Skip to main content

မန္တလေးမြို့ရှိ မီလျံနာရွှေဆိုင်နှင့် ပေါ်ဦးရွှေဆိုင်တို့ကို ဓားပြတိုက်လုယက်မှု ကျူးလွန်ခဲ့သူ တရားခံအမျိုးသား ၁၀ ဦး၊ အမျိုးသမီးသုံးဦး ဖမ်းဆီးရမိ

နေပြည်တော် ဩဂုတ် ၁

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်ရှိ မီလျံနာရွှေဆိုင်နှင့် မဟာအောင်မြေမြို့နယ်ရှိ ပေါ်ဦးရွှေဆိုင်တို့အား သေနတ်ပစ်ဖောက်ဝင်ရောက်၍ ဓားပြတိုက်လုယက်မှုကျူးလွန်ခဲ့သူ တရားခံ အမျိုးသား ၁၀ ဦး၊ အမျိုးသမီး သုံးဦးတို့အား သက်သေခံပစ္စည်းများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဇူလိုင် ၂၀ ရက် မွန်းလွဲပိုင်းက ချမ်းမြသာစည် မြို့နယ် မြို့သစ် (၃) ရပ်ကွက် ၆၂ လမ်းနှင့် ၆၄ လမ်းကြား မနော်ဟရီလမ်းရှိ မီလျံနာရွှေဆိုင်အား အမျိုးသားခြောက်ဦးက ဆိုင်ကယ်သုံးစီးဖြင့် ရောက်ရှိလာပြီး ဆိုင်အတွင်းသို့ သေနတ်ပစ်ဖောက်ဝင်ရောက်ကာ မှန်ကောင်တာများအား ပုဆိန်ဖြင့် ရိုက်ခွဲ၍ ရွှေထည်ပစ္စည်းမျိုးစုံ၊ စုစုပေါင်းရွှေချိန် ၈၅ ကျပ်သား ၄ ပဲခန့် (တန်ဖိုးငွေကျပ် ၅၉၂၉ သိန်း) ခန့်အား ဓားပြတိုက်လုယက် ယူဆောင်ထွက်ပြေးသွားခဲ့ခြင်းဖြစ်သည်။

မီလျံနာရွှေဆိုင်အား လုယက်မှုကျူးလွန်ရာတွင် သိန်းမြင့် (ခ) ရွှေဘိုမောင်နိုင် (ခ) မျိုးခိုင် (ခ) ကိုနိုင်က ခေါင်းဆောင်အဖြစ် ဆောင်ရွက်ပြီး လုယက်မှုကျူးလွန်ရန် ရွှေဆိုင်များအား လှည့်လည်ကြည့်ရှုခြင်းနှင့် လုယက်စဉ် ဆိုင်ရှေ့လမ်းပေါ်မှ အခြေအနေစောင့်ကြည့်ပေးခဲ့ကြောင်း၊ ရွှေဆိုင်အတွင်းသို့ အောင်ကျော်ဇော (ခ) အောင်ကျော် (ခ) အကြီးကောင်က သေနတ်ပစ်ဖောက်ဝင်ရောက်၍ ကျော်စိုးဝင်းက ဆိုင်အပြင်မှ လေးခွဖြင့် ပစ်ခတ်ရန် အသင့်စောင့်နေခဲ့ပြီး ကောင်းခန့်ကျော် (ခ) ဘိုကောင်းက ပုဆိန်ဖြင့် မှန်ကောင်တာများအား ထုခွဲကာ ထက်ဝေကျော် (ခ) ကိုထက်နှင့် ရှိုင်းကို (ခ) ငရှိုင်းတို့ နှစ်ဦးက ရွှေထည်ပစ္စည်းများအား သယ်ယူခဲ့ကြကြောင်း၊ လုယက်မှုကျူးလွန်ရာမှ ရရှိခဲ့သည့် ရွှေထည်ပစ္စည်းများအား သိန်းမြင့် (ခ) ရွှေဘိုမောင်နိုင် (ခ) မျိုးခိုင် (ခ) ကိုနိုင်၏ နေအိမ်တွင် အရည်ကျိုပုံဖျက်၍ ၎င်း၏ဇနီးဖြစ်သူ အိအိချောနှင့် ချွေးမဖြစ်သူ နှင်းသန္တာအောင် (ခ) နှင်းနှင်းတို့က ၎င်းရွှေတုံးများအား ရန်ကုန်မြို့ရှိ မောင်မောင်မင်းဇော် (ခ) ကိုမင်း (ခ) ကျားကြီး၏ ချိတ်ဆက်ပေးမှုဖြင့် ရွှေရောင်းဝယ်လုပ်ကိုင်သူ နေလင်းထံတွင် ရောင်းချခဲ့ကြောင်း သိရသည်။

စစ်ဆေးဖော်ထုတ်ချက်များအရ သိန်းမြင့် (ခ) ရွှေဘိုမောင်နိုင် (ခ) မျိုးခိုင် (ခ) ကိုနိုင်၊ ကောင်းခန့်ကျော် (ခ) ဘိုကောင်း၊ အောင်ကျော်ဇော (ခ) အောင်ကျော် (ခ) အကြီးကောင်တို့ သုံးဦးသည် ထွန်းလင်းအောင် (ခ) နိုင်ကိုကိုနှင့် ဝေဖုန်းသူ (ခ) ဝေကြီးတို့ နှစ်ဦးနှင့်အတူ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၃၀ ရက် နံနက်ပိုင်းတွင် မဟာအောင်မြေမြို့နယ် ရွှေဘုန်းရှိန်ရပ်ကွက်ရှိ ပေါ်ဦးရွှေဆိုင်အား သေနတ်ဖြင့် ပစ်ခတ်ခြိမ်းခြောက်၍ ရွှေထည်ပစ္စည်းများ လုယက်မှုကျူးလွန်ခဲ့ကြကြောင်း၊ လုယက်ရာမှရရှိသည့် ရွှေထည်ပစ္စည်းများအား သန်းစိုးက ထုခွဲရောင်းချပေးခဲ့ကြောင်း သိရပြီး ပြည်ကြီးတံခွန်မြို့နယ် သင်ပန်းကုန်းရပ်ကွက်နေ သန်းစိုး (၅၅) နှစ်၊ ထွန်းလင်းအောင် (ခ) နိုင်ကိုကို (၂၈) နှစ်တို့ကို ဖမ်းဆီးရမိခဲ့သည်။

ထို့ပြင် အောင်ကျော်ဇော (ခ) အောင်ကျော် (ခ) အကြီးကောင်သည် ၂၀၂၅ ခုနှစ် ဧပြီ ၁၀ ရက်တွင် အောင်မြေသာစံမြို့နယ်ရှိ မိုးမန္တလေးရွှေဆိုင်အား လုယက်မှုမှ ဖမ်းဆီးရမိတရားခံများဖြစ်ကြသည့် ငြိမ်းလင်းကိုကို (ခ) ငလက်မ၊ ရဲနိုင်စိုးနှင့် နိုင်လင်းခန့် (ခ) မိုးဒီ၊ ဖမ်းဆီးရန်ကျန်တရားခံများဖြစ်ကြသည့် အောင်ကျော်ဦး (ခ) ဆံရှည်၊ ဝေဖုန်းသူ (ခ) ဝေကြီးတို့နှင့်အတူ လုယက်မှုကျူးလွန်ခဲ့ကြောင်းလည်း ထပ်မံဖော်ထုတ်သိရှိရသည်။

ဖြစ်စဉ်တွင် ချမ်းမြသာစည်မြို့နယ်ရှိ မီလျံနာရွှေဆိုင်အား လုယက်မှုကျူးလွန်သူ တရားခံ သိန်းမြင့် (ခ) ရွှေဘိုမောင်နိုင် (ခ) မျိုးခိုင် (ခ) ကိုနိုင်တို့ ခြောက်ဦးနှင့် ပူးပေါင်းပါဝင်သူ ငါးဦး စုစုပေါင်း တရားခံ ၁၁ ဦးတို့အား ရွှေထည်ပစ္စည်း စုစုပေါင်းအလေးချိန် ၄၂ ကျပ်သား ၁၄ ပဲ ၃ ရွေး၊ ငွေကျပ် သိန်း ၅၄၀ ၊ SHG SAUER P 320 အမျိုးအစား ပစ္စတိုသေနတ် တစ်လက်၊ ၎င်းကျည်အိမ် နှစ်ခု၊ A USA 380 AUTO ကျည် ၂၇ တောင့်၊ ဆိုင်ကယ်လေးစီး၊ လေးခွတစ်လက်၊ မူလီ (ကုန်းသီး) ၃၁ လုံးတို့နှင့်လည်းကောင်း၊ မဟာအောင်မြေမြို့နယ်ရှိ ပေါ်ဦးရွှေဆိုင်အား လုယက်ရာတွင် သိန်းမြင့် (ခ) ရွှေဘိုမောင်နိုင် (ခ) မျိုးခိုင် (ခ) ကိုနိုင်၊ အောင်ကျော်ဇော (ခ) အောင်ကျော် (ခ) အကြီးကောင်၊ ကောင်းခန့်ကျော် (ခ) ဘိုကောင်းတို့ သုံးဦးနှင့်အတူ ပူးပေါင်းကျူးလွန်ခဲ့သူများဖြစ်ကြသည့် ထွန်းလင်းအောင် (ခ) နိုင်ကိုကိုနှင့် သန်းစိုးတို့ နှစ်ဦးအား လည်းကောင်း ထပ်မံဖော်ထုတ် ဖမ်းဆီးရမိခဲ့ရာ လုယက်မှု နှစ်မှုမှ ဖမ်းဆီးရမိတရားခံ အမျိုးသား ၁၀ ဦး၊ အမျိုးသမီး သုံးဦး စုစုပေါင်းတရားခံ ၁၃ ဦးတို့အား ဥပဒေနှင့်အညီ အရေးယူနိုင်ရေးနှင့် လုယက်မှုများမှ ဖမ်းဆီးရန်ကျန် တရားခံများနှင့် သက်သေခံပစ္စည်းများ သိမ်းဆည်းရမိရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်