နေပြည်တော် ဒီဇင်ဘာ ၇
အစိုးရနှင့် ကရင်နီအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ (KNPP) တို့အကြား ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုင်ရာ အစည်းအဝေးကို ယနေ့ ညနေ ၄ နာရီက နေပြည်တော်ရှိ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနမှ Video Conferencing ဖြင့် ပြုလုပ်သည်။
အစည်းအဝေးသို့ ငြိမ်းချမ်းရေးကော်မရှင် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဉီး(ငြိမ်း)၊ ကယားပြည်နယ် လမ်းပန်း ဆက်သွယ်ရေးနှင့် လျှပ်စစ်ဝန်ကြီးဌာနဝန်ကြီး ဦးခင်မောင်ဖြူ၊ ငြိမ်းချမ်းရေးကော်မရှင် အကြံပေးအဖွဲ့ဝင် ဦးလှမောင်ရွှေနှင့် ဦးမိုးဇော်ဦး၊ နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးနှင့် ကယားပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးအံ့မော်၊ ကရင်နီအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ (KNPP) ဒုတိယဉက္ကဋ္ဌ ခူဦးရယ်၊ အတွင်းရေးမှူး(၁) ခူပလူးရယ်၊ ဗဟို ကော်မတီဝင် ခူထဲဗူး၊ ဖွံ့ဖြိုးရေး၊ လူမှုလုံခြုံရေးနှင့် ပြန်လည်နေရာချထားရေးကော်မတီ(KNPP) ဒုတာဝန်ခံ(၂) ဦးထူးချစ်တို့ တက်ရောက်ကြသည်။
Video Conferencing ဖြင့် ကျင်းပသည့် အစည်းအဝေးတွင် တက်ရောက်ကြသူများမှ အပြန်အလှန် မိတ်ဆက်ကြပြီး ဆယ်တောရို ဘော်ဒါဆောင်ဆိုင်ရာ ကိစ္စရပ်များ၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုင်ရာ ကိစ္စများနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ အပေါ် သဘောထားရယူ ညှိနှိုင်းဆွေးနွေးကြကြောင်း သိရှိရသည်။
(သတင်းစဉ်)