ရန်ကုန် ဒီဇင်ဘာ ၈
ဂျပန်နိုင်ငံအစိုးရ၏ တရားဝင်ဖွံ့ဖြိုးမှုအစီအစဉ် (Official Development Assistance, ODA) အရ မြန်မာနိုင်ငံ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန မြန်မာ့မီးရထားနှင့် ပူးပေါင်းကာ အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး ရန်ကုန်မြို့ပတ်ရထားလမ်းနှင့် ရန်ကုန်-မန္တလေးရထားလမ်းတို့တွင် ပြေးဆွဲအသုံး ပြုရန်လျာထားသည့် ရထားတွဲအသစ် ၂၄၆ တွဲကို မြန်မာနိုင်ငံသို့ ၂၀၂၃ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း ဆက်တိုက် ပေးပို့သွားရန် စီစဉ်ထားကြောင်း မစ်ဆူဘီရှိကော်ပိုရေးရှင်း (Mitsubishi Corporation) ၏ ယနေ့ ထုတ်ပြန် ချက်အရသိရသည်။
မစ်ဆူဘီရှိကော်ပိုရေးရှင်းနှင့် မြန်မာ့မီးရထားတို့သည် ဒီဇင်ဘာလ ၇ ရက်နေ့တွင် အဆိုပါ ရထားတွဲများနှင့်ပတ်သက်သည့် စာချုပ်ချုပ်ဆိုခြင်း ကို ဆောင်ရွက်ခဲ့သည်။ အဆို ပါရထား တွဲများကို စပိန်နိုင်ငံ၏ အကြီးဆုံးရထားတွဲထုတ်လုပ်ရေးကုမ္ပဏီဖြစ်သည့် CAF ကုမ္ပဏီက ဂျပန်နိုင်ငံ ထုတ်စက် ပစ္စည်းကိရိယာအချို့ကိုအသုံးပြု၍ ထုတ်လုပ်သွား မည်ဖြစ်သည့်အတွက် အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက် ရှိသည့် ရန်ကုန်မြို့ပတ်ရထားလမ်းနှင့် ရန်ကုန်-မန္တလေးရထားလမ်းများတွင် အရည်အသွေး ကောင်းမွန်သည့် ရထားတွဲများဖြင့် ပြေးဆွဲသွားနိုင်ရန် မျှော်လင့်ထားသည်ဟု ထုတ်ပြန် ချက် တွင်ပါရှိသည်။
လက်ရှိတွင် မြို့ပတ်ရထားလမ်းတစ်ပတ်ပြေးဆွဲချိန်သည် မိနစ် ၁၇၀ ခန့် ကြာမြင့် သော်လည်း စီမံကိန်းအရ ရန်ကုန်မြို့ပတ်ရထားလမ်းတွင် ပြေးဆွဲမည့် ရထားတွဲများသည် အမြင့်ဆုံးမြန်နှုန်း တစ်နာရီလျှင် ၆၀ ကီလိုမီတာဖြင့် ပြေးဆွဲနိုင်မည်ဖြစ်ကာ မိနစ် ၁၁၀ ခန့်အထိ လျှော့ချနိုင်မည်ဟု ဖော်ပြထားသည်။
ထို့ပြင် ရန်ကုန်-မန္တလေးရထားလမ်းတွင် ပြေးဆွဲမည့် ရထားတွဲများသည် အမြင့်ဆုံးမြန်နှုန်း တစ်နာရီလျှင် ၁၀၀ ကီလိုမီတာဖြင့် ပြေးဆွဲမည် ဖြစ်သည်။ ရန်ကုန်မှ နေပြည်တော်ကို ဖြတ်သန်း၍ မန္တလေးမြို့အထိ ၆၂၀ ကီလိုမီတာခန့်ရှည်လျားသော မြန်မာနိုင်ငံ၏ အဓိက ရထားလမ်းကြောင်းကို ပြေးဆွဲမည်ဖြစ်ပြီး လက်ရှိ ကြာမြင့်ချိန်ဖြစ်သော ပြေးဆွဲချိန် ၁၅ နာရီခန့်ကို စီမံကိန်းအရ ၈ နာရီခန့်အထိ လျှော့ချနိုင်မည်ဖြစ်၍ ပြေးဆွဲချိန် (၇) နာရီခန့် သာကြာမြင့်မည်ဖြစ်ကြောင်းသိရသည်။
ဂျပန်နိုင်ငံအစိုးရအနေဖြင့် မြန်မာနိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြု နိုင်မည့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ ထောက်ပံ့ကူညီမှုများနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပြီး အဆိုပါ ရထားတွဲများ ပြေးဆွဲခြင်းဖြင့် ပြည်သူများ၏ သွားလာရေး အဆင်ပြေချောမွေ့ကာ မြန်မာနိုင်ငံစီးပွားရေးကို အထောက်အကူပြုနိုင်ရန် မျှော်လင့်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
သတင်း- ညွန့်ကိုကို