Skip to main content

တပ်မတော်စစ်ကြောင်းများက ကလေး-တမူးလမ်းကြောင်းပေါ်ရှိ အကြမ်းဖက်သမားများ ယာယီစိုးမိုးထားသည့် ခါမ်းပါတ်မြို့နယ် ကမ္မကြီးကျေးရွာအား ထပ်မံသိမ်းပိုက်ရရှိ

နေပြည်တော် ဇူလိုင် ၂၂

တပ်မတော်အနေဖြင့် မြန်မာ - အိန္ဒိယ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးအတွက် အဓိကအရေးပါသည့် လမ်းကြောင်းတစ်ခုဖြစ်သော ကလေး - တမူးလမ်းကြောင်းတစ်လျှောက်အား ပြန်လည်ထိန်းချုပ်ဖွင့်လှစ်ပေးနိုင်ရေးအတွက် အင်တိုက်အားတိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

တပ်မတော်စစ်ကြောင်းများသည် အဆိုပါလမ်းကြောင်းအား အမြန်ဆုံးပြန်လည်ဖွင့်လှစ်ပေးနိုင်ရေး နယ်မြေလုံခြုံရေးလုပ်ငန်းများကို နေ့မအား ညမနား အရှိန်အဟုန်မြှင့်ဆောင်ရွက်ခဲ့ရာ ခါမ်းပါတ်မြို့ဘက်မှ ချီတက်လာသော တပ်မတော်စစ်ကြောင်းသည် အကြမ်းဖက်သောင်းကျန်းသူများ ယာယီအခြေပြုနေထိုင်သည့် ကမ္မကြီး (ချင်း) ကျေးရွာအား ဇူလိုင် ၁၉ ရက်တွင်လည်းကောင်း၊ ကမ္မကြီး (ဗမာ) ကျေးရွာအား ဇူလိုင် ၂၁ ရက်တွင်လည်းကောင်း အသီးသီး ထပ်မံသိမ်းပိုက်ရရှိခဲ့သည်။ ထိုသို့ တိုက်ခိုက်သိမ်းပိုက်စဉ် အကြမ်းဖက်သောင်းကျန်းသူများနှင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး လက်နက်၊ ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ သိမ်းပိုက်ရရှိခဲ့ကာ အကြမ်းဖက်သောင်းကျန်းသူများသည် ထိခိုက်သေဆုံးမှုများစွာဖြင့် ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း သိရှိရသည်။

တပ်မတော်စစ်ကြောင်းများအနေဖြင့် ဒေသခံပြည်သူများ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသတွင်းကုန်စည်စီးဆင်းမှုအတွက် များစွာအထောက်အကူပြုအရေးပါသည့် ကလေး - တမူး ဆက်သွယ်ရေးလမ်းကြောင်းအား အမြန်ဆုံးပြန်လည်ထိန်းချုပ် ဖွင့်လှစ်ပေးနိုင်ရေးအတွက် လိုအပ်သည့်နယ်မြေလုံခြုံရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းနှင့် အကြမ်းဖက်သမားများ၏ လုပ်ရပ်များကြောင့် ပျက်စီးခဲ့ရသည့် အခြေခံအဆောက်အအုံများ ပြန်လည်ပြုပြင်ပေးခြင်းလုပ်ငန်းများကိုလည်း သက်ဆိုင်ရာဌာနများအလိုက် တာဝန်ရှိသူများ၊ ဒေသခံပြည်သူများနှင့်ပူးပေါင်း၍ လိုအပ်သည်များ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်