တရားဥပဒေစိုးမိုးရေးကို ထိခိုက်စေသည့် အဂတိလိုက်စားမှုများ ကင်းရှင်းစေရန် အစိုးရအဖွဲ့ဝင်များ၊ နိုင်ငံ့ဝန်ထမ်းများနှင့် အုပ်ချုပ်ရေး အဖွဲ့အစည်းများအားလုံး စိတ်ထားမှန်ကန်စွာ လုပ်ဆောင်ကြရန် အထူးလိုအပ်ကြောင်း နိုင်ငံတော်အစိုးရ ရက်(၁၀၀)ပြည့် နိုင်ငံတော်အခြေပြ မိန့်ခွန်းတွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ထည့်သွင်းပြော ကြားသွားခဲ့သည်။
အဂတိလိုက်စားမှုကိုဥပဒေ၌ အနက်အဓိပ္ပာယ်ဖွင့်ဆိုရာတွင် ဥပဒေ သဘောအရထောင့်စေ့အောင် ရှည်ရှည်လျားလျား ဖွင့်ဆိုထားသည်ကို တွေ့နိုင်သော်လည်း သဘောလက္ခဏာအားဖြင့်မူ ရာထူးတာဝန်ကို အကြောင်းပြုခြင်း၊ တရားနည်းလမ်းမကျ ကိုယ်ကျိုးရယူခြင်း၊ ကျင့်ဝတ် စည်းကမ်းနှင့်မညီခြင်း၊ ဥပဒေဖောက်ဖျက်ခြင်းစသည်တို့ ပေါင်းရုံး ပါဝင်လျက်ရှိသည်။ အဂတိလိုက်စားမှုများဖြစ်သည့် လာဘ်ပေးလာဘ်ယူပြုခြင်း၊ အကျင့်ပျက်ခြစားခြင်းတို့ ရာထူးအဆင့်ဆင့်၊ ဌာနအသီးသီးတို့တွင် ယဉ်ကျေးမှုတစ်ရပ်သဖွယ် အမြစ်တွယ်လာသည်နှင့်အမျှလူမှု အဖွဲ့အစည်းအတွင်း ဆုတ်ယုတ်မှုများမှာ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ် လာစေသည်။
အဂတိလိုက်စားမှုများသည် ငွေစအနည်းငယ်မျှ လက်သိပ်ထိုးပေးရသော ဌာနဂိတ်တံခါးစောင့်မှသည် နိုင်ငံအဆင့်စီမံကိန်းကြီးများအထိ ပုံစံအမျိုးမျိုးရှိနိုင်ပြီး နိုင်ငံအပေါ်သက်ရောက်မှုများမှာလည်း လွန်စွာ ကျယ်ပြန့်သည်။ လေ့လာမှုတစ်ရပ်တွင် အဂတိလိုက်စားမှုသည် နိုင်ငံ တစ်နိုင်ငံ၏ ရင်းနှီးမတည်ငွေအား တဖြည်းဖြည်းနည်းပါးစေခြင်းဖြင့် ရေရှည်တည်တံ့မှုမရှိသော လမ်းကြောင်းပေါ်သို့ ရောက်ရှိစေနိုင်ကြောင်း တွေ့ရသည်ဟုဆိုသည်။ ယှဉ်ပြိုင်ရမည့် လုပ်ငန်းများ သို့မဟုတ် ကန်ထရိုက်စာချုပ်များကို အဂတိဖြင့်ချပေးပါက မျှတသောယှဉ်ပြိုင်မှုကို ထိခိုက်စေပြီး အရည်အသွေးရှိသောလုပ်ငန်းများ ပြိုလဲသွားစေမည် ဖြစ်သည်။ နိုင်ငံတော်ဘဏ္ဍာရန်ပုံငွေသို့ ဝင်ရောက်လာရမည့် အခွန် အမျိုးမျိုးတို့သည် အဂတိလိုက်စားမှုကျူးလွန်သည့် တာဝန်ရှိသူများထံ ပမာဏအမျိုးမျိုးဖြင့် ရောက်ရှိသွားခြင်းကြောင့် အစိုးရကပြည်သူအတွက် ဆောင်ရွက်ပေးရမည့် ပညာရေး၊ ကျန်းမာရေး၊ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး စသည့်လုပ်ငန်းများတွင် ထိခိုက်ယုတ်လျော့စေသည်။ နိုင်ငံဖွံ့ဖြိုးမှုကိုလည်း နှောင့်နှေးနောက်ကျစေသည်။
အုပ်ချုပ်ရေးဆိုင်ရာ အဖွဲ့အစည်းများ၊ တရားဥပဒေစိုးမိုးရေးဆိုင်ရာ အဖွဲ့အစည်းများ၊ အများပြည်သူဝန်ဆောင်မှုဆိုင်ရာ အဖွဲ့အစည်းများတွင် အဂတိလိုက်စားမှုများ ကျယ်ကျယ်ပြန့်ပြန့်ရှိနေမည်ဆိုပါက ပြည်သူလူထုအပေါ် ဖိစီးမှုဖြစ်ပေါ်စေပြီး စိတ်ငြိုငြင်မှုများ ဖြစ်ပေါ်လာစေကာ ဆိုင်ရာအဖွဲ့အစည်းများနှင့် အစိုးရအပေါ် ယုံကြည်ကိုးစားမှု ကျဆင်းလာစေသည်။ တစ်ဆက်တည်းတွင် အဖွဲ့အစည်းများအနေဖြင့်လည်း စွမ်းဆောင်ရည်ကျဆင်းလာစေပြီး တရားဥပဒေစိုးမိုးမှု လျော့ပါးလာစေ မည်ဖြစ်သည်။
‘‘အဂတိလိုက်စားမှု တိုက်ဖျက်ရေးသည်လည်း နိုင်ငံတော်တည်ဆောက်ရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကဦးစားပေး လုပ်ငန်းရပ်တစ်ခုဖြစ်ပါကြောင်း၊ ယခင် ဒီမိုကရေစီဒုတိယအစိုးရ သက်တမ်းကာလအတွင်း တာဝန်ရှိသူများ၏ မဆင်မခြင်ဆောင်ရွက်မှုများနှင့် အဂတိလိုက်စားမှုများကြောင့် နိုင်ငံတော်အနေဖြင့် အမေရိကန် ဒေါ်လာ ၁၃ ဒသမ ၃ သန်းနှင့် မြန်မာငွေကျပ် ၂၂၆ ဒသမ ၁ ဘီလီယံကျော် နစ်နာဆုံးရှုံးခဲ့ရပါကြောင်း၊ ‘သန့်ရှင်းသည့်အစိုးရ၊ ကောင်းမွန်သည့် အုပ်ချုပ်မှု’ဖြစ်စေရေးကို အဓိကရည်မှန်းချက်အဖြစ် ဆောင်ရွက်သွား မည်ဖြစ်ပြီး ပြည်ထောင်စုအဆင့်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်များသာမက ပြည်သူလူထုနှင့် တိုက်ရိုက်ထိတွေ့နေရသည့် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေး အဖွဲ့အစည်းများကပါ အဂတိကင်းရှင်းစေရေး စနစ်တကျ ကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။’’ နိုင်ငံတော် အခြေပြမိန့်ခွန်းတွင် နိုင်ငံတော်သမ္မတက ပြောကြားခဲ့ရာ အလေး အနက်ပြုကြရန်လိုအပ်သည်။
သန့်ရှင်းသည့် အစိုးရ၊ ကောင်းမွန်သည့်အုပ်ချုပ်မှုကို အကောင်အထည်ဖော်ရာတွင် နိုင်ငံတော် (The State) တွင် တာဝန်ရှိသော ဌာနဆိုင်ရာအဖွဲ့အစည်းများမှ နိုင်ငံ့ဝန်ထမ်းအဆင့်ဆင့်၊ ပုဂ္ဂလိကပိုင်ကဏ္ဍများ၊ မြန်မာ့လူမှုအဖွဲ့အစည်း (Civil Societies) များက အဓိကပါဝင်ကြရမည်ဖြစ်သည်။ ကောင်းမွန်သော အုပ်ချုပ်ရေးကသာ ကောင်းမွန်သည့် လူ့အဖွဲ့အစည်းကို တည်ဆောက်နိုင်မည်ဖြစ်သကဲ့သို့ ကောင်းမွန်သည့်လူ့အဖွဲ့အစည်းကသာ ကောင်းမွန်သည့်အုပ်ချုပ် ရေးစနစ်ကို အထောက်အကူပြုနိုင်မည်ဖြစ်သည်။ ကောင်းမွန်သည့် အုပ်ချုပ်မှုဆိုင်ရာ စံနှုန်းများဖြစ်သော ပွင့်လင်းမှု၊ တာဝန်ခံမှု၊ ဥပဒေနှင့် ညီညွတ်မှု၊ စွမ်းဆောင်ရည်ပြည့်ဝမှု၊ ပြည်သူလူထု၏ ဆန္ဒသဘောထားကို အလေးထားမှုတို့နှင့်အညီ အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ နိုင်ငံ့ဝန်ထမ်း အဖွဲ့အစည်းများအတွင်း အဂတိကင်းရှင်းစွာဖြင့် နိုင်ငံတော်တည် ဆောက်ရေး၊ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းအားထုတ် ဆောင်ရွက်ကြရပါမည့်အကြောင်း။ ။
