နေပြည်တော် ဇူလိုင် ၂၂
လွှတ်တော်များ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ (JCC) နှင့် စက်မှုနှင့်အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ လွှတ်တော်ကိုယ်စားလှယ်များ စွမ်းရည်မြှင့်တင်ရေးအတွက် “နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့် စက်မှုကဏ္ဍ” ဆိုင်ရာဆောင်ရွက်ချက်များအား ရှင်းလင်းတင်ပြခြင်း အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ သဘင်ဆောင်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ပြည်ထောင်စုလွှတ်တော်နာယက ဦးအောင်လင်းဒွေး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၊ ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက Jeng Phang နော်တောင်၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်း၊ စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ဒုတိယဝန်ကြီးများ၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုလွှတ်တော်နာယက ဦးအောင်လင်းဒွေးက ယနေ့ကျင်းပသည့် ရှင်းလင်းပွဲသည် လွှတ်တော်များ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ JCC ၏ အစီအစဉ်ဖြင့် ပြည်ထောင်စုအစိုးရအဖွဲ့နှင့် ပေါင်းစပ်ညှိနှိုင်းပြီး “နိုင်ငံတော်၏စက်မှုကဏ္ဍ”နှင့် ပတ်သက်သည့် ဆောင်ရွက်ချက်များကို လွှတ်တော်ကိုယ်စားလှယ်များ သိရှိနိုင်ရန် ရှင်းလင်းတင်ပြပေးသည့် ဒုတိယမြောက် အစီအစဉ်ဖြစ်ပါကြောင်း။
ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတည်ဆောက်ရေးတွင် စက်မှုကဏ္ဍသည် အခြေခံအုတ်မြစ်ဖြစ်ပြီး မိမိတို့နိုင်ငံ၌ သဘာဝသယံဇာတကုန်ကြမ်းများ ကြွယ်ဝသော်လည်း အရည်အသွေးမြင့် ထုတ်ကုန်များထုတ်လုပ်နိုင်ရန် စက်မှုစွမ်းအား လိုအပ်လျက်ရှိပါကြောင်း။
စက်မှုလုပ်ငန်းများနှင့် MSMEs များသည် ကုန်ထုတ်စွမ်းအားမြှင့်တင်ခြင်း၊ အလုပ်အကိုင်ဖန်တီးခြင်း၊ သွင်းကုန်နှင့် နိုင်ငံခြားငွေ သုံးစွဲမှုလျှော့ချခြင်းတို့ဖြင့် နိုင်ငံစီးပွားရေးကို မောင်းနှင်ပေးသည့် အဓိကအင်အားစုဖြစ်ပါကြောင်း၊ ကမ္ဘာ့စီးပွားရေးလုပ်ငန်းများ၏ ၉၀ ရာခိုင်နှုန်းနှင့် အလုပ်အကိုင်ဖန်တီးပေးမှု ၆၀ မှ ၇၀ ရာခိုင်နှုန်းခန့်မှာ MSMEs လုပ်ငန်းများဖြစ်ကြသဖြင့် ၎င်းကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် မဖြစ်မနေဆောင်ရွက်ရမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် စက်မှုနှင့်အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက လက်ရှိစီးပွားရေးနှင့် စက်မှုကဏ္ဍအခြေအနေ၊ စက်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးစားပေးမူဝါဒများ၊ MSME ဖွံ့ဖြိုးတိုးတက်ရေး ဘဏ္ဍာရေးဆိုင်ရာ ပံ့ပိုးမှုအခြေအနေ၊ နိုင်ငံပိုင် စက်ရုံပြုပြင်ပြောင်းလဲရေး၊ ဦးစားပေး စက်မှုလုပ်ငန်းများ၊ စက်မှုကဏ္ဍ၏ အခြေခံလိုအပ်ချက်များ၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေး၊ ခေတ်မီစက်မှုစနစ်သို့ ကူးပြောင်းရေး၊ ရေရှည်တည်တံ့သော စက်မှုဖွံ့ဖြိုးရေး၊ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး၊ ရှေ့ဆက်ဆောင်ရွက်မည့် ဦးစားပေးအစီအစဉ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် လွှတ်တော်ကိုယ်စားလှယ်များက နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့် စက်မှုကဏ္ဍနှင့်စပ်လျဉ်း၍ ဆွေးနွေးအကြံပြုခြင်းများကို ဆောင်ရွက်ခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက ပြန်လည်ဆွေးနွေးဖြေကြားသည်။
ထို့ပြင် နေပြည်တော် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းရှင်များက ဒေသထွက်ကုန်ပစ္စည်းများ၊ စားသောက်ကုန်၊ လူသုံးကုန်၊ စက်မှုလက်မှုထုတ်ကုန်များ၊ ရိုးရာလက်မှု ထုတ်ကုန်များစသည့် ထုတ်ကုန်ပစ္စည်းများကို လွှတ်တော်ကိုယ်စားလှယ်များနှင့် ဝန်ထမ်းများအား ခင်းကျင်းပြသ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်
