Skip to main content

တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၂၇ ရက်မြောက်နေ့ ကျင်းပ

နေပြည်တော် ဇူလိုင် ၂၂

တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၂၇ ရက်မြောက်နေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်းနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ကုန်ဈေးနှုန်းကျဆင်းရေး၊ လမ်းအဆင့်မြှင့်တင်တည်ဆောက်ပေးရေး၊ နယ်စပ်ဂိတ်ဖွင့်လှစ်ပေးနိုင်ရေး၊ လျှပ်စစ်တိုးတက်ရရှိရေး၊ ကျေးရွာဂရန်ရရှိရေးနှင့် ရပ်ကွက်သတ်မှတ်ပေးရေး၊ ပြည်သူ့စစ်မှုထမ်းခေါ်ယူမှု ကြပ်မတ်ပေးနိုင်ရေး၊ စစ်ဆေးရေးဂိတ်များ လျှော့ချပေးနိုင်ရေးတို့နှင့်စပ်လျဉ်း၍ မေးခွန်း ၁၂ ခု မေးမြန်းဖြေကြားခြင်းတို့ကို ဆောင်ရွက်ကြသည်။

ဦးစွာ ဒဂုံမြို့သစ် (မြောက်ပိုင်း) မဲဆန္ဒနယ်မှ ဦးတင့်ဝေ၏ ကုန်ဈေးနှုန်းကျဆင်းရေးနှင့် ဈေးနှုန်းတည်ငြိမ်ရေး မည်သို့ဆောင်ရွက်မည်ကို သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းက မြန်မာနိုင်ငံရှိ ပြည်သူများ နေ့စဉ်စားသုံးနေသည့် အခြေခံစားသောက်ကုန်ပစ္စည်းများ၏ ကုန်ဈေးနှုန်းကြီးမြင့်မှုမရှိစေရေးနှင့် ဈေးနှုန်းတည်ငြိမ်မှုရှိစေရေးတို့အတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ပြည်တွင်းဆန်စားသုံးမှုဖူလုံစေရေး၊ ပြည်ပသို့ စနစ်တကျတင်ပို့ရောင်းချနိုင်ရေး၊ ဆန်စပါးဈေးကွက်နှင့် ဈေးနှုန်းတည်ငြိမ်မှန်ကန်စေရေး ဆန်၊ စပါး အခြေခံရည်ညွှန်းဈေးနှုန်းများကို အခါအားလျော်စွာထုတ်ပြန်ခြင်းတို့ကို မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း။

ထို့ပြင် စားသုံးသူပြည်သူများ စားသုံးဆီဝယ်ယူစားသုံးရာတွင် ဘေးအန္တရာယ်ကင်းရှင်းပြီး သင့်တင့်သောဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်စေရန်၊ တိုင်းဒေသကြီး၊ ပြည်နယ်စားသုံးဆီ ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးအဖွဲ့များက ဈေးနှုန်းသတ်မှတ်ပေးလျက် ရောင်းချစေလျက်ရှိပါကြောင်း။

စက်သုံးဆီဈေးနှုန်းမြင့်တက်မှုကို လျှော့ချနိုင်ရေးအတွက် သယ်ယူပို့ဆောင်ရေး၊ ကုန်ထုတ်လုပ်မှုနှင့် စိုက်ပျိုးရေးလုပ်ငန်းများတွင် အဓိကအသုံးပြုလျက်ရှိသည့် ဒီဇယ်ဆီကုန်ဈေးနှုန်းတည်ငြိမ်စေရေးနှင့် ကုန်ဈေးနှုန်းမြင့်တက်မှုမရှိစေရေး ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ စိုက်ပျိုးရေးထုတ်ကုန်ပစ္စည်းများ၏ ဈေးနှုန်းကျဆင်းစေရေးအတွက် အထောက်အကူဖြစ်စေရန် ဓာတ်မြေဩဇာတင်သွင်းမှုအပေါ် အခွန်ကင်းလွတ်ခွင့်ပြုထားပါကြောင်း၊ စားသောက်ကုန်ပစ္စည်းများ ကုန်ဈေးနှုန်းကျဆင်းရေးနှင့် ဈေးနှုန်းတည်ငြိမ်ရေးအတွက် ပုဂ္ဂလိကကဏ္ဍမှ နိုင်ငံတော်အစိုးရ၏ လုပ်ငန်းစဉ်တွင် ပိုမိုပူးပေါင်းဆောင်ရွက်ရေး အလေးထားဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။

ကွန်ဟိန်းမဲဆန္ဒနယ်မှ စိုင်းကျော်လှ၏ ကွန်ဟိန်းမြို့နယ်၊ ကာလိမြို့၊ နမ့်လန်-ခမ်းယုံး-မွေတော် ဟိုလင်းဘုရားလမ်းမကြီးအား ကွန်ကရစ်လမ်းအဖြစ် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်စွာဦးက ကွန်ဟိန်းမြို့နယ်၊ ကာလိမြို့၊ တာကော်ကျေးရွာအုပ်စုရှိ နမ့်လန်-ခမ်းယုံး-ဟိုလင်း မွေတော်ဘုရားလမ်းအား လက်ရှိတွင် ရာသီမရွေးသွားလာနိုင်မည့် ကွန်ကရစ်လမ်း ဆောင်ရွက်ပေးနိုင်ရန် နယ်စပ်ရေးရာဝန်ကြီးဌာနက စိစစ်ခဲ့ရာ နမ့်လန်-ခမ်းယုံး ၇/ ၇ မိုင် လမ်းပိုင်းသည် လမ်းအကျယ် ပေ ၃ဝ ရှိပြီး ခမ်းယုံး-ဟိုလင်း (မွေတော်ဘုရား) ထိ ၇/ ၆ မိုင်မှာ လမ်းအကျယ် ၁၅ ပေသာရှိသည့်အတွက် လက်ရှိတွင် မော်တော်ဆိုင်ကယ်နှင့် မော်တော်ယာဉ်ငယ်များသာ သွားလာအသုံးပြုလျက်ရှိပါကြောင်း၊ တောင်ပေါ်ဒေသဖြစ်၍ အတက်/ အဆင်းများပြားခြင်း၊ လမ်းဘေးရေနုတ်မြောင်းများမရှိခြင်းတို့ကြောင့် မိုးတွင်းကာလ တောင်ကျရေတိုက်စား၍ လမ်းသားပျက်စီးမှုများဖြစ်ပေါ်လျက်ရှိရာ ဒေသခံပြည်သူများ ဆက်သွယ်သွားလာအသုံးပြုရန် ခက်ခဲလျက်ရှိသည်ကို စိစစ်တွေ့ရှိရပါကြောင်း။

ယခင်ကာလများက နယ်မြေလုံခြုံရေး ကန့်သတ်ခြင်းများရှိသည့်အတွက်ကြောင့် လမ်းအဆင့်မြှင့်တင်ခြင်းကို ဆောင်ရွက်ပေးနိုင်ခဲ့ခြင်းမရှိခဲ့သော်လည်း လက်ရှိတွင် ဒေသခံပြည်သူများ လမ်းအသုံးပြုမှုများပြားလာခြင်းကြောင့် ကွန်ကရစ်လမ်း (အစား) ကတ္တရာလမ်းအဖြစ် ဆောင်ရွက်၍ရနိုင်ပါကြောင်း။

သို့ဖြစ်၍ နမ့်လန်-ခမ်းယုံး-ဟိုလင်း (မွေတော်ဘုရား) လမ်း ၁၅/ ၅ မိုင်အား ကွန်ကရစ်လမ်း/ ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို လာမည့်ဘဏ္ဍာနှစ်များတွင် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စု သို့မဟုတ် ပြည်နယ်အစိုးရရန်ပုံငွေတို့မှ ဘဏ္ဍာငွေခွဲဝေရရှိမှုအပေါ်မူတည်ပြီး အပိုင်းလိုက် လျာထားဆောင်ရွက်မည်ဖြစ်ပါကြောင်း ဖြေကြားသည်။

လင်းခေးမဲဆန္ဒနယ်မှ စိုင်းထွန်းစံ (ခ) စိုင်းဆေဟန်၏ လင်းခေးခရိုင်၊ ဟိုမိန်းမြို့၊ နားမွန်းလုံနယ်စပ်ဂိတ်ကို တရားဝင်ဖွင့်လှစ်ပေးနိုင်ရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်းက လင်းခေးမြို့နယ်၊ ဟိုမိန်းမြို့မြောက်ဘက်တွင် သံလွင်မြစ်နှင့် အရှေ့ဘက်တွင် မိုင်းတုံခရိုင်၊ တောင်ဘက်တွင် ထိုင်းနိုင်ငံ၊ အနောက်ဘက်တွင် ကယားပြည်နယ်နှင့် မောက်မယ်မြို့နယ်တို့နှင့် နယ်နိမိတ်ထိစပ်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်လျက်ရှိသော အိမ်နီးချင်းနိုင်ငံများအကြား နယ်စပ်ဂိတ်ဖွင့်လှစ်မည့်နေရာသည် နယ်နိမိတ်တိုင်းတာရေးကိစ္စ ရှင်းလင်းအတည်ပြုပြီးဖြစ်ရန်နှင့် လူဝင်/ လူထွက်ဂိတ် သတ်မှတ်ဖွင့်လှစ်နိုင်ရေး နှစ်နိုင်ငံသဘောတူညီမှုရရှိထားပြီးဖြစ်ရန် အဓိကလိုအပ်မည်ဖြစ်ပါကြောင်း၊ နယ်စပ်ဂိတ်ဖွင့်လှစ်ရန်အတွက် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို လုပ်ထုံးလုပ်နည်းနှင့်အညီ သက်ဆိုင်ရာဝန်ကြီးဌာနများ၏ သဘောထားမှတ်ချက်များ တောင်းခံရယူပြီး ပြည်ထောင်စုအစိုးရအဖွဲ့၏ အတည်ပြုခွင့်ပြုချက် ရယူဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။

ဟိုမိန်းဒေသရှိ နားမွန်းလုံနယ်စပ်ဂိတ်ကို တရားဝင်နယ်စပ်ဂိတ်အဖြစ် ဖွင့်လှစ်နိုင်ရေးအတွက် ဦးစွာတစ်ဖက်ထိုင်းနိုင်ငံနှင့် သဘောတူညီမှုရရှိရေး ညှိနှိုင်းဆောင်ရွက်သွားရမည်ဖြစ်ပြီး နယ်နိမိတ်တိုင်းတာရေးကိစ္စရပ်များအား ရှင်းလင်းပြီးပြတ်အောင် ဦးစားပေးဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ဟိုမိန်းမြို့၊ နားမွန်းလုံနယ်စပ်ဂိတ် လက်ရှိအခြေအနေအရ "နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုရှိခြင်း၊ ဒေသတွင်းလုံခြုံငြိမ်းချမ်းမှုရှိခြင်း" အချက်အလက်များနှင့် ကိုက်ညီမှုရှိပါကြောင်း၊ သို့သော် နှစ်နိုင်ငံနယ်နိမိတ်စနစ်တကျ တိုင်းတာသတ်မှတ်ရန် ကျန်ရှိနေသော နေရာဖြစ်သည့်အတွက် နောင်တစ်ချိန် နယ်စပ်ပြန်လည်တိုင်းတာရာတွင် ရည်ညွှန်းကိုးကားရမည့် မြေပြင်ပထဝီအနေအထားများ ပျက်ယွင်းမှုမရှိစေရေးနှင့် နယ်စပ်ဂိတ်ဖွင့်လှစ်ခြင်းမပြုမီ နှစ်နိုင်ငံမြေတိုင်းကျွမ်းကျင်ပညာရှင်များက မြေပြင်အခြေအနေကို ပူးတွဲကွင်းဆင်းစစ်ဆေးခြင်း၊ ပထဝီအနေအထားများကို မှတ်တမ်းတင်ခြင်း၊ ယာယီနယ်နိမိတ်ကြောင်း သတ်မှတ်ခြင်းစသည့် လုပ်ငန်းစဉ်များ ဦးစွာဆောင်ရွက်ခြင်းမပြုဘဲ နယ်စပ်ဂိတ်ဖွင့်လှစ်မည်ဆိုပါက မိမိနိုင်ငံအတွက် နစ်နာမှုများဖြစ်ပေါ်လာနိုင်သဖြင့် နယ်နိမိတ်တိုင်းတာရေးကိစ္စရပ်များ ပြီးပြတ်မှသာ ဆောင်ရွက်သင့်ပါကြောင်း ဖြေကြားသည်။

ကျောင်းကုန်းမဲဆန္ဒနယ်မှ ဒေါက်တာထိန်ဝင်း၏ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ၂ဝ၂၇ -၂ဝ၂၈ ဘဏ္ဍာနှစ်၌ လျှပ်စစ်စွမ်းအင်ကဏ္ဍ မည်မျှပါဝင်သည်၊ မည်သည့်လုပ်ငန်းများတွင် ဆောင်ရွက်မည်၊ နောက်နှစ်စဉ်ဘဏ္ဍာရေးနှစ်အလိုက် လျှပ်စစ်ကဏ္ဍ မည်သို့ဆောင်ရွက်သွားမည်၊ ပြည်ပနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ဆဲ၊ ရှေ့ဆောင်ရွက်မည့် အစီအစဉ်များကို သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်က လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုအပိုင်းတွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၌ ငွေလုံးငွေရင်း အသုံးစရိတ်တောင်းခံ၍ အလယ်ပေါင်းလောင်း၊ ရွှေလီ (၃)၊ အထက်ရဲရွာ၊ သူဌေးနှင့် အထက်ကျိုင်းတောင်းတို့ကို ဆောင်ရွက်လျက်ရှိပြီး၊ အဆိုပါရေအားလျှပ်စစ်စီမံကိန်းများ တည်ဆောက်ပြီးစီးရန် လိုအပ်သောဘဏ္ဍာရန်ပုံငွေကို နောင်ဘဏ္ဍာရေးနှစ်များတွင် ဆက်လက်တောင်းခံ၍ နယ်မြေအခြေအနေအရ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ ဆောင်ရွက်ရာတွင် နိုင်ငံတော်အစိုးရ၏ ရင်းနှီးမြှုပ်နှံမှု အသုံးစရိတ်အား လျှော့ချနိုင်ရန် အလယ်ပေါင်းလောင်းစီမံကိန်းအား တရုတ်ကုမ္ပဏီနှင့် မြန်မာကုမ္ပဏီတို့ ပူးပေါင်းဆောင်ရွက်ရန် Notice to Proceed ကို ထုတ်ပေးခဲ့ပြီး ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုပါဝင်ဆောင်ရွက်ရန် ဖြစ်မြောက်နိုင်စွမ်းလေ့လာမှုများ ဆောင်ရွက်လျက်ရှိပါကြောင်း။

ရွှေလီ (၃) စီမံကိန်းကိုလည်း နယ်မြေအခြေအနေအပေါ်မူတည်၍ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုအနေဖြင့် ပါဝင်ဆောင်ရွက်နိုင်ရန် ဖိတ်ခေါ်သွားမည်ဖြစ်ပါကြောင်း၊ ထို့ပြင် နေရောင်ခြည်စွမ်းအင်၊ လေစွမ်းအင်စသည့် ပြန်ပြည့်မြဲစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းများကို ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုဖြင့် တည်ဆောက်နိုင်ရန် တွန်းအားပေးဆောင်ရွက်လျက်ရှိပါကြောင်း။

လျှပ်စစ်ဓာတ်အား ပို့လွှတ်မှုအပိုင်းတွင် ယခု ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ၅၀၀ ကေဗွီစနစ် စီမံကိန်းလုပ်ငန်းတစ်ခု၊ ၂၃၀ ကေဗွီစနစ် စီမံကိန်းလုပ်ငန်း ၁၉ ခု၊ ၁၃၂ ကေဗွီစနစ် စီမံကိန်းလုပ်ငန်း နှစ်ခုနှင့် ၆၆ ကေဗွီစနစ် စီမံကိန်းလုပ်ငန်း ရှစ်ခုတို့ကို လျာထားဆောင်ရွက်လျက်ရှိပါကြောင်း၊ အဆိုပါစီမံကိန်းလုပ်ငန်းများ တည်ဆောက်ပြီးစီးရန် လိုအပ်သောဘဏ္ဍာရန်ပုံငွေကို နောင်ဘဏ္ဍာရေးနှစ်များတွင် ဆက်လက်တောင်းခံ၍ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။

လျှပ်စစ်ဓာတ်အားဖြန့်ဖြူးမှုအပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ငွေလုံးငွေရင်းအသုံးစရိတ်တောင်းခံပြီး ၆၆ ကေဗွီ စနစ် စီမံကိန်းလုပ်ငန်း ရှစ်ခုနှင့် ၃၃ ကေဗွီစနစ် လုပ်ငန်း ခုနစ်ခု၊ မန္တလေးတိုင်းဒေသကြီး၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ၆၆ ကေဗွီစနစ် စီမံကိန်းလုပ်ငန်း လေးခု၊ ၃၃ ကေဗွီစနစ်လုပ်ငန်း ၁၈ ခုနှင့် ၁၁ ကေဗွီစနစ် လုပ်ငန်း ၁၂ ခု၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ယခု ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ၆၆ ကေဗွီစနစ် စီမံကိန်းလုပ်ငန်း ကိုးခုနှင့် ၃၃ ကေဗွီစနစ်လုပ်ငန်း ၂၇ ခုတို့ကို လျာထားဆောင်ရွက်လျက်ရှိပါကြောင်း။

ပြည်ပနိုင်ငံများနှင့် နိုင်ငံတကာအဖွဲ့အစည်းများထံက ချေးငွေ၊ ထောက်ပံ့ငွေ၊ နည်းပညာအကူအညီ ရယူထားမှုနှင့်ပတ်သက်၍ ပြန်လည်ပေးဆပ်နေဆဲ စီမံကိန်းလုပ်ငန်း ၁၅ ခု၊ နိုင်ငံခြားချေးငွေ (Loan) ဖြင့် ဆောင်ရွက်ပြီး/ ဆောင်ရွက်ဆဲ စီမံကိန်းလုပ်ငန်း ၂၁ ခုနှင့် နိုင်ငံခြားချေးငွေ(Loan) ဖြင့် ဆောင်ရွက်ရန် အဆိုပြုစီမံကိန်းများတွင် စီမံကိန်းလုပ်ငန်း ၁၅ ခုတို့သည် ယခင် ၂၀၁၁ ခုနှစ် ဧပြီ ၁ ရက်မှ ၂၀၁၆ ခုနှစ်မတ် ၃၁ ရက်အထိ တာဝန်ယူခဲ့သော အစိုးရလက်ထက်စီမံကိန်းလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်မှုဖြစ်ပြီး ယခုလက်ရှိအခြေအနေတွင် ဆောင်ရွက်ပြီးစီး၍ ချေးငွေပေးဆပ်ပြီး ကိုးခု၊ စီမံကိန်းလုပ်ငန်း ဆောင်ရွက်ပြီး၍ ချေးငွေပေးဆပ်ဆဲ ၂၁ ခု၊ စီမံကိန်းလုပ်ငန်းဆောင်ရွက်ဆဲ ရှစ်ခု၊ ချေးငွေအဆိုပြုခဲ့သော်လည်း ရရှိခဲ့ခြင်းမရှိသော စီမံကိန်းလုပ်ငန်း ၁၃ ခုတို့ဖြစ်ပါကြောင်း ဖြေကြားသည်။

မောက်မယ်မဲဆန္ဒနယ်မှ ဦးစိုင်းဆိုင်နော်၏ မောက်မယ်မြို့နယ်၊ ဟိုနမ့်နှင့် ပန်းတန်ကျေးရွာအုပ်စုတို့တွင် လျှပ်စစ်ဓာတ်အားရရှိနိုင်ရေးနှင့် မည်သို့ဆက်လက်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးအေးကျော်က ရှမ်းပြည်နယ် မောက်မယ်မြို့နယ် ဟိုနမ့်ကျေးရွာအုပ်စုနှင့် ပန်းတင်ကျေးရွာအုပ်စုတို့ရှိ ကျေးရွာပေါင်း ၃၈ ရွာ လျှပ်စစ်ဓာတ်အားရရှိရေးအတွက် ဓာတ်အားခွဲရုံတည်ဆောက်ခြင်း၊ ဓာတ်အားလိုင်းသွယ်တန်းခြင်း၊ ထရန်စဖော်မာတပ်ဆင်ခြင်းတို့ကို ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ အဆိုပါလုပ်ငန်းများအတွက် ၂၀၂၉-၂၀၃၀ ဘဏ္ဍာရေးနှစ်မှစတင်၍ ပြည်ထောင်စုရန်ပုံငွေတွင် လည်းကောင်း၊ ရှမ်းပြည်နယ်အစိုးရ၏ ငွေလုံးငွေရင်းရန်ပုံငွေတွင်လည်းကောင်း နှစ်အလိုက် ထည့်သွင်းလျာထား၍ ဘဏ္ဍာငွေရရှိမှုအရ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။

ကြံခင်းမဲဆန္ဒနယ်မှ ဦးနိုင်မင်းဦး၏ ကြံခင်းမြို့နယ် ဘတ်ရဲမြို့တွင် 66/ 11 KV ဓာတ်အားခွဲရုံတစ်ခုကို မည်သည့်အချိန်တွင် စတင်တည်ဆောက်ပြီး မည်မျှကြာမည်ဖြစ်ကြောင်းနှင့် မည်သည့်အချိန်တွင် လျှပ်စစ်ဓာတ်အား ပြည့်ပြည့်ဝဝသုံးရမည်ကို သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးအေးကျော်က ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့နယ် ဘတ်ရဲမြို့ အနီးပတ်ဝန်းကျင်ကျေးရွာများနှင့် ကျန်ပတ်ဝန်းကျင်ကျေးရွာ ၆၀ ကို ဓာတ်အားတိုးချဲ့ ဖြန့်ဖြူးပေးနိုင်ရန်အတွက် ၆၆ ကေဗွီ ဥသျစ်ပင်-မြန်အောင် ဓာတ်အားလိုင်းမှ ၆၆ ကေဗွီ ၂ ထပ် ဓာတ်အားလိုင်း ၁ ဒသမ ၅ မိုင်နှင့် ဘတ်ရဲမြို့တွင် ၆၆/ ၁၁ ကေဗွီ၊ ၁၀ အမ်ဗွီအေ ဓာတ်အားခွဲရုံ တည်ဆောက်ခြင်းလုပ်ငန်းများဆောင်ရွက်ရန် ဓာတ်အားခွဲရုံပစ္စည်းဝယ်ယူခြင်းအား ဆောင်ရွက်ထားပြီးဖြစ်ပြီး ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်တွင် ဓာတ်အားခွဲရုံ တည်ဆောက်တပ်ဆင်ခြင်းလုပ်ငန်းအား ဆက်လက်ဆောင်ရွက်ရန် လျာထားပြီးဖြစ်ပါသဖြင့် ဘတ်ရဲဓာတ်အားခွဲရုံ တည်ဆောက်ခြင်းလုပ်ငန်းပြီးစီးပါက ဘတ်ရဲမြို့နှင့် အနီးပတ်ဝန်းကျင်ကျေးရွာများအား ဘတ်ရဲဓာတ်အားခွဲရုံမှ ဓာတ်အားကို ဗို့အားပြည့်ဝနိုင်နင်းစွာဖြင့် ဓာတ်အားတိုးချဲ့ဖြန့်ဖြူးနိုင်မည်ဖြစ်ပါကြောင်း ဖြေကြားသည်။

တွံတေးမဲဆန္ဒနယ်မှ ဦးဝင်းမြင့်၏ တွံတေးမြို့နယ် ဘုရင့်နောင်နှင့် မြသီတာရပ်ကွက်တို့အား မြေငှားဂရန်ရရှိရေး ကွင်းဆင်းဆောင်ရွက်ပေးခြင်း ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဗိုလ်ချုပ် မင်းသူက တွံတေးမြို့နယ်၊ အရပ်ခေါ် ဘုရင့်နောင်ရပ်ကွက်သည် ၁၉၉၀-၁၉၉၁ ခုနှစ်တွင် မြို့နယ်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့၏ အစီအစဉ်ဖြင့် ဥယျာဉ်မြေမျိုးပေါ်တွင် အကွက်များဖော်ထုတ်ပြီး မြေပေးမိန့် (ပါမစ်) ချထားပေးခဲ့သည့် မြေနေရာများဖြစ်ပါကြောင်း၊ အဆိုပါမြေနေရာအား မြေငှားဂရန်ရရှိရေး ဆောင်ရွက်မည်ဆိုလျှင် ဘုရင့်နောင်ရပ်ကွက်အဖြစ် တည်ရှိသည့် တလုတ္ထော်ကျေးရွာအုပ်စုတွင် ပါဝင်သော ၂၃ ဒသမ ၁၈ ဧကနှင့် ရှမ်းစုကျေးရွာအုပ်စုတွင် ပါဝင်သည့် ၁ ဒသမ ၁၂ ဧကတို့ကို ထုတ်နုတ်ပြီး ပြည်ထဲရေးဝန်ကြီးဌာန အမိန့်ကြော်ငြာစာ ထုတ်ပြန်ထားသော ရွှေဆံတော်ရပ်ကွက်အတွင်း ထည့်သွင်းနိုင်ရေး (သို့မဟုတ်) ဘုရင့်နောင်ရပ်ကွက်အဖြစ် တိုးချဲ့ဖွဲ့စည်းနိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးချုပ်က နိုင်ငံတော်သမ္မတထံ ထောက်ခံတင်ပြပြီး ခွင့်ပြုချက်ရယူခြင်း၊ မြို့မြေတိုင်းတာခြင်း လုပ်ငန်းများဖြစ်သည့် ကွက်ကြဲ၊ ကွက်စိပ်တိုင်းတာခြင်းများ ဆောင်ရွက်ကာ မြို့မြေပိုင်ဆိုင်မှုစာရင်းကောက်ယူပြီး မြို့ကွက်မြေပုံအဖြစ် အသုံးပြုခွင့်ရရှိပြီးပါက မြေငှားဂရန်ရရှိရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း။

မြသီတာရပ်ကွက်သည် မြို့ပေါ်ရပ်ကွက်အနေဖြင့် ပါဝင်ခြင်းမရှိဘဲ တလုတ္ထော်ကျေးရွာအုပ်စုအတွင်းပါဝင်ပြီး အရပ်ခေါ်အနေဖြင့် မြသီတာရပ်ကွက်ဟု ခေါ်ဝေါ်သုံးစွဲခြင်းဖြစ်ပြီး ပြည်ထဲရေးဝန်ကြီးဌာနမှ အမိန့်ကြော်ငြာစာ ထုတ်ပြန်သတ်မှတ်ပေးထားမှုမရှိခြင်း၊ မြို့နယ်စည်ပင်သာယာ နယ်နိမိတ်အတွင်းလည်းပါဝင်မှုမရှိဘဲ တလုတ္ထော်ကျေးရွာအုပ်စုအတွင်း တည်ရှိနေပါကြောင်း။

မြသီတာရပ်ကွက်အဖြစ် တည်ရှိသည့် တလုတ္ထော်ကျေးရွာအုပ်စုမှ ၄၈ ဒသမ ၄၆ ဧကအား ထုတ်နုတ်ပြီး ပြည်ထဲရေးဝန်ကြီးဌာနမှ အမိန့်ကြော်ငြာစာ ထုတ်ပြန်သတ်မှတ်ထားသော ကွမ်းခြံရပ်ကွက်အတွင်းသို့ ထည့်သွင်းနိုင်ရေး (သို့မဟုတ်) မြသီတာရပ်ကွက်အဖြစ် တိုးချဲ့ဖွဲ့စည်းနိုင်ရေးအတွက် နိုင်ငံတော်သမ္မတထံ တင်ပြခွင့်ပြုချက်ရယူခြင်း၊ မြို့မြေတိုင်းတာခြင်းလုပ်ငန်းများဖြစ်သည့် ကွက်ကြဲ၊ ကွက်စိပ်တိုင်းတာခြင်းများဆောင်ရွက်၍ မြို့မြေပိုင်ဆိုင်မှုစာရင်းကောက်ယူပြီး မြို့ကွက်မြေပုံအဖြစ် အသုံးပြုခွင့်ရရှိပြီးပါက မြေငှားဂရန်ရရှိရေး ဆက်လက်ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း ဖြေကြားသည်။

ဒလမဲဆန္ဒနယ်မှ ဦးတင်မြင့်၏ ဒလမြို့နယ် ကျေးရွာအုပ်စု ၂၃ အုပ်စုရှိ ရွာမြေများကို မြေငှားဂရန်ထုတ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဗိုလ်ချုပ် မင်းသူက တွံတေးခရိုင် ဒလမြို့နယ်အတွင်း ကျေးရွာအုပ်စု ၂၃ အုပ်စု၊ ကျေးရွာ ၅၄ ရွာရှိသည့်အနက် ညောင်ငုတ်တိုကျေးရွာအုပ်စု၊ ညောင်ငုတ်တိုကျေးရွာအား ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် စီမံချက်ဖြင့် ကျေးရွာမြေငှားဂရန်ဆောင်ရွက်ပေးခဲ့ပြီး ယခု ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် သပြေကုန်းကျေးရွာအုပ်စု၊ သပြေကုန်းကျေးရွာအား ကျေးရွာမြေငှားဂရန် ထုတ်ပေးနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ကျန်ကျေးရွာအုပ်စု ၂၃ အုပ်စုရှိရွာမြေများမှ ပြည်သူများအတွက် ကျေးရွာမြေငှားဂရန် ထုတ်ပေးခြင်းများပြုလုပ်ပေးရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ နယ်နိမိတ်သတ်မှတ်ရေး အရာရှိနှင့် နယ်နိမိတ်ကြပ်မတ်ရေး အရာရှိများ ခန့်ထားဆောင်ရွက်နိုင်ရန် ခွင့်ပြုမိန့်များ တင်ပြထားမှုမရှိခြင်း၊ မြေတိုင်းတာခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဘဏ္ဍာငွေကို တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ယခုဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေလျာထားမှုမရှိခြင်းတို့ကြောင့် ဆောင်ရွက်ပေးနိုင်ခြင်းမရှိပါကြောင်း ဖြေကြားသည်။

မြစ်သားမဲဆန္ဒနယ်မှ ဦးစန်းမြင့်၏ မြစ်သားမြို့နယ်မှ ကျေးရွာ ခုနစ်ရွာအား တရားဝင်အသိအမှတ်ပြု ကျေးရွာခွဲများအဖြစ် သတ်မှတ်ပေးရန် အစီအစဉ် ရှိ၊ မရှိနှင့် ရှိပါက မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဗိုလ်ချုပ် မင်းသူက မြစ်သားမြို့နယ်မှ ကျေးရွာ ခုနစ်ရွာအနက် ဥယျာဉ်ကျေးရွာဧရိယာ ၇ ဒသမ ၈၂ ဧကမြေသည် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် (လွန်ကျော်) ၏ လုပ်သားရွာနှင့် ဝန်ထမ်းအိမ်ရာမြေအဖြစ် အခြားနည်းအသုံးပြုခွင့်ရရှိထားသော မြေဧရိယာအတွင်း ပါဝင်နေပါကြောင်း၊ သို့ဖြစ်ပါ၍ ဥယျာဉ်ကျေးရွာမြေနေရာအား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ ပြန်လည်စွန့်လွှတ်အပ်နှံနိုင်ခြင်းမရှိသည်ကို သဘောထားရရှိပြီးဖြစ်ပါကြောင်း။

ကျေးရွာများ စနစ်တကျဖွဲ့စည်းခြင်းလုပ်ငန်းဆောင်ရွက်ရာတွင် သက်ဆိုင်ရာကျေးရွာများမှ အဆင့်ဆင့်တင်ပြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ထောက်ခံ၍ နိုင်ငံတော်သမ္မတထံ ခွင့်ပြုချက်ရရှိရေး တင်ပြရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်သမ္မတ၏ ခွင့်ပြုချက်ရရှိပါက အစိုးရ စီမံခန့်ခွဲပိုင်ခွင့်ရှိသောမြေအဖြစ် သတ်မှတ်ပြီး ပြည်ထဲရေးဝန်ကြီးဌာနမှ အမိန့်ကြော်ငြာစာ ထုတ်ပြန်သတ်မှတ်ထားသော ကျေးရွာများအဖြစ် ဆောင်ရွက်နိုင်ရေး မြို့၊ ကျေးရွာတိုးချဲ့ဖွဲ့စည်းခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ အဆင့်ဆင့်တင်ပြရမည်ဖြစ်ပါကြောင်း။

မြစ်သားမြို့နယ်အတွင်းရှိ ကျေးရွာ ခုနစ်ရွာအနက် ဥယျာဉ်ကျေးရွာမှလွဲ၍ ကျန်ကျေးရွာ ခြောက်ရွာအား ပြည်ထဲရေးဝန်ကြီးဌာနမှ အမိန့်ကြော်ငြာစာထုတ်ပြန် သတ်မှတ်ထားသော ကျေးရွာများအဖြစ် သတ်မှတ်နိုင်ရေးကိစ္စနှင့်ပတ်သက်၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ကျေးရွာအုပ်စု/ ကျေးရွာများအား တိုးချဲ့/ ပယ်ဖျက်/ အမည်ပြောင်း ပြင်ဆင်ဖွဲ့စည်းခြင်းလုပ်ငန်း ဆောင်ရွက်ရမည့်အချက် ၁၆ ချက်နှင့် ကိုက်ညီမှုမရှိသည့်အတွက် ဖော်ပြပါဥပဒေ/ လုပ်ထုံးလုပ်နည်းများတွင် အဆင့်အလိုက်အချိန်ယူ၍ ဆောင်ရွက်ရမည့်ကိစ္စဖြစ်သဖြင့် လတ်တလောဆောင်ရွက်နိုင်ခြင်းမရှိသေးပါကြောင်း ဖြေကြားသည်။

ရွှေတောင်မဲဆန္ဒနယ်မှ ဦးတင်ရွှေ၏ ရွှေတောင်မြို့နှင့် တစ်ဆက်တည်းရှိသော ကျေးရွာများအား ရပ်ကွက်များအဖြစ် တိုးချဲ့ဖွဲ့စည်းပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဗိုလ်ချုပ် မင်းသူက ရွှေတောင်မြို့နယ်သည် သရက်တောရပ်ကွက်၊ ကြာနီကန်ရပ်ကွက်နှင့် ယွန်းတန်းရပ်ကွက် ကျေးရွာအုပ်စု ၄၈ အုပ်စု၊ ကျေးရွာ ၂၉၇ ရွာဖြင့် ဖွဲ့စည်းထားရှိပါကြောင်း၊ မင်းတဲကျွန်းကျေးရွာသည် ယွန်းတန်းရပ်ကွက်အတွင်းရှိ လယ်မြေ ၁၃ ဒသမ ၇၅ ဧကကို မင်းတဲကျွန်းကျေးရွာဟုလည်းကောင်း၊ လယ်မြေ ၇ ဒသမ ၈၆ ဧကကို စစ်ကိုင်းကျွန်းကျေးရွာဟုလည်းကောင်း ပြောင်းရွှေ့နေရာချထားပေးပြီး ရပ်ကွက်အတွင်း တည်ရှိသည့်အတွက် ၂၀၁၂ ခုနှစ် လယ်ယာမြေ ဥပဒေပုဒ်မ ၃၀ (က)နှင့်အညီ လယ်မြေကို အခြားနည်းဖြင့်အသုံးပြုနိုင်ရန် ခွင့်ပြုမိန့်ရရှိရေး လျှောက်ထားဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။

ဆည်ကြီးကုန်းကျေးရွာအုပ်စုတွင်ရှိသော ဖိုးခေါင်ကျေးရွာနှင့် ညောင်ဝိုင်းကျေးရွာတို့သည် သရက်တောရပ်ကွက်နှင့် တစ်ဆက်တစ်စပ်တည်းရှိသော ရွာမြေအမျိုးအစားဖြစ်ပါကြောင်း၊ ယင်းကျေးရွာ နှစ်ရွာအား ရပ်ကွက်အဖြစ်တိုးချဲ့ဖွဲ့စည်းလိုပါက နိုင်ငံတော်သမ္မတထံ တင်ပြဆောင်ရွက်သွားရမည်ဖြစ်ပြီး ခွင့်ပြုပါက မြို့၊ ကျေးရွာတိုးချဲ့ဖွဲ့စည်းခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း။

အမှတ် (၁) အထည်စက်ရုံ (ရွှေတောင်) သည် သရက်ကုန်းရပ်ကွက်၊ ဆည်ကြီးကုန်း ကျေးရွာအုပ်စုနှင့် နွားမယံကျေးရွာအုပ်စုများတွင်တည်ရှိပြီး စက်ရုံနယ်မြေအတွင်းရှိ စံပြရပ်သည် သရက်ကုန်းရပ်ကွက်အတွင်းပါဝင်ပါကြောင်း၊ အောင်မြေသာရပ်သည် ဆည်ကြီးကုန်းကျေးရွာအုပ်စု၊ ကြက်ဖြူတောင်ကျေးရွာနှင့် ညောင်ဝိုင်းကျေးရွာအတွင်း ပါဝင်ပါကြောင်း၊ စံပြရပ်နှင့် အောင်မြေသာရပ်တို့သည် စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန အမှတ် (၁) အထည်စက်ရုံ (ရွှေတောင်) မှ ပိုင်ဆိုင်သည့် မြေဧရိယာ ၆၁၆ ဒသမ ၉၃ ဧကအတွင်း တည်ရှိနေပြီး အဆိုပါဝန်ကြီးဌာနက ခွင့်ပြုပေးနိုင်ခြင်းမရှိကြောင်း သဘောထားမှတ်ချက်ပြန်ကြားထားသည့်အတွက် ရပ်ကွက်အဖြစ် တိုးချဲ့ဆောင်ရွက်၍ မရနိုင်ပါကြောင်း။

ကသစ်တိုင်းကျေးရွာအုပ်စု၊ တောင်လုံးညိုကျေးရွာနှင့် မြို့ဧရိယာဖြစ်သည့် ကြာနီကန်ရပ်ကွက်အကြားတွင် ဆည်ကြီးကုန်းကျေးရွာအုပ်စု၊ ဖိုးခေါင်ကျေးရွာ၊ သဲခုံကျေးရွာနှင့် မင်းရွာကျေးရွာတို့ တည်ရှိနေခြင်း၊ နွားမယံကျေးရွာအုပ်စုရှိ နွားမယံကျေးရွာ၊ ဘယ်လက်ကျေးရွာနှင့် ဖိုးသိန်းတန်ကျေးရွာတို့သည် မြို့ဧရိယာနှင့် တစ်ဆက်တစ်စပ်တည်းမရှိသည့်အတွက် မြို့မြေအတွင်းထည့်သွင်းပြီး ရပ်ကွက်အဖြစ် တိုးချဲ့ဆောင်ရွက်၍မရနိုင်ပါကြောင်း။

 ကြို့ကုန်းကျေးရွာအုပ်စု၊ ကြို့ကုန်းကျေးရွာ၊ ဒေါင်းစွန်ကျေးရွာ၊ ရွာမကျေးရွာ၊ နတ်ရေကန်ကျေးရွာ၊ သပြေလှကျေးရွာတို့နှင့် မြို့ဧရိယာဖြစ်သည့် ကြာနီကန်ရပ်ကွက်အကြားတွင် လယ်မြေ ၂၁၅ ဧကရှိပြီး မြို့မြေနှင့် တစ်ဆက်တစ်စပ်တည်းမရှိသည့်အတွက် မြို့မြေအတွင်း ထည့်သွင်းဖွဲ့စည်းပြီး ရပ်ကွက်အဖြစ် တိုးချဲ့ဆောင်ရွက်၍မရနိုင်ကြောင်း ဖြေကြားသည်။

ခန္တီးမဲဆန္ဒနယ်မှ ဦးဂုဏ်ဝမ်း၏ ခန္တီးမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေကို ကျော်လွန်ပြီး ဆောင်ရွက်နေမှုများကို မည်ကဲ့သို့ထိန်းညှိဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဗိုလ်ချုပ် မင်းသူက ခန္တီးခရိုင် ခန္တီးမြို့နယ်သည် ရပ်ကွက် ၃ ရပ်ကွက်၊ ကျေးရွာအုပ်စု ၂၉ အုပ်စု၊ ကျေးရွာပေါင်း ၈၁ ရွာဖြင့် ဖွဲ့စည်းထားရှိပြီး မြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဆောင်ရန် အကျုံးဝင်သူ အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း အမျိုးသား ၄၉၆၈ ဦး ရှိပါကြောင်း၊ ယာယီရွှေ့ဆိုင်းလျှောက်ထားနိုင်သည့် နိုင်ငံဝန်ထမ်း ၁၅၉၇ ဦး၊ အခြားပြုစုစောင့်ရှောက်သူမရှိသော မိအိုဖအိုများကို လုပ်ကျွေးနေသူ ၆၂၀နှင့် ပညာသင်ကြားနေသော တက္ကသိုလ်/ ကောလိပ် ကျောင်းသား ၁၃၇ ဦး၊ ကိုယ်အင်္ဂါတစ်ခုခု အမြဲတမ်း မသန်စွမ်းသူ ၄၁၆ ဦး၊ မူးယစ်ဆေးစွဲနေ၍ ဆေးဖြတ်ရန် မက်သဒုန်းဆေးသောက်သုံးနေသူ အမျိုးသား ၂၀၈ ဦးရှိကြောင်း စိစစ်တွေ့ရှိရပြီး ယနေ့အထိ ပြည်သူ့စစ်မှုထမ်းဆောင်ရန် ၃၂၀ အား ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်ပြီးဖြစ်ပါကြောင်း။

ခန္တီးမြို့နယ်အတွင်း ပြည်သူ့စစ်မှုထမ်းရန်အတွက် အဓမ္မဖမ်းဆီးခေါ်ဆောင်ခြင်းခံရသူများဟု ဖော်ပြပါရှိသည့် ဦးဆားပါအပါ ကိုးဦးနှင့်စပ်လျဉ်း၍ စိစစ်ခဲ့ရာ ဦးဆားပါ ဦးဖိုးချစ်လုံး၊ ဦးနောင်မိုင်၊ ဦးဇော်ဝင်းတို့ လေးဦးတို့သည် ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေနှင့်အညီ ပြည်သူ့စစ်မှုထမ်းရမည့်သူများဖြစ်သောကြောင့် ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ် စဉ် (၂၅) တွင် သင်တန်းတက်ရောက်လျက်ရှိပါကြောင်း၊ ဦးသီဟစိုးသည် သတ်မှတ်အသက်ကျော်လွန်နေခြင်း၊ ဦးသန်းထွန်းအောင်၊ ဦးရှိန်မင်းအောင်နှင့် ဦးမင်းသန့်တို့ သုံးဦးသည် လက်ရှိပညာသင်ကြားနေသည့် ကျောင်းသားများဖြစ်ခြင်း၊ ဦးဉာဏ်မြင့်လှိုင်သည် မိအိုဖအိုတို့အား လုပ်ကိုင်ကျွေးမွေးနေသူဖြစ်ခြင်းကြောင့် သတ်မှတ်စုရပ်သို့ မပို့ဆောင်မီ မြို့နယ်စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့မှ မိဘအုပ်ထိန်းသူများထံ စနစ်တကျ ပြန်လည်အပ်နှံဆောင်ရွက်ခဲ့ပြီးဖြစ်ပါကြောင်း၊ အဆိုပါပြည်သူ့စစ်မှုထမ်းရန် ဆင့်ခေါ်ခံရသူ ကိုးဦးသည် ပုံစံ (၁) ပါအမည်စာရင်း ရေးသွင်းထားရှိသူများဖြစ်၍ မြို့နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့မှ ပုံစံ (၂) ဖြင့် ဆင့်ခေါ်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့စစ်မှုထမ်းရန်အတွက် အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်ခဲ့ခြင်းမဟုတ်ပါကြောင်း ဖြေကြားသည်။

မိုင်းတုံမဲဆန္ဒနယ်မှ ဦးထင်အောင်ရှိန်၏ တောင်ကြီးမြို့မှ နမ့်စန်-တာကော်-မိုင်းပျဉ်း-ကျိုင်းတုံ- တာချီလိတ်ကားလမ်းနှင့် တောင်ကြီးမြို့မှ နမ့်စန် - လင်းခေး - တာဆန်း - မိုင်းတုံ - မိုင်းဆတ်-တာချီလိတ်ကားလမ်းတစ်လျှောက်ရှိ ဌာနဆိုင်ရာစစ်ဆေးရေးဂိတ်များအား စုစည်း၍ အရေးကြီးသောနေရာများတွင်သာ စစ်ဆေးရေးဂိတ်ဖွင့်လှစ်စစ်ဆေးခြင်းများ ဆောင်ရွက်၍ ရနိုင်မှု ရှိ၊ မရှိ၊ အချက်အချာကျသော အရေးကြီးနေရာများတွင် X-Ray machine စက်များထားရှိစစ်ဆေးခြင်း၊ အချို့နေရာများတွင် mobile X-Ray machine စက်များဖြင့် ရွှေ့လျားစစ်ဆေးခြင်းများဆောင်ရွက်ရန် အစီအစဉ် ရှိ၊ မရှိ၊ စစ်ဆေးရေးဂိတ်များတွင် ပြည်သူအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်စေသော ဆောင်ရွက်မှုများမရှိစေရေးအတွက် မည်သည့်ဌာနက တာဝန်ယူဆောင်ရွက်ပေးမည်နှင့် မည်သို့ဆောင်ရွက်နိုင်မှု အစီအစဉ်များအား သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဗိုလ်ချုပ် မင်းသူက တောင်ကြီး-နမ့်စန်-ကွန်ဟိန်း-မိုင်းပျဉ်း-ကျိုင်းတုံ-တာချီလိတ်ကားလမ်းပေါ်တွင် စစ်ဆေးရေးဂိတ် ၁၆ ခုရှိရာမှ ဟိုပုံးမြို့ဝင်/ ထွက် စစ်ဆေးရေးဂိတ်၊ လွိုင်လင်မြို့(ပန်ခေါက်ဝိုး) လုံခြုံရေးဂိတ်နှင့် တုံတာမြို့ဝင်/ ထွက် စစ်ဆေးရေးဂိတ် သုံးခုအား ၂၀၂၆ ခုနှစ် ဇွန်လအတွင်း ရုပ်သိမ်းခဲ့ပြီးဖြစ်သဖြင့် လက်ရှိတွင် စစ်ဆေးရေးဂိတ် ၁၃ ခုဖြင့် စစ်ဆေးဆောင်ရွက်လျက်ရှိပါကြောင်း၊ တောင်ကြီး-နမ့်စန်-လင်းခေး-မိုင်းတုံ-မိုင်းဆတ်-တာချီလိတ်ကားလမ်းပေါ်တွင် စစ်ဆေးရေးဂိတ် ၂၁ ခုရှိရာမှ ဟိုပုံးမြို့ဝင်/ ထွက် စစ်ဆေးရေးဂိတ်၊ လွိုင်လင်မြို့ (ပန်ခေါက်ဝိုး) လုံခြုံရေးဂိတ်၊ နမ့်စန်မြို့ထွက်သံလမ်း လုံခြုံရေးဂိတ်နှင့် မိုင်းဆတ်မြို့ကာနလုံခြုံရေးဂိတ် လေးခုအား ၂၀၂၆ ခုနှစ် ဇွန်လအတွင်း ရုပ်သိမ်းခဲ့ပြီးဖြစ်သဖြင့် ယင်းလမ်းကြောင်းတွင် စစ်ဆေးရေးဂိတ် ၁၇ ခုဖြင့် စစ်ဆေးဆောင်ရွက်လျက်ရှိပါကြောင်း။

အထက်ပါလမ်းကြောင်း နှစ်ခုတို့၌ လွိုင်လင်မြို့အဝင် စစ်ဆေးရေးဂိတ် (နေမင်းရောင်လမ်းတံတား ကောက်ခံရေးဂိတ်) တွင် မူးယစ်ဆေးဝါးရှာဖွေရေး စက်နှစ်လုံး၊ ကျိုင်းတုံမြို့အဝင် ကျိုင်းဖောင်းစစ်ဆေးရေးဂိတ်တွင် မူးယစ်ဆေးဝါးရှာဖွေရေးစက် တစ်လုံး၊ မိုင်းဆတ်မြို့နယ် မိုင်းတွမ်းပူးပေါင်းစစ်ဆေးရေးဂိတ်တွင် မူးယစ်ဆေးဝါးရှာဖွေရေးစက် တစ်လုံး၊ တာချီလိတ်မြို့အဝင် လွယ်တော်ခမ်းပူးပေါင်းစစ်ဆေးရေးဂိတ်တွင် မူးယစ်ဆေးဝါးရှာဖွေရေးစက် တစ်လုံးနှင့် တာချီလိတ်မြို့အဝင် မယ်ယန်းပူးပေါင်းစစ်ဆေးရေးဂိတ်တွင် မူးယစ်ဆေးဝါးရှာဖွေရေးစက် နှစ်လုံး စသည်တို့ဖြင့် စစ်ဆေးရေးဂိတ် ငါးနေရာတို့တွင် မူးယစ်ဆေးဝါးရှာဖွေရေးစက်များဖြင့် အသုံးပြု၍ စစ်ဆေးဆောင်ရွက်လျက်ရှိပါကြောင်း။

X-Ray စက်များ၊ နည်းပညာမြင့်စက်ကိရိယာများ တပ်ဆင်နိုင်ခြင်းမရှိသေးသည့် ပူးပေါင်းစစ်ဆေးရေးဂိတ်များတွင် ခရီးသည်များအား လူစုခွဲ၍စစ်ဆေးခြင်း၊ ကုန်တင်ယာဉ်များနှင့် ခရီးသည်တင်ယာဉ်များ စစ်ဆေးရာတွင် ပြည်သူလူထုဝန်ထုပ်ဝန်ပိုးမဖြစ်စေရေးအတွက် မသင်္ကာသော၊ သတင်းရသော မော်တော်ယာဉ်များကို ဦးစားပေးစစ်ဆေးခြင်းများဆောင်ရွက်ရန် ကြပ်မတ်ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် နည်းပညာမြင့် စက်ကိရိယာပစ္စည်းများအား ဘဏ္ဍာငွေခွဲဝေရရှိမှသာ ဆောင်ရွက်ရမည့်ကိစ္စဖြစ်ပါကြောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ဖြေကြားချက်များနှင့်အတူ ရှင်းလင်းဖြေကြားသည်။

တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၂၇ ရက်မြောက်နေ့ကို ရပ်နားလိုက်ပြီး အစည်းအဝေး ၂၈ ရက်မြောက်နေ့ကို ဇူလိုင် ၂၃ ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်