Skip to main content

ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ (၃၄) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

နေပြည်တော် ဒီဇင်ဘာ ၇

ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့၏ (၃၄) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျန်းမာရေး ဆိုင်ရာ ညွှန်ကြားချက်များနှင့် အညီ ကျင်းပသည်။

အစည်းအဝေးတွင် ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူက နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့များက ဒေသဆိုင်ရာ အစိုးရ အဖွဲ့ဝင်များ၏ ကြီးကြပ်မှုဖြင့် ဒေသတွင်းဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် တင်ပြလာသည့် လုပ်ငန်း စာတွဲများကို ဝိုင်းဝန်းစိစစ် အတည်ပြုခြင်း၊ သက်ဆိုင်ရာကော်မတီသို့ ပြန်လည်ပေးပို့ခြင်းများကို အချိန် ကြန့်ကြာမှုမရှိဘဲ ဆောင်ရွက်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိသော်လည်း ယခု ကိုဗစ်-၁၉ ကပ်ရောဂါ ကာလတွင် ကျန်းမာရေးဆိုင်ရာ ကန့်သတ်ချက် အမျိုးမျိုးကြောင့် နှောင့်နှေးမှု အချို့ရှိခဲ့ကြောင်း။ မိမိတို့ ဘက်က အကြောင်းမဲ့ ကြန့်ကြာမှု မရှိစေဘဲ ဆောင်ရွက်ပေးနိုင်ခြင်းအားဖြင့် နိုင်ငံတော်၏ ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာကိစ္စများ၊ ဒေသတွင်း ဖွံ့ဖြိုးရေးဆိုင်ရာ တည်ဆောက်ရေး ကိစ္စရပ်များအတွက် တဘက်တလမ်းမှ အထောက်အကူပြုနိုင်ရေးအတွက် စီစဉ်ဆောင်ရွက် ပေးနေခြင်း ဖြစ်ပါကြောင်း။

အဆိုပါကိစ္စအတွက်ကိုလည်း ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၏ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာ (၂၅) ရက်၊ ရက်စွဲဖြင့် နိုင်ငံတော်၏ ရေရှည် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကိစ္စများ၊ ဒေသတွင်း ဖွံ့ဖြိုးရေးဆိုင်ရာ တည်ဆောက်ရေး ကိစ္စရပ်များအတွက် ကြန့်ကြာမှုမရှိစေဘဲ လျင်မြန်စွာ ဆောင်ရွက်ပေးနိုင်ရေးအတွက် လိုအပ်ချက်များ ပြည့်စုံစွာတင်ပြနိုင်ရေး လုပ်ငန်းစဉ်ကို ပြည်ထောင်စုဝန်ကြီးဌာန အားလုံးနှင့် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့အားလုံးသို့ ညွှန်ကြားပေးခဲ့ပြီးဖြစ်ကြောင်း၊ ယင်းညွှန်ကြားချက်အပေါ် နားလည်သဘောပေါက်ပြီး လိုက်နာဆောင်ရွက် တင်ပြလာပါက ပြည်ထောင်စု အစိုးရအဖွဲ့၏ လိုလားချက် အတိုင်း လုပ်ငန်းများကို ယခုထက် ပိုမို၍ မှန်ကန်မြန်ဆန်စွာဖြင့် ဆောင်ရွက်ပေးနိုင်မည် ဖြစ်ပါကြောင်း။

သီးနှံစိုက်ပျိုးမှု ပြောင်းလဲစိုက်ပျိုးခွင့်နှင့် ပတ်သက်၍ ယခု ပြောင်းလဲလာသော ရာသီဥတုနှင့် အညီ စိုက်ပျိုး လုပ်ကိုင်နိုင်ရေးနှင့် စိုက်ပျိုးသူ တောင်သူလယ်သမားများ အကျိုးဖြစ်ထွန်းနိုင်မှုကို ဦးစားပေး ဆန်းစစ် ဆောင်ရွက်‌ပေးရန်လိုအပ်ကြောင်း၊ သို့မှသာ စိုက်ပျိုးထုတ်လုပ်သူ တောင်သူလယ်သမားများအနေဖြင့် စိုက်ပျိုးထုတ်လုပ်နိုင်မှု၏ အကျိုးကျေးဇူးကို ခံစားရရှိနိုင်မည် ဖြစ်ပါကြောင်း၊ ရှေးယခင်ကာလများက သိမ်းယူ ခဲ့သော လယ်ယာမြေများ၏ မြေလျော်ကြေး တွက်ချက်ရာတွင်လည်း သိမ်းဆည်းစဉ် ကာလက ဖြစ်ပေါ်ခဲ့သော စျေးနှုန်းကို စတင်အခြေခံ စဉ်းစားကြရန် လိုအပ်ကြောင်း၊ ယခုအခါ ဒေသဖွံ့ဖြိုးလာမှုကြောင့် ဖြစ်ပေါ် လာသော စျေးကွက် တစ်ခုတည်းကို အခြေခံစဉ်းစား၍ မသင့်ပါကြောင်း၊ တွက်ချက်မှု မှားယွင်းခြင်းကြောင့် နိုင်ငံတော်၏ ဘဏ္ဍာ ငွေကြေးများ လေလွင့်ဆုံးရှုံးမှု မဖြစ်စေရေးကို အထူးဂရုပြု စိစစ် ဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း ပြောကြားသည်။

ယင်းနောက် အတွင်းရေးမှူး ညွှန်ကြားရေးမှူးချုပ် ဦးသက်နိုင်ဦးက နိုင်ငံတော်၏ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရန် သိမ်းယူခဲ့သည့် လယ်ယာမြေများအတွက် ဘဏ္ဍာနှစ်အလိုက် လျော်ကြေး၊ နစ်နာကြေး ပေးချေရမည့်လုပ်ငန်းကိစ္စရပ်များ၊ ဌာနဆိုင်ရာ ကိစ္စများ၊ သာသနာ‌ရေးဆိုင်ရာကိစ္စရပ်များ၊ တိုင်းဒေသကြီး ပြည်နယ် အစိုးရအဖွဲ့များ၏ ကြီးကြပ်မှုဖြင့် အကောင်အထည် ဖော်ဆောင်ရွက်မည့် ဒေသတွင်း ဖွံ့ဖြိုးမှုဆိုင်ရာ ကိစ္စရပ်များအတွက် လယ်ယာမြေ အခြားနည်း သုံးစွဲခွင့် တောင်းခံလာမှုအပေါ် ဆွေးနွေးဆုံး ဖြတ်ရမည့် အကြောင်းအရာများအား ဖတ်ကြားတင်ပြရာ အစည်းအဝေးတက် ရောက်လာကြသူများက လုပ်ငန်းတစ်ခုချင်း အပေါ် ဆွေးနွေးဆောင်ရွက်ကြသည်။

လယ်ယာမြေကို အခြားနည်းဖြင့် အသုံးပြု ဆောင်ရွက်ခြင်းကြောင့် နယ်မြေဒေသအတွင်း ဖွံ့ဖြိုးမှုများ တိုးတက်ဖွံ့ဖြိုးလာမှု၊ စက်ရုံ၊ အလုပ်ရုံများ တိုးချဲ့ဆောက်လုပ်မှုကြောင့် နိုင်ငံတော်၏ ကုန်ထုတ်စွမ်းအား တိုးတက်မြင့်မားလာမှုများရှိလာသော်လည်း လယ်ယာ မြေများ လျော့ပါး သွားနိုင်မှုကြောင့် နိုင်ငံတော်၏ စားနပ်ရိက္ခာဖူလုံမှု မထိခိုက်စေရေးနှင့် စိုက်ပျိုး ထုတ်လုပ်မှု စွမ်းအား တိုးတက်ရေးအတွက် မဖြစ်မနေ ခွင့်ပြုရမည့်ကိစ္စရပ်များအပေါ် အနည်းဆုံး လိုအပ်ချက်ကိုသာ စိစစ်ပြီး ခွင့်ပြုပေးလျက်ရှိကြောင်း၊ အခြား တစ်ဖက်၌ လျော့နည်း ဆုံးရှုံးသွားသော လယ်ယာမြေများအတွက် လယ်ယာမြေများကို အစားထိုးဖော် ထုတ်နိုင်ရေးအတွက် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများမှ စိုက်ပျိုးမှု တည်ငြိမ်မှုရှိလာ သောမြေများကို လယ်ယာမြေ အဖြစ် ပြောင်းလဲခြင်း နည်းလမ်း အပါအဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန က နည်းပေါင်းစုံဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

(သတင်းစဉ်)