Skip to main content

နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်ခံယုံကြည်သည့် KNLA အဖွဲ့နှင့် PDF အမည်ခံအဖွဲ့ဝင် အမျိုးသား ၁၈ ဦးနှင့် အမျိုးသမီး တစ်ဦးတို့သည် လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်

နေပြည်တော် ဇူလိုင် ၂၂

နိုင်ငံတော်အစိုးရသည် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုး အမည်ခံ၍ လက်နက်ကိုင် ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဖိတ်ခေါ်၍ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာကြသူများကိုလည်း လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးလျက်ရှိရာ နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို နားလည်သဘောပေါက်လာသည့် KNLA အဖွဲ့နှင့် PDF အမည်ခံအဖွဲ့ဝင် အမျိုးသား ၁၈ ဦးနှင့် အမျိုးသမီး တစ်ဦး စုစုပေါင်း ၁၉ ဦးတို့သည် လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ထပ်မံဝင်ရောက်လာကြရာ ကြိုဆိုလက်ခံ၍ မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံပွဲကို ယနေ့နံနက်ပိုင်းတွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ အေးချမ်းဖြိုးခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် စိုးကျော်ထက်နှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာခဲ့ကြသည့် အဖွဲ့ဝင်များနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးက နယ်မြေဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေပုဒ်မများနှင့်ပတ်သက်၍ အသိပညာပေးစကားများ ရှင်းလင်းဆွေးနွေးပြောကြားသည်။ ထို့နောက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြသူများက ၎င်းတို့နှင့်အတူ ပါရှိလာသည့် MA -1 သေနတ် တစ်လက်၊ MA -4 သေနတ်တစ်လက်၊ M-79 သေနတ်တစ်လက်၊ အီနာဂါဗုံးသီးတစ်လုံး၊ လက်ပစ်ဗုံး သုံးလုံး၊ ၅ ဒသမ ၅၆ မမကျည် ၉၅ တောင့်၊ ကျည်အိမ်လေးခုနှင့် စနက်တံတစ်ချောင်းတို့ကို လွှဲပြောင်းအပ်နှံရာ တိုင်းမှူးက လက်ခံရယူသည်။ ယင်းနောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများအား မောင်းပြန်ရိုင်ဖယ်သုံးလက်အတွက် ဆုကြေးငွေကျပ် သိန်း ၁၅၀၊ အီနာ ဂါဗုံးသီး တစ်လုံးအတွက် ဆုကြေးငွေကျပ် သုံးသိန်း၊ လက်ပစ်ဗုံး သုံးလုံးအတွက် ဆုကြေးငွေကျပ် ကိုးသိန်းနှင့် အလင်းဝင်ရောက်လာသူ ၁၉ ဦးအား တစ်ဦးလျှင် ဆုကြေးငွေကျပ် သုံးသိန်းစီ ပေးအပ်ကာ ခံဝန်ကတိလက်မှတ်ရေးထိုးစေပြီး မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံပေးရာ အလင်းဝင်ရောက်လာသူများ၏ကိုယ်စား အလင်းဝင်လာသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ထိုသို့ ဥပဒေဘောင်အတွင်း လက်နက်၊ ခဲယမ်းများနှင့်အတူ ပြန်လည်ဝင်ရောက်လာကြသူများမှာ လက်ပံတန်းမြို့မှ အမျိုးသား တစ်ဦး၊ ပြည်မြို့မှ အမျိုးသား တစ်ဦး၊ ကျောက်တံခါးမြို့မှ အမျိုးသား သုံးဦး၊ ကြို့ပင်ကောက်မြို့မှ အမျိုးသား တစ်ဦး၊ ပေါင်းတည်မြို့မှ အမျိုးသား သုံးဦး၊ ညောင်လေးပင်မြို့မှ အမျိုးသား ငါးဦးနှင့် အမျိုးသမီး တစ်ဦး၊ နတ်တလင်းမြို့မှ အမျိုးသား တစ်ဦး၊ မင်းလှမြို့မှ အမျိုးသား နှစ်ဦး၊ ပေါက်ခေါင်းမြို့မှ အမျိုးသား တစ်ဦး စုစုပေါင်း ၁၉ ဦးဖြစ်ကြောင်း သိရှိရသည်။

ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသူများအား ပြန်လည်ကြိုဆိုလက်ခံ၍ လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးကာ မိဘအုပ်ထိန်းသူများထံသို့ စနစ်တကျပြန်လည်လွှဲအပ်ပေးလျက်ရှိရာ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဆန္ဒရှိသူများ ကျန်ရှိနေသေးကြောင်း သိရှိရပြီး ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လိုသူများအနေဖြင့် နီးစပ်ရာ ခရိုင်၊ မြို့နယ် အုပ်ချုပ်ရေးအဖွဲ့များ၊ တပ်စခန်းများနှင့် ရဲစခန်းများသို့ အမြန်ဆက်သွယ်သတင်းပေးပို့လာပါက ကြိုဆိုလက်ခံကာ လိုအပ်သည့်ကူညီထောက်ပံ့မှုများ ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် လက်နက်၊ ခဲယမ်းများအတွက် ဆုကြေးငွေများ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူများ၏ စကားသံများကိုလည်း ယခုကဲ့သို့ ကြားသိရပါသည်-

၁။ ကျောင်းတက်တုန်းက ကျောင်းအုပ်ကြီးက CDM လုပ်တော့ သူ့တပည့်ဆိုတော့ သူနဲ့ပါသွားတာ။ ပထမတစ်ခေါက် ထွက်ပြေးတုန်းကတော့ လက်နက်သုံးလက်ပါသွားတယ်ပေါ့။ တစ်ယောက်တည်းပြေးတာ ပြေးတဲ့အချိန်မှာ KNU ဂိတ်တွေက အများကြီးပဲ။ ကိုယ်က တောလမ်းကနေပတ်တစ်ခါပတ်လည်း ဂိတ်ပြန်ရောက်၊ နှစ်ခါပတ်လည်း ဂိတ်ပြန်ရောက်နဲ့ ပြန်မိသွားတာ။ ဟိုရောက်သွားလို့ရှိရင် သူတို့က ငါတို့ကို မျှားခေါ်တာလား။ ငါတို့ကို ထုမှာလား။ ထောင်းမှာလား။ ဒီထဲရောက်လာတဲ့အချိန်မှာတော့ ကိုယ်ထင်ထားသလို မဟုတ်ဘူး။ ကိုယ့်အပေါ်အများကြီး ကောင်းခဲ့တယ်။ အများကြီးနားလည်မှုပေးကြတယ်။ အခုလက်ရှိ ကျန်ခဲ့တဲ့ရဲဘော်တွေကတော့ ကျွန်တော့်ကို အခုကြည့်နေတယ်ဆိုရင်တော့ လာခဲ့ကြပါလို့ပဲ ဖိတ်ခေါ်ချင်ပါတယ်။

၂။ ရောက်ရှိခဲ့တဲ့ အဖွဲ့အစည်းကတော့ KNU တပ်မဟာ (၃) ရောက်ရှိခဲ့တာပါ။ အသက်ကတော့ ခုမှ ၂၀ ပြည့်တာပါ။ အားကစားသိပ္ပံတက်မယ်ဆိုပြီးတော့ သူငယ်ချင်းတွေရဲ့ အဖော်ဆွယ်မှုကြောင့် ဟိုဘက်ထဲရောက်သွားတယ်။ ရောက်ပြီးတော့ ကိုယ်ဖြစ်ချင်တဲ့အရာနဲ့ လုံးဝဆန့်ကျင်ဘက်ကြီး ဖြစ်သွားတာပေါ့။ လှူတဲ့ပိုက်ဆံတွေ၊ ရတဲ့ပိုက်ဆံတွေကတော့ ဘာတွေဝယ်တယ်။ ဘာတွေလုပ်လဲတော့ မသိဘူး၊ လစာမရှိဘူး။ ပထမတစ်နှစ် ဖာပွန်မသွားခင်မှာကတည်းက စိတ်ကုန်တာ စိတ်ပျက်တာပါ။ ဒါပေမယ့် ပြန်လာဖို့ကျတော့ အခွင့်အလမ်းမရခဲ့တဲ့အတွက် အချိန်တွေ နည်းနည်းလေးကြာသွားခဲ့တယ်။ အခုဒီနောက်ပိုင်းမှာ ချိတ်ဆက်ပြီး ဒီဘက်ကို ပြန်ပြီးအခြေချခဲ့တာပေါ့။ ဒီဘက်ကတော့ ကိုယ်လုံးဝမထင်ထားတဲ့ အရာမျိုးနဲ့ ကြိုဆိုတာပေါ့။ အလွန်လည်းဝမ်းသာပါတယ်။ ဒီလိုမျိုးကြိုဆိုမှုအတွက် ကျေးဇူးလည်းတင်ပါတယ်။ ပြောမပြတတ်လောက်အောင် ပျော်တာပေါ့။ ကိုယ့်မိသားစုနဲ့ကိုယ် အတူပြန်နေရတယ်။ ကိုယ်လုံးဝရည်မှန်းထားတဲ့ အရာကိုလည်း ပြန်ပြီးတော့ဖြည့်ဆည်းလို့ရတာပေါ့။ တိုက်တွန်းချင်တာကတော့ ဦးနှောက်ပါတဲ့ လူတစ်ယောက်ကတော့ ဒီအရာကို ဘယ်လိုတွေးတယ်။ ဘယ်လိုလုပ်လဲ။ ဘယ်လိုဖြတ်သန်းရလဲဆိုတာကို ဆုံးဖြတ်လို့ရတာပေါ့။ တစ်ဖက်လူရဲ့ တွန်းအားပေးမှုကြောင့် သူများလုပ်တဲ့အတိုင်း လိုက်မလုပ်ဖို့လည်း ပြောချင်ပါတယ်။ ကျွန်တော်ဒီကနေပြီးတော့ ဖိတ်ခေါ်ပါတယ်။

သတင်းစဉ်