ရန်ကုန် ဇူလိုင် ၂၂
ထိုင်းနိုင်ငံ ဘော်ဝင်းအနီး ယာဉ်တိုက်ခံရပြီး သေဆုံးခဲ့သည့် မြန်မာအလုပ်သမားအတွက် ရသင့်ရထိုက်သည့်နစ်နာကြေး အခွင့်အရေးများအပြည့်အဝရရှိစေရန် လိုက်ပါကူညီဆောင်ရွက်ပေးနေကြောင်း အလုပ်သမားသံအရာရှိရုံးမှ သိရသည်။
အလုပ်သမားသံအရာရှိရုံးမှ အလုပ်သမားသံမှူးနှင့်အဖွဲ့သည် ဇူလိုင် ၁၈ ရက်တွင် ချွန်ဘူရီခရိုင် ဘော်ဝင်းရဲစခန်းသို့သွားရောက်ကာ ဇူလိုင် ၁၂ ရက်က ဘော်ဝင်းအနီး ယာဉ်တိုက်ခံရပြီး သေဆုံးခဲ့သည့်မြန်မာအလုပ်သမား ဦးစောကလောကလယ်ထူး၏ အမှုကိစ္စအတွက် ရသင့်ရထိုက်သောနစ်နာကြေးများ အပြည့်အဝရရှိရေးတို့အတွက် ဆွေးနွေးညှိနှိုင်းခဲ့သည်။
ထို့ပြင် ထိုင်းနိုင်ငံ မဟာချိုင်မြို့ရှိ ငါးစက်ရုံတစ်ခု၌ အလုပ်ဝင်ရောက်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမား တစ်ဦး Forklift ယာဉ်ဖြင့် မတော်တဆထိခိုက်မှုဖြစ်ပွားခဲ့ရာမှ ယာဘက်ခြေထောက်တွင် ပြင်းထန်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံတွင် တက်ရောက်ကုသမှုခံယူနေမှုအား သတင်းရရှိသဖြင့် ဇူလိုင် ၂၁ ရက်တွင် အလုပ်သမားသံမှူးနှင့် အဖွဲ့သည် အဆိုပါဆေးရုံသို့သွားရောက်ကာ ဖြစ်စဉ်အသေးစိတ်အား စုံစမ်းမေးမြန်းခဲ့ပြီးနောက် ၎င်းအတွက် ရသင့်ရထိုက်သည်များရရှိနိုင်ရန် လိုအပ်သည်များကို ကူညီချိတ်ဆက်ဆောင်ရွက်ပေးနိုင်ရေး ဆွေးနွေးပြောကြားခဲ့သည်။
မြန်မာရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် အလုပ်သမားရေးရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ အလုပ်သမားသံအရာရှိ ဖုန်းနံပါတ်များသို့ ရုံးချိန်အတွင်း တိကျစွာသတင်းပေးပို့ပြီး အလုပ်သမားသံအရာရှိရုံး (Call Center) 020030015 ၊ အလုပ်သမားသံမှူး (ဗန်ကောက်) 0618108454 ၊ အလုပ်သမားသံအရာရှိ (ဗန်ကောက်) 0626890119 ၊ အလုပ်သမားသံအရာရှိ (ဗန်ကောက်) 0652206952 ၊ အလုပ်သမားသံအရာရှိ (မဲဆောက်) 0652206953 ၊ အလုပ်သမားသံအရာရှိ (ချင်းမိုင်) 0945866607 ၊ အလုပ်သမား သံအရာရှိ (ရနောင်း) 0634818121 တို့ကို အကူအညီတောင်းခံ တိုင်ကြားနိုင်သည်။
MT
