နေပြည်တော် ဩဂုတ် ၈
ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် ငဝန်မြစ်ရေကာတာ၏အောက်ခံမြစ်ကျိုးအင်းသဲကြောမှ ထူးပေါက်၍ ရေဖြတ်သန်းစီးဆင်းမှုကြောင့် တာတမံနိမ့်ကျမှုဖြစ်ပွားပြီး လေးမျက်နှာမြို့ပေါ်ရပ်ကွက်များနှင့် ပတ်ဝန်းကျင်ကျေးရွာများ၊ ဟင်္သာတမြို့နယ်၊ ရေကြည်မြို့နယ်နှင့် ကျုံပျော်မြို့နယ်တို့ရှိ ကျေးရွာများ၌ ရေဝင်ရောက်မှုနှင့် ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့သဖြင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိသည်။
အဆိုပါ ငဝန်မြစ်ရေကာတာတမံနိမ့်ကျမှုကြောင့် ရေကျော်စီးဝင်၍ရေကြီးရေလျှံမှုများ ဖြစ်ပွားမှုနှင့်စပ်လျဉ်း၍ ကူညီကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေး အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ပုသိမ်မြို့ရှိ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
အစည်းအဝေးသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးခင်မောင်ရီ၊ ဦးမြထွန်းဦး၊ ဒေါက်တာ သက်ခိုင်ဝင်း၊ ဦးမင်းနောင်၊ ဦးမျိုးသန့်၊ ဒေါက်တာ စိုးဝင်း၊ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့မှတာဝန်ရှိသူများ တက်ရောက်ကြသည်။
ရေကြီးရေလျှံဖြစ်ပွားခဲ့မှု၊ ကူညီကယ်ဆယ်ရေး၊ တာတမံပြုပြင်ထိန်းသိမ်းရေးနှင့် ပြန်လည်ထူထောင်ရေးဆောင်ရွက်နေမှုများအား ရှင်းလင်းတင်ပြ
ဦးစွာ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်က ငဝန်မြစ်ရေကာတာတမံနိမ့်ကျမှကြောင့် ရေကျော်စီးဝင်၍ ရေကြီးရေလျှံဖြစ်ပွားမှုဆိုင်ရာများနှင့် တာတမံ၏သမိုင်းကြောင်းဆိုင်ရာများ၊ လေးမျက်နှာမြို့နယ်၊ ငဝန်တာ တာမိုင် ၂၅/၃ အနီး တာအိ တာလျှော ဖြစ်ပွားမှုနှင့် သဲဗွက်ဖြစ်ပွားမှုအခြေအနေများ၊ လူနေရပ်ကွက်များ၊ အခြေခံပညာကျောင်းများအတွင်း ရေဝင်ရောက်မှုအခြေအနေများ၊ ရေကြီးရေလျှံမှု စတင်ဖြစ်ပွားချိန်မှစ၍ ဘေးသင့်သူများအား ရှာဖွေကယ်ဆယ်ရေး၊ ဘေးလွတ်ရာကိုရွှေ့ပြောင်းပေးရေး၊ စားရေရိက္ခာများထောက်ပံ့ခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ မြစ်ရေတိုက်စားပြိုကျမှုမှ ကာကွယ်ခြင်းတို့ကို အရှိန်အဟုန်မြှင့် တာဝန်ယူဆောင်ရွက်လျက်ရှိမှု၊ ရေဘေးသင့်ပြည်သူများအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိမှုနှင့် ရေဘေးကယ်ဆယ်ရေးစခန်းများသို့လာရောက်ကြသည့် ပရဟိတကားများအတွက် စက်သုံးဆီများ ဖြန့်ဖြူးဆောင်ရွက်ထားရှိမှု၊ ကျုံပျော်မြို့နယ်အတွင်း ရေဝင်ရောက်လာနိုင်မည့်ကျေးရွာများအား ရေဘေးရှောင်စခန်းများသို့ ကြိုတင်ပြောင်းရွှေ့ပေးနိုင်ရေး အစီအမံရေးဆွဲထားရှိမှု၊ ရေကျသွားသည့်နေရာများမှ စာသင်ကျောင်းများ သန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်၍ ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရေးဆောင်ရွက်လျက်ရှိမှု၊ ရေများပြန်လည်ကျဆင်းလျက်ရှိမှုနှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်း ရေငန်ဝင်ရောက်သည့် မြစ်ကြီးများနှင့် ရေငန်ဝင်ရောက်မှုအခြေအနေများ၊ ရေငန်ဝင်ရောက်မှုကာကွယ်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှုတို့နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးမင်းနောင်၊ ဒေါက်တာ သက်ခိုင်ဝင်း၊ ဦးမြထွန်းဦး၊ ဦးမျိုးသန့်၊ ဒေါက်တာ စိုးဝင်းနှင့်တာဝန်ရှိသူများက တမံကျိုးပေါက်မှုဖြစ်စဉ် စတင်ခဲ့သည့် ဇူလိုင်လ (၃၁) ရက်နေ့မှစပြီး ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် သက်ဆိုင်ရာတာဝန်ရှိ ပြည်ထောင်စုဝန်ကြီးဌာနတာဝန်ရှိသူများ၊ ဒေသခံပြည်သူများ၊ စေတနာလုပ်အားရှင်များစုပေါင်းပြီး ထုတ်တန်းရိုက်၊ ဝါးထရံကာခြင်း၊ Geobag ချခြင်း၊ ကရိန်းရေယာဉ်ဖြင့် ရေဝင်လမ်းအထက်၌ သဲအိတ်ချခြင်း၊ သံခွံ CB တွဲဖြင့် သဲဖြည့်ဖြုတ်ချပြီး ရေဝင်ထိန်းကာကွယ်ခြင်း၊ ပန်းတာ၏ဘယ်ညာတို့တွင် သဲအိတ်ချပိတ်ခြင်း စသည်တို့ကို အားကြိုးမာန်တက်ဆောင်ရွက်လျက်ရှိမှု၊ ရေဘေးသင့်ဒေသများတွင် လှုပ်ရှားဆေးအဖွဲ့များဖြင့် အချိန်နှင့်တစ်ပြေးညီ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိမှု၊ သောက်သုံးရေနှင့် ကျန်းမာရေးနှင့်အညီ သန့်ရှင်းသည့်အစားအသောက်များရရှိရေး ဆောင်ရွက်ပေးလျက်ရှိမှု၊ လိုအပ်သည့်ဆေးဝါးနှင့်ဆေးပစ္စည်းများ လုံလောက်စွာရရှိရေးဆောင်ရွက်ပေးလျက်ရှိမှု၊ ရေဝင်နစ်မြုပ်ခဲ့သည့် စိုက်ပျိုးလယ်ယာများအားစစ်ဆေး၍ ပြန်လည်စိုက်ပျိုးရန်လိုအပ်သည့် စပါးစိုက်ခင်းများ၌ စိုက်ပျိုးရေးလုပ်ငန်းများ ပြန်လည်ဆောင်ရွက်နိုင်ရေး စပါးမျိုးများ စုဆောင်းထားရှိမှုနှင့် အခြားလိုအပ်သည်များကို ပြင်ဆင်စီမံဆောင်ရွက်ထားရှိမှု၊ စိုက်ပျိုးရေးလုပ်ငန်းများအတွက်လိုအပ်သည့် စက်ယန္တရားများပြင်ဆင်ထားရှိမှု၊ တောင်သူများအနေဖြင့် ရေကျသွားချိန်တွင် အချိန်မီစိုက်ပျိုးနိုင်ရေး မြေပြုပြင်ခြင်းလုပ်ငန်းများကိုဆောင်ရွက်နိုင်ရန်အတွက် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများဆောင်ရွက်နိုင်ရေး ပြင်ဆင်ထားရှိမှု၊ တာတမံများပြန်လည်ပြင်ဆင်ခြင်းလုပ်ငန်းများကို သက်ဆိုင်ရာဝန်ကြီးဌာနများအားလုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်လျက်ရှိမူနှင့် ရေပြန်လည်ကျဆင်းသွားသည့်အချိန်တွင် ရထားလမ်းများပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများအပါအဝင် ပို့ဆောင်ရေးလုပ်ငန်းများ မူလအတိုင်းပြန်လည်ဆောင်ရွက်နိုင်ရေးစီမံထားရှိမှုတို့နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။
ဖြည့်စွက်မှာကြား
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်သမ္မတက မူလကမ်းရင်းတာနှင့် ငဝန်တာ (မြစ်ကျိုးပန်းတာ) တို့တည်ဆောက်ခဲ့မှုနှင့် ပြုပြင်ထိန်းသိမ်းခဲ့မှုအခြေအနေများ၊ ဧရာဝတီတိုင်းဒေသကြီးအတွင်း ယခင်ကတာကျိုးပေါက်မှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့မှုအခြေအနေများ၊ ယခုရေကြီးရေလျှံမှုကြောင့် ထိခိုက်ပျက်စီးမှုအခြေအနေများ၊ ရေဘေးသင့်ပြည်သူများကို ကူညီဆောင်ရွက်ပေးလျက်ရှိမှု အခြေအနေများနှင့်ပတ်သက်၍ သိရှိလိုသည်များကိုမေးမြန်းပြီး ရေကြီးရေလျှံမှုဖြစ်ပွားသည့်ဒေသများရှိ ပြည်သူများ၏ တစ်ကိုယ်ရည်ကျန်းမာရေးနှင့် သန့်ရှင်းသောသောက်သုံးရေများ လုံလောက်စွာရရှိရန်လိုကြောင်း၊ ရေနစ်မြုပ်ပျက်စီးခဲ့သည့် စပါးစိုက်ခင်းများအား ပြန်လည်စိုက်ပျိုးသွားမည်ဆိုပါကလည်း အောင်ရေရှိအောင်ဆောင်ရွက်သွားရန်လိုကြောင်း၊ စပါးပြန်လည်စိုက်ပျိုးရန် စိုက်ပျိုးချိန်အခက်အခဲရှိပါက အခြားသီးနှံများကို စိုက်ပျိုးသွားကြရန်လိုကြောင်း၊ အချိန်မီစိုက်ပျိုးနိုင်ရန်အတွက် လိုအပ်သည့်ယန္တရားများကို ကြိုတင်ရွှေ့ပြောင်းထားရန်နှင့် လိုအပ်သည့်စက်သုံးဆီများကိုလည်း ကြိုတင်စုပုံထားရှိသွားရန်လိုကြောင်း၊ တမံနိမ့်ကျပျက်စီးသွားသည့်နေရာအား ယာယီပြန်လည်ထိန်းသိမ်းဆောင်ရွက်ရာတွင် အချိန်တိုအတွင်း အလျင်အမြန်ပြီးစီးအောင် ဝိုင်းဝန်းတိုင်ပင်ဆွေးနွေးပူးပေါင်း ဆောင်ရွက်သွားနိုင်ရန်လိုကြောင်း၊ ရေကြီးရေလျှံမှု အချိန်ကာလကြာမြင့်နေမည်ဆိုပါက လူများ၏နေထိုင်မှုနှင့် စိုက်ပျိုးရေးလုပ်ငန်းများအတွက် ထိခိုက်မှုများပိုမိုများပြားစေမည်ဖြစ်သဖြင့် ရေကျော်စီးဝင်ခဲ့သည့်ရေများ အမြန်ပြန်လည်ကျဆင်းနိုင်ရေး ရေဆင်းလမ်းကြောင်းများ စနစ်တကျဆောင်ရွက်သွားရန်လိုကြောင်း၊ ယခုမိုးရာသီကာလအတွင်း တာတမံမြေနိမ့်ကျမှုများ ထပ်မံမဖြစ်ပေါ်စေရေးအတွက်လည်း လိုအပ်သည့်မြေပြင်ကွင်းဆင်းစစ်ဆေး တိုင်းတာခြင်းလုပ်ငန်းများကို သက်ဆိုင်ရာတာဝန်ရှိသူများက ကြိုတင်ဆောင်ရွက်သွားရန်လိုကြောင်း ဖြည့်စွက်မှာကြားသည်။
သဘာဝဘေးအန္တရာယ် ကာကွယ်တားဆီးနိုင်ရေးနှင့် ပထဝီဝင်အနေအထားအရ ပေးအပ်ထားသည့် အရင်းအမြစ်များအား အကျိုးရှိစွာအသုံးချနိုင်ရေး
ယင်းနောက် နိုင်ငံတော်သမ္မတက အမှာစကားပြောကြားရာတွင် မကြာသေးမီကာလအတွင်းက ငဝန်ရေကာတာနိမ့်ကျ၍ ရေကျော်စီးဝင်ကာ ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ကြောင်း၊ လူသားတို့အနေဖြင့် သဘာဝဘေးအန္တရာယ်ကို ရှောင်လွှဲ၍မရနိုင်သော်လည်း လူတို့၏လုပ်ဆောင်ချက်များဖြင့် ကြိုတင်ကာကွယ်တားဆီးရေးလုပ်ငန်းများကို အတိုင်းအတာတစ်ခုအထိဆောင်ရွက်နိုင်ပြီး သဘာဝဘေးအန္တရာယ် မလွဲမသွေရင်ဆိုင်ကြုံတွေ့လာရပါကလည်း ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို မည်ကဲ့သို့အဆင့်အလိုက် ဆောင်ရွက်ရမည်ကိုလည်း သိရှိနားလည်ကြရန်လိုကြောင်း၊ မိမိယခုလာရောက်ခဲ့ခြင်းသည်လည်း ယခုကြုံတွေ့နေရသည့်သဘာဝဘေးဒဏ်ကို ကျော်လွှားနိုင်ရေး မည်သို့ဆောင်ရွက်ရမည်ကိုသိရှိလို၍ လာရောက်ကြည့်ရှုစစ်ဆေးခြင်းပင်ဖြစ်ကြောင်း၊ မြစ်များ၊ မြစ်လက်တက်များ၊ ချောင်းများအားလုံး၏ ရေစီးရေလာမှုနှင့် ရေဝင်ရေထွက်မှုများ၊ မြစ်ကြမ်းခင်း Bed level များအား စဉ်ဆက်မပြတ် သုတေသနပြုမှတ်တမ်းတင်ခြင်း၊ ဆန်းစစ်လေ့လာခြင်း၊ လိုအပ်သည့်ရေကြောင်းပြုပြင်ထိန်းသိမ်းခြင်းနှင့် နုန်းဆယ်ခြင်းလုပ်ငန်းများဆောင်ရွက်ပေးခြင်း စသည်ဖြင့်ရေကြီးရေလျှံမှုကြောင့် သဘာဝဘေးဒဏ်ဖြစ်ပွားမှုကို ကြိုတင်တားဆီး ကာကွယ်လျှော့ချခြင်းများ ဆောင်ရွက်နိုင်ကြောင်း၊ သို့ဖြစ်၍ ဆည်မြောင်းနှင့် ရေအရင်းအမြစ်ထိန်းသိမ်းရေးဆိုင်ရာ တာဝန်ရှိသူများက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စနစ်တကျစဉ်ဆက်မပြတ် လေ့လာဆန်းစစ်သုံးသပ်စောင့်ကြည့် ဆောင်ရွက်နေကြရန်လိုကြောင်း။
ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသအတွင်း ပင်လယ်ရေငန်ဝင်ရောက်မှုမှ ကာကွယ်နိုင်ရန်နှင့် မြစ်အထက်ပိုင်းမှ စီးဆင်းလာသည့်ရေများအားလုံး လူနေထိုင်ရာနေရာများသို့ဝင်ရောက်မှုမရှိဘဲ ရေစီးကြောင်းအတိုင်းစီးဆင်းသွားနိုင်ရေး စနစ်တကျသုတေသနပြုဆောင်ရွက်သွားနိုင်ရန်လိုကြောင်း၊ မြစ်ချောင်းများ၏ မြစ်ကြမ်းခင်း Bed Level များကို စောင့်ကြည့်ပြုပြင်ထိန်းသိမ်းဆောင်ရွက်မည်ဆိုပါက ရေငန်ဝင်ရောက်မှုများကို အတိုင်းအတာတစ်ခုအထိ လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ ရေငန်ဝင်ရောက်ခြင်းကြောင့် စိုက်ပျိုးရေးလုပ်ငန်းများကို ထိခိုက်စေနိုင်ကြောင်း၊ ထို့ကြောင့် ရေငန်တားတာများတည်ဆောက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခြင်း၊ မြစ်ချောင်းများ၌ Low Head Dam များဆောက်လုပ်ခြင်းဖြင့်လည်း ရေငန်ဝင်ရောက်မှုကိုလျှော့ချနိုင်ကြောင်း၊ မြေအနိမ့်အမြင့်အပေါ်မူတည်၍ အပိုင်းလိုက်ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ငွေကြေးကုန်ကျမှုများပြားနိုင်သော်လည်း ရေရှည်တွင်ပြန်လည်ရရှိမည့်အကျိုးကျေးဇူးများကိုကြည့်၍ စနစ်တကျတွက်ချက်ကာ အကောင်အထည်ဖော်ဆောင်ရွက်သွားရန်လိုကြောင်း။
ပုသိမ်မြစ်နှင့်ပတ်သက်၍ ရှေးယခင်က ပုသိမ်မြစ်အတွင်းသို့ သင်္ဘောကြီးများ ဝင်ထွက်သွားလာဆိုက်ရောက်နိုင်ခဲ့ကြောင်း၊ ယခုအခါ Bed Level များမြင့်တက်လာမှုကြောင့် သင်္ဘောကြီးများဝင်ရောက်နိုင်မှုနည်းပါးလာကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းမှ ထွက်ရှိသည့်ထွက်ကုန်ပစ္စည်းများကို ပုသိမ်မြစ်ကြောင်းမှတစ်ဆင့် သင်္ဘောကြီးများဖြင့် သယ်ယူပို့ဆောင်နိုင်ကြောင်း၊ အလားတူ ပြည်တွင်းအတွက်လိုအပ်သည့်ပစ္စည်းများကို ပုသိမ်မြို့ဆိပ်ကမ်းမှတစ်ဆင့် ဆောင်ရွက်နိုင်ခြင်းကြောင့် မိမိတို့နိုင်ငံ၏ ဒုတိယဆိပ်ကမ်းမြို့ အဖြစ်ဆောင်ရွက်သွားနိုင်ရန်လိုကြောင်း။
မိမိတို့နိုင်ငံအနေဖြင့် သဘာဝမှပေးထားသည့် မြေနှင့်ရေကို အကျိုးရှိရှိအသုံးချနိုင်မည်ဆိုပါက အကျိုးကျေးဇူးများစွာရရှိစေနိုင်မည်ဖြစ်ကြောင်း၊ အဖိုးတန်ရေချိုကို အကျိုးရှိအောင်သုံးစွဲနိုင်ရေး ဆောင်ရွက်ကြရမည်ဖြစ်သကဲ့သို့ စိုက်ပျိုးမြေနေရာများသို့ ရေငန်များဝင်ရောက်မှုမရှိစေရေး ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ မြစ်များအတွင်း သွားလာရေးအတွက် အသုံးပြုနိုင်သကဲ့သို့ မြစ်ရေတင်စီမံကိန်းများဖြင့် စိုက်ပျိုးရေးလုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်နိုင်ကြောင်း၊ ထိုသို့ စိုက်ပျိုးရေးအတွက် လိုအပ်သည့်ရေချိုများရရှိရေး ဆောင်ရွက်ရာတွင် မြစ်ချောင်းများအတွင်း ရေငန်ဝင်ရောက်မှုများမရှိအောင် စနစ်တကျဆောင်ရွက်သွားကြရန်လိုကြောင်း၊ ရေချိုများရရှိစေရေး နွေရာသီကာလတွင် နေရောင်ခြည်စွမ်းအင်သုံး လျှစ်စစ်မြစ်ရေတင်လုပ်ငန်းများဖြင့် ဆောင်ရွက်သွားနိုင်ကြောင်း။
ထိုသို့ဆောင်ရွက်ရာတွင် နိုင်ငံတော်အစိုးရမှ အကောင်အထည်ဖော်ဆောင်ရွက်နိုင်သည်များရှိသကဲ့သို့ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဆောင်ရွက်ပေးခြင်းနှင့် တောင်သူများအနေဖြင့် သမဝါယမစနစ်ဖြင့် စုပေါင်းဆောင်ရွက်၍ရကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးသည် မိမိတို့နိုင်ငံ၏ GDP မြင့်မားသည့် တိုင်းဒေသကြီး ၆ ခုတွင် အမြင့်ဆုံးတွင်ရှိကြောင်း၊ ထို့ကြောင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိပြီးဖြစ်သည့် မြေခံရေခံကောင်းများကို အသုံးချ၍ GDP တိုးတက်မြင့်မားအောင်ဆောင်ရွက်ပြီး ဒေသ၏စီးပွားရေးဖွံ့ဖြိုးတိုးတက် အောင်ဆောင်ရွက်သွားကြရန်လိုကြောင်း။
လူသားအရင်းအမြစ်လိုအပ်ချက်နှင့်ပတ်သက်၍ ဧရာဝတီတိုင်းဒေသကြီးအတွင်း ပညာတတ်လူသားအရင်းအမြစ်များ လုံလောက်စွာရှိပြီးဖြစ်သဖြင့် လူသားအရင်းအမြစ်များကို အရည်အသွေးပိုမိုမြင့်မားလာစေရေး ဆောင်ရွက်ပေးကြရန်လိုကြောင်း၊ ကမ္ဘာပေါ်ရှိဖွံ့ဖြိုးသည့် နိုင်ငံများသည် ပညာတတ်များပေါကြွယ်ဝသည့် နိုင်ငံများဖြစ်ကြကြောင်း၊ ထို့ကြောင့် ပညာတတ်များပေါကြွယ်ဝစေရေး ဝိုင်းဝန်းဆောင်ရွက်ကြရန်လိုသဖြင့် ပညာရေးကိုအားပေးဆောင်ရွက်ကြစေလိုကြောင်း၊ ဆယ်စုနှစ်များအလိုက် ပညာရည်မှတ်တမ်းများအား ပြန်လည်သုံးသပ်ကြည့်ရှုရာတွင် မိမိတို့နိုင်ငံ၏ ပညာရေးကဏ္ဍတွင် အားနည်းမှုများရှိနေသည်ကို တွေ့ရှိရကြောင်း၊ ထို့ကြောင့် မိမိတို့အစိုးရအနေဖြင့် နိုင်တော်၏ပညာရေးကဏ္ဍ မြင့်မားစေရေး KG+9 အထိ မသင်မနေရစနစ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး အခြေခံပညာအလယ်တန်းအဆင့်ကို ရာနှုန်းပြည့် အကောင်အထည်ဖော်ဆောင်ရွက်ပြီးပါက အထက်တန်းအဆင့်သို့ ဆက်လက်အဆင့်မြှင့်တင်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးအတွင်း ရေခံ၊ မြေခံကောင်းများရှိပြီးဖြစ်သဖြင့် အဆိုပါ ရေခံမြေခံကောင်းများကို အသုံးချနိုင်ရန်အတွက် ပညာတတ်လူသားအရင်းအမြစ်များကို မဖြစ်မနေမွေးထုတ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်သွားမည်ဆိုပါက နိုင်ငံအတွင်း ထိပ်တန်းအဆင့်တွင်ရှိသည့် တိုင်းဒေသကြီးတစ်ခုအဖြစ်သို့ ရောက်ရှိလာနိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံတော်မှလည်း အဘက်ဘက်မှ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပြီး ဒေသတွင်းနေထိုင်ကြသူများကလည်းကြိုးစား၍ ဒေသတိုးတက်အောင်ဆောင်ရွက်ကြစေလိုကြောင်း။
နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်အောင် ဝိုင်းဝန်းဆောင်ရွက်ကြရာတွင် မိမိတို့ဒေသအလိုက် ပထဝီဝင်အနေအထားအရပေးအပ်ထားသည့် အရင်းအမြစ်များအား အကျိုးရှိစွာအသုံးချနိုင်ရေးတို့နှင့်ပတ်သက်၍ သာမာန်အားဖြင့် စဉ်းစားဆောင်ရွက်၍မရဘဲ အမြင်ကျယ်ကျယ်နှင့် ဘက်ပေါင်းစုံမှ စဉ်းစားတွေးခေါ် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် ပြည်ထောင်စုအဆင့်မှ မူဝါဒချမှတ်တွန်းအားပေး၍ ဆောင်ရွက်ခြင်းမျိုးမဖြစ်စေလိုဘဲ မိမိတို့တာဝန်ယူထားရသည့် ဒေသအလိုက် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကောင်းရာကောင်းကျိုးများကို လုပ်၍ရသည့်နည်းလမ်းများဖြင့် စေတနာထားကြိုးပမ်းဆောင်ရွက်၍ ဒေသနှင့်နိုင်ငံ၏အကျိုးကို ဖော်ဆောင်သွားကြရန်လိုကြောင်း ပြောကြားသည်။
ဆက်လက်၍ နိုင်ငံတော်သမ္မတသည် အဖွဲ့ဝင်များနှင့်အတူ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ကန်ကြီးထောင့်မြို့နယ်၊ ငပုတောမြို့နယ်နှင့် သာပေါင်းမြို့နယ်တို့အား ရဟတ်ယာဉ်ဖြင့် လှည့်လည်ကြည့်ရှုခဲ့ပြီး တာဝန်ရှိသူများကို လိုအပ်သည်များလမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
