Skip to main content

ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဦးဆောင်အဖွဲ့၏ (၁/၂ဝ၂၆) ကြိမ်မြောက် စုံညီအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော် ဇူလိုင် ၂၈

တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဦးဆောင်အဖွဲ့၏ (၁/၂၀၂၆) ကြိမ်မြောက် စုံညီအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဦးဆောင်အဖွဲ့ အဖွဲ့ခေါင်းဆောင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး တက်ရောက်အမှာစကား ပြောကြားသည်။

အစည်းအဝေးသို့ တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဦးဆောင်အဖွဲ့ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အသင်းအဖွဲ့များမှ ဒုတိယဥက္ကဋ္ဌများ၊ ပညာရှင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးချုပ်များနှင့် တာဝန်ရှိသူများက အွန်လိုင်း မှ virtual စနစ်ဖြင့် တက်ရောက်ကြသည်။

ဦးစွာ ဒုတိယသမ္မတ ဒေါ်နန်းနီနီအေးက အမှာစကားပြောကြားရာတွင် မိမိတို့နိုင်ငံသည် စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အခြေခံပြီး နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်လျက်ရှိရာ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးသည် အလွန်အရေးကြီးပြီး စိုက်ပျိုးမွေးမြူသူများ၏ အခွင့်အရေးများ နစ်နာဆုံးရှုံးမှုမရှိအောင် ကာကွယ်ပေးရန်လိုအပ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ၏ အဓိကလိုအပ်ချက်ဖြစ်သည့် မျိုး၊ မြေ၊ ရေ၊ နည်းနှင့် အရင်းအနှီးရရှိရေး ပံ့ပိုးဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ သွင်းအားစုများဖြစ်သော အရည်အသွေးကောင်းမျိုးစေ့၊ မျိုး၊ ပျိုးပင်၊ သားပေါက်များ အသုံးပြုနိုင်စေရန် ၊ မြေဩဇာ၊ ပိုးသတ်ဆေး၊ ရေအရင်းအမြစ်၊ တိရစ္ဆာန်အစာ၊ တိရစ္ဆာန်ဆေးဝါး စသည်တို့နှင့် လိုအပ်သော နည်းပညာများကို တောင်သူလယ်သမားများ လက်လှမ်းမီရရှိနိုင်စေရေးနှင့် အရင်းအနှီးများစွာမတတ်နိုင်သည့် လုပ်ကွက်ငယ်တောင်သူများအတွက် သင့်တင့်သော စိုက်ပျိုးစရိတ်ချေးငွေရရှိရန် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း။

တောင်သူတိုင်းက ဈေးကွက်ကို လက်လှမ်းမီစေရန် ပြည်တွင်း၊ ပြည်ပဈေးကွက်ဆိုင်ရာ သတင်းအချက်အလက်ဗဟုသုတများ၊ ခေတ်မီသတင်းအချက်အလက်နည်းပညာများ ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ ဈေးကွက်ကို လက်လှမ်းမမီနိုင်သည့် လုပ်ကွက်ငယ်တောင်သူများအတွက် တောင်သူအစုအဖွဲ့များနှင့် စုပေါင်းရောင်းချ၊ ဝယ်ယူ၊ လုပ်ကိုင်တတ်စေရေး ကူညီပံ့ပိုး ဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က စိုက်ပျိုးစရိတ်ချေးငွေများကို အချိန်ကာလနှင့် လိုက်လျောညီထွေရှိသည့် ပမာဏအတိုင်း တိုးမြှင့်ထုတ်ချေးပေးလျက်ရှိသည့်အပြင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေတစ်ရပ် ထူထောင်ပြီး စပါးနှင့်ဆီထွက်သီးနှံများ စိုက်ပျိုးထုတ်လုပ်ရာတွင် လိုအပ်သော ဓာတ်မြေဩဇာကို သီးနှံပေါ်ချိန်တွင် ခုနှိမ်ပေးဆပ်စေသောစနစ်ဖြင့် တောင်သူများအား ကူညီဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ တောင်သူလယ်သမားများအနေဖြင့် စိုက်ပျိုးမွေးမြူထုတ်လုပ်မှု နည်းပညာအသစ်များ၌ အလွယ်တကူ ရင်းနှီးမြှုပ်နှံလုပ်ကိုင်လာနိုင်စေရန် ခိုင်မာစိတ်ချရသော ကျေးလက်ချေးငွေနှင့် ငွေရေးကြေးရေးစနစ်များ ဖွံ့ဖြိုးအားကောင်းလာအောင် ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။

ဒေသတွင်းနိုင်ငံအဖွဲ့အစည်းများဖြစ်ကြသည့် အာဆီယံ (ASEAN)၊ ဘင်းမ်စတက် (BIMSTEC) နှင့် မဟာမဲခေါင်ဒေသခွဲနိုင်ငံများ (GMS) က လွှင့်တင်ထားသည့် ဈေးကွက်နှင့် ကုန်သွယ်မှုဆိုင်ရာ သတင်းအချက်အလက်များ၊ အခါအားလျော်စွာထုတ်ပြန်သော ကုန်သွယ်မှု မူဝါဒများကို သက်ဆိုင်ရာ အဖွဲ့ဝင်များအနေဖြင့် ကြိုတင်သိရှိနိုင်အောင် လေ့လာပြီး မိမိတို့တောင်သူလယ်သမားများ ထုတ်ကုန်ထွက်ရှိချိန်ရောက်မှ ကြီးမားသည့် ဈေးကွက်အပြောင်းအလဲများကြောင့် ဆုံးရှုံးနစ်နာမှုမဖြစ်ရအောင် သတိပေးဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း။

မိမိတို့နိုင်ငံသည် ဒေသတွင်းနိုင်ငံများတွင် မြေသယံဇာတ၊ ရေသယံဇာတများ ကြွယ်ဝသည့် နိုင်ငံတစ်နိုင်ငံဖြစ်၍ ယင်းတို့ကို အကျိုးအရှိဆုံးအသုံးပြုပြီး ကမ္ဘာလုံးဆိုင်ရာပြောင်းလဲလာသော စားရေရိက္ခာစနစ်များနှင့် လိုက်လျောညီထွေရှိသည့် စိုက်ပျိုးမွေးမြူထုတ်လုပ်မှုစနစ်များကို လိုက်ပါပြောင်းလဲဆောင်ရွက်ရန် လိုအပ်လာပြီဖြစ်ပါကြောင်း၊ ယင်းသို့ဆောင်ရွက်ရာတွင် စားရေရိက္ခာ ဖူလုံခြင်းသာမက အာဟာရမျှတပြည့်စုံခြင်း၊ ဘေးအန္တရာယ်ကင်းရှင်းပြီး ကုန်ထုတ်လုပ်မှု တိုးတက်ရုံသာမက ရေရှည်ဖွံ့ဖြိုးတိုးတက်စေခြင်းတို့အတွက် လိုအပ်သောမူဝါဒများ ချမှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်သွားရမည်ဖြစ်သကဲ့သို့ ထုတ်ပြန်ထားပြီးသည့် ဥပဒေ၊ နည်းဥပဒေ၊ မူဝါဒ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ငန်းတာဝန်များကိုလည်း အလေးထားလိုက်နာ၍ တိုးတက်မှုရှိအောင် ကြိုးစားဆောင်ရွက်သွားကြရန်လိုကြောင်း ပြောကြားသည်။

ထို့နောက် ဦးဆောင်အဖွဲ့အတွင်းရေးမှူး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဦးဆောင်အဖွဲ့၊ လုပ်ငန်းကော်မတီ၊ လုပ်ငန်းအဖွဲ့များနှင့် လုပ်ငန်းတာဝန်များ ဖွဲ့စည်းသတ်မှတ်ထားရှိမှုအခြေအနေများနှင့် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကိုရှင်းလင်းတင်ပြသည်။
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ဦးဆောင်အဖွဲ့ အဖွဲ့ဝင်များက တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဆိုင်ရာလုပ်ငန်းများနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍအလိုက် ယခင်အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအမံများကို ဆွေးနွေးအကြုံပြုတင်ပြကြရာ ဒုတိယသမ္မတက ဖြည့်စွက်ဆွေးနွေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေး၍ နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။