ ရန်ကုန်တိုင်းဒေသကြီး၏ လက်ရှိအခြေအနေအရပ်ရပ်နှင့် ကိုက်ညီသော COVID-19 ကာကွယ်ထိန်းချုပ်ရေး စည်းကမ်းများ ချမှတ်ကာ ပြည်သူများလိုက်နာစေရေးအတွက်  အမြန်ဆုံး စတင်နိုင်ရန် အတွက် ပြောကြားလိုပါကြောင်း ပြောကြားသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိမ်းက  ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် အုပ်ချုပ်ရေးပိုင်းမှ ဝိုင်းဝန်းကူညီ ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့အနေဖြင့် ကျန်းမာရေးဝန်ထမ်းများ ပင်ပန်းနွမ်းနယ်နေသည်ကို တွေ့ရှိသိမြင်နေရပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးသည် နိုင်ငံ၏ စီးပွားရေးအတွက် အရေးကြီးသော တိုင်းဒေသကြီးဖြစ်ကာ အခြားတိုင်းဒေသကြီး/ ပြည်နယ်များရှိ စီးပွားရေးလုပ်ငန်းများမှ မှီတည်နေသည့် စီးပွားရေးလုပ်ငန်းများစွာရှိနေပါကြောင်း၊  အဆိုပါ လုပ်ငန်းများသည် အခက်အခဲများ ရင်ဆိုင်နေကြရခြင်း၊ ပြည်သူများ၏ လူမှုစီးပွား ထိခိုက်မှုများရှိနေခြင်းနှင့် ပြည်သူများအကြား စိတ်မွန်း ကြပ်မှုများရှိနေခြင်းများ ဖြစ်ပေါ်လျက် ရှိနေပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့အနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် ပြည်သူများအကြား လူမှုစီးပွားပြဿနာများ မဖြစ်ပွားစေရေးတို့ကို ချိန်ဆဆောင်ရွက်နေပါကြောင်း။

လက်ရှိတွင် မိမိတို့ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် လူစုလူဝေးမဖြစ်ပွားစေရန် ကြပ်မတ် ဆောင်ရွက်ခြင်းနှင့် လမ်းဘေးတွင် ထိုင်ခုံများချ၍ အစားအသောက်ရောင်းချခြင်းနှင့် စားသောက်ခြင်း တို့ကို ပိတ်ပင်တားမြစ်လျက်ရှိပါကြောင်း၊ ရပ်ရွာလူထုမှ အပေါင်းလက္ခဏာနှင့် အပြုသဘောဆန်သည့် စောင့်ကြည့်ကူညီသည့် ပုံစံဖြင့် ကိုဗစ်-၁၉ ဖြစ်ပွားသည့် လူနာများနှင့် မိသားစုများကို ပံ့ပိုးကူညီသည့် ပုံစံဖြစ်လာစေရန် အသိပေးစည်းရုံးခြင်းများ ဆောင်ရွက် လျက်ရှိပါကြောင်း၊ ကုန်တင်ယာဉ်မောင်းများ၊ ယာဉ်နောက်လိုက်များ၊ စက်ရုံ၊ အလုပ်ရုံမှ ဝန်ထမ်းများ အားလုံးကို ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ပူးပေါင်း၍ ကိုဗစ်-၁၉ စစ်ဆေးခြင်း မှတ်တမ်းနှင့် ကျန်းမာရေး အခြေအနေမှတ်တမ်းများကို ကွန်ပျူတာဖြင့် မှတ်တမ်းတင်ပြီး QR Code ဖြင့် စစ်ဆေးနိုင်ရန် ပူးပေါင်း စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း။

ကိုဗစ်-၁၉ လူနာနှင့်ထိတွေ့ခဲ့သူများ၊ ကိုဗစ်-၁၉ လူနာတစ်ဦးချင်းစီ၏ နေအိမ်အဆင့် အခြေအနေ၊ လူမှုစီးပွားရေးနှင့် အသိပညာ အဆင့်အခြေအနေ၊ ရောဂါပြင်းထန်မှု အခြေအနေအပေါ်မူတည်၍ နေအိမ်၊ လူထုအခြေပြုအသွားအလာကန့်သတ်ရာနေရာများ၊ ဟိုတယ်၊ ဆေးရုံ/ ကုသရေးဌာနများ စသည်ဖြင့် သင့်လျော်သည့် နေရာတွင် ထားရှိပြုစုကုသနိုင်ရေး ဆွေးနွေးနေပါကြောင်း၊ ဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် ရန်ကုန် တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနက နှီးနွှယ်ဝန်ကြီးဌာနများနှင့် ပူးပေါင်းကာ "ပြည်သူလူထုအခြေပြု ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး အထူးစီမံချက်" အား ကနဦး (pilot) ဆောင်ရွက် ရာတွင်လည်း ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့က ပံ့ပိုးပါဝင်ဆောင်ရွက်သွားရန် ဆွေးနွေးညှိနှိုင်းထားပါ ကြောင်း၊ ပုဂ္ဂလိကကဏ္ဍ ဆေးရုံ၊ ဆေးခန်းများနှင့်လည်း ကိုဗစ်-၁၉ ဓာတ်ခွဲစစ်ဆေးခြင်းနှင့် လူနာကုသရေး လုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေးညှိနှိုင်းမှုများ ဆောင်ရွက်ထားရှိပါကြောင်း၊ မိမိတို့ အစိုးရအဖွဲ့ အနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ရေးစည်းကမ်းများလိုက်နာစေရေးအတွက် အသိပညာပေးခြင်း၊ ပြည်သူများ အချင်းချင်း၊ အသင်းအဖွဲ့အချင်းချင်းအပြန်အလှန်ကြီးကြပ်စေခြင်းနှင့် ဌာနဆိုင်ရာများမှ ကြီးကြပ်ခြင်း လုပ်ငန်းများကို ပံ့ပိုးပါဝင်ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ယင်းနောက် ဆေးတက္ကသိုလ် (၁) ပါမောက္ခချုပ် ပါမောက္ခဒေါက်တာဇော်ဝေစိုး က ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို ဆောင်ရွက်နေသကဲ့သို့ "ပြည်သူလူထု အခြေပြု COVID-19 ကာကွယ် ထိန်းချုပ်ရေး အထူးစီမံချက်" ကို အကောင်အထည်ဖော်ရေးအတွက် လိုအပ်သည် ပြင်ဆင်မှုများလည်း လုပ်ဆောင်လျက်ရှိပါကြောင်းနှင့် ခေတ်မီ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး (ICT) နည်းပညာကို အသုံးချကာ လူ့စွမ်းအား အရင်းအမြစ်များ ချွေတာအသုံးပြုနိုင်ရေး အကြံပြုချက်များတင်ပြသည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်က ရန်ကုန်တိုင်းဒေသကြီးတွင် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများနှင့် ပါးစပ်နှင့်နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ရေးစီမံချက်ကို ဆောင်ရွက် နေမှုများကို သက်ဆိုင်ရာ နှီးနွှယ်ဌာနဆိုင်ရာများ အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်နေမှုများနှင့် "ပြည်သူလူထုအခြေပြု ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး အထူးစီမံချက်"အား ပြည်သူအခြေပြုပုံစံဖြင့် ဆောင်ရွက်သွားမည့် ကိစ္စရပ်များကို တင်ပြသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက  ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် တိုင်းဒေသကြီး ဝန်ကြီးများအား ကိုဗစ်-၁၉ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး လုပ်ငန်းများတွင် တာဝန်ခွဲဝေပေးအပ်ကာ ပါဝင်ဆောင်ရွက်နေမှုများအား ရှင်းလင်းပြောကြားသည်။

ထို့နောက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်နှင့် အမြဲတမ်းအတွင်းဝန် ပါမောက္ခ ဒေါက်တာ သက်ခိုင်ဝင်းတို့က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် တိုက်ရိုက် ချိတ်ဆက်ဆောင်ရွက်မည့် ကိစ္စရပ်များကို ပြောကြားသည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ အတွင်းရေးမှူး ဦးစိုးစိုးဇော်က ခရိုင်နှင့် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဝန်ထမ်းများက ရပ်ကွက်၊ ကျေးရွာအလိုက် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု အခြေပြ မြေပုံများ ရေးဆွဲရာတွင် ပါဝင်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက နိဂုံးချုပ်အမှာစကား ပြောကြားရာတွင် စီမံချက်ဆောင်ရွက်ရာတွင် ရပ်ကွက်၊ ကျေးရွာနေရာဒေသ အနေအထားများ အလိုက် ရောဂါကူးစက်မှု အခြေအနေများကို စောင့်ကြည့်အကဲဖြတ်ရေးအတွက် ကူးစက်ဖြစ်ပွားမှု အခြေပြ မြေပုံများ ရေးဆွဲရန် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ပြုစုထားသော ရပ်ကွက်၊ ကျေးရွာ အခြေပြုမြေပုံများ ရှိပါကြောင်း၊ ယခုလက်ရှိတွင် ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူများ ပုံမှန်အစည်းအဝေးများ ပြုလုပ်နေသကဲ့သို့ "ပြည်သူလူထုအခြေပြု ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေး အထူးစီမံချက်" ဆောင်ရွက်ချိန်တွင်လည်း ပုံမှန်အစည်းအဝေးများပြုလုပ်ကာ ဆွေးနွေး တိုင်ပင်ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း။

မိမိတို့ အစိုးရအဖွဲ့အနေဖြင့် ကိုဗစ်-၁၉ ဖြစ်ပွားကူးစက်မှုကို အတိုင်းအတာတစ်ခုအထိ ကောင်းမွန်စွာ ထိန်းချုပ်နိုင်ရေး၊ ကျန်းမာရေး ဝန်ထမ်းများ ဝန်ထုတ်ဝန်ပိုးလျော့စေရေး၊ ပြည်သူများ လူမှုစီးပွား ထိခိုက်မှု မရှိစေရေးတို့အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန နှင့် ပေါင်းစပ်ညှိနှိုင်းကာ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားရာတွင် ဝန်ကြီးဌာန အနေဖြင့် မိမိအိမ်တွင်နေထိုင်ရေး (Stay at home) အစီအစဉ်နှင့်ပတ်သက်၍ မြို့နယ်တစ်ခုလုံး အနေအထားဖြင့် ဆောင်ရွက်ခြင်းမှ ရောဂါဖြစ်ပွားပျံ့နှံ့မှုပုံသဏ္ဌာန်နှင့် နေ့အလိုက် ပြောင်းလဲမှု ပုံသဏ္ဌာန်၊ လတ်တလော ဖြစ်ပွားသူ အရေအတွက်နှင့် နေရာအလိုက် အစုလိုက်ဖြစ်ပွားမှု၊ လူအများ ရွှေ့ပြောင်းသွားလာမှု ပမာဏနှင့် အရှိန်အဟုန်၊ ရပ်ကွက်၊ ကျေးရွာ၊ လမ်းများ၏ တည်နေရာ၊ လူဦးရေထူထပ်မှုစသည့် အချက်များအပေါ် မူတည်၍ ရပ်ကွက်၊ ကျေးရွာ၊ လမ်း အလိုက်သာ မိမိအိမ်တွင်နေထိုင်ရေး (Stay at home) အစီအစဉ်ကို ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်ရန်အတွက် သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့၊ တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနနှင့် ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲတို့ အသေးစိတ်ညှိနှိုင်းမှုများ ပြုလုပ်လျက်ရှိပါကြောင်း။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ပြည်သူများ လူမှုစီးပွားလုပ်ငန်းများ ဆောင်ရွက်ရာ ၌ ကိုဗစ်-၁၉ ကာကွယ်ရေး စည်းကမ်းများကို တိကျစွာ လိုက်နာဆောင်ရွက်ရန်အား ကြီးကြပ် ဆောင်ရွက်ပေးပါရန်၊ ဈေးဝယ်သူများ ပါးစပ်နှင့်နှာခေါင်းစည်း စနစ်တကျမတပ်ဆင်ဘဲ ဈေးအတွင်း ဝင်ရောက်ခွင့်မပြုရန်၊ ဈေးရောင်းချသူများတွင် ပါးစပ်နှင့်နှာခေါင်းစည်းနှင့် မျက်နှာအကာ တပ်ဆင်ခြင်းမရှိက ရောင်းချခွင့်မပြုရန်၊ အများပြည်သူဆိုင်သောနေရာများတွင် ပါးစပ်နှင့်နှာခေါင်းစည်း (mask) တပ်ဆင်ခြင်းမပြုဘဲ သွားလာမှု မရှိစေရန်၊ အများပြည်သူသုံး ဘတ်စ်ကားများတွင် ပါးစပ်နှင့်နှာခေါင်းစည်း (mask) တပ်ဆင်ခြင်း မပြုဘဲ စီးနင်းခွင့်မပြုရန် နှင့် စီးနင်းနေစဉ် လမ်းခရီတွင် ပါးစပ်နှင့်နှာခေါင်းစည်း (mask) ကိုချွတ်ခြင်း (သို့မဟုတ်) မေးသိုင်းခြင်းများ ပြုလုပ်ပါက ဆက်လက်စီးနင်းခွင့် မပြုရန်၊ ဘတ်စ်ကားမောင်းသူများ ပါးစပ်နှင့် နှာခေါင်းစည်းနှင့် မျက်နှာအကာမဖြစ်မနေတပ်ဆင်ရန်၊ စက်ရုံ၊ အလုပ်ရုံများတွင် ကိုဗစ်-၁၉ ကာကွယ်ရေး စည်းကမ်းများ တိကျစွာလိုက်နာရေး ဆောင်ရွက်ရန်တို့ကို ဝိုင်းဝန်းပံ့ပိုး ကြီးကြပ်ဆောင်ရွက် ပေးစေလိုပါ ကြောင်း။

ကိုဗစ်-၁၉ လူနာတစ်ဦးချင်းအား ကုသမှုလုပ်ငန်းဆောင်ရွက်ရာတွင် ဆရာဝန်၊ သူနာပြုနှင့် ကုသမှု အထောက်အကူပြုပညာရှင်များသည် အစွမ်းကုန်ဆောင်ရွက်ရသည်ဖြစ်ရာ ပင်ပန်းနေကြပြီ ဖြစ်ပါကြောင်း၊ လူနာအသစ်ဖြစ်ပွားမှု ကျဆင်းစေရန်အတွက် ကူးစက်မှုကွင်းဆက်ကို ဖြတ်တောက်နိုငရေး ပြည်သူ့ ကျန်းမာရေးပညာရှင်များ အားထည့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုဖြစ်ပွားနေသည့် COVID-19 ကူးစက်မှု ဒုတိယလှိုင်း ကြာမြင့်မည်အချိန်ကာလသည် ပြည်သူများ စည်းကမ်းလိုက်နာမှု ရှိ၊ မရှိ ဆိုသည့် အချက်နှင့် တိုက်ရိုက် ဆက်နွှယ်လျက်ရှိပါကြောင်း၊ ပြည်သူများမှ တာဝန်သိစွာဖြင့် စည်းကမ်း လိုက်နာဆောင်ရွက်မှသာ ထိခိုက်ဆုံးရှုံးမှု လျော့ပါး နိုင်မည်ဖြစ်ပါကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများ၊ လုပ်ငန်းလိုအပ်ချက်များ၊ ဖြည့်ဆည်းဆောင်ရွက် ရန်လိုအပ်သည် များကို အချိန်နှင့် တစ်ပြေးညီသိရှိနိုင်ရေးအတွက် စောင့်ကြည့်အကဲဖြတ်မှု စာရင်းပုံစံများဖြင့် စောင့်ကြည့် အကဲဖြတ်မှုနှင့် ဆန်းစစ်မှုများကို ဆောင်ရွက်သည့် ကိစ္စရပ်များ၌လည်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ပါဝင်ကူညီဆောင်ရွက်ပေးစေလိုပါကြောင်း။

ကိုဗစ်-၁၉ စတင်ဖြစ်ပွားစဉ်မှစ၍ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဦးဆောင်မှုနှင့် ပံ့ပိုးမှုများကြောင့် ကိုဗစ်-၁၉ ကို ယခုလက်ရှိ အခြေအနေအတိုင်းအတာအထိ ထိန်းချုပ်ထား နိုင်သည်ကို အသိအမှတ်ပြု ကျေးဇူးတင်ရှိပါကြောင်း၊ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ အချိန်နှင့် တစ်ပြေးညီ ဆုံးဖြတ်ဆောင်ရွက်ရန်နှင့် ဆောင်ရွက်မှုအခြေ အနေကိုသာ ဗဟိုသို့ အချိန်နှင့် တစ်ပြေးညီ အကြောင်းကြားရန်လိုပါကြောင်း၊ ယခု ကိုဗစ်-၁၉ ဖြစ်ပွားစဉ် ကာလ၌ မူဝါဒပိုင်းဆိုင်ရာ၊ မဟာဗျူဟာပိုင်းဆိုင်ရာ ကိစ္စရပ်များကိုသာ ဝန်ကြီးဌာနသို့ ဆက်သွယ် ပြောကြား ခွင့်ပြုချက်တောင်းခံရန်နှင့် လိုအပ်ပါက မိမိတို့မှ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီသို့ တင်ပြ၍ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။

(သတင်းစဉ်)