Skip to main content

ခြင်နှိမ်နင်းရေးနှင့် သွေးလွန်တုပ်ကွေးရာသီ

မိုးဖြိုင်ဖြိုင်ရွာသည့် ဇူလိုင်၊ သြဂုတ်လတို့မှာ မိမိတို့နိုင်ငံတွင် သွေးလွန်တုပ်ကွေးရောဂါကူးစက်မှု အများဆုံးသောလများဖြစ်သည်။ အချို့သောတိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တစ်နှစ်ပတ်လုံး ဖြစ်ပွားသည်ကို တွေ့ရသည်ဟုလည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဖော်ပြထားသည်။ သွေးလွန်တုပ်ကွေးသည် ကလေးများတွင် ရောဂါပြင်းထန်ပါက အသက်သေဆုံးနိုင်သည်အထိ အန္တရာယ်ရှိခြင်းကြောင့် အရေးကြီးသည့်ရောဂါမျိုးဖြစ်ရာ ကူးစက်မှုများသည့်ကာလတွင် အထူးဂရုပြုကြရမည်ဖြစ်သည်။

သွေးလွန်တုပ်ကွေးရောဂါသည် ခြင်မှတစ်ဆင့် ကူးစက်သော ဗိုင်းရပ်စ်ရောဂါတစ်မျိုးဖြစ်ပြီး လွယ်ကူရိုးရှင်းသည့် ကာကွယ်ရေးနည်းလမ်းများဖြင့် ကာကွယ်နိုင်ခြင်းကြောင့် ပြည်သူလူထုအတွင်း လိုက်နာကျင့်သုံးခြင်းဖြင့် ရောဂါကိုကူးစက်မှုဖြစ်မလာမီ ကြိုတင်ကာကွယ်ကြစေလိုသည်။ ခြင်မှတစ်ဆင့်ကူးစက်သည့် ဗိုင်းရပ်စ်ရောဂါများရှိကြသည့်အနက် သွေးလွန်တုပ်ကွေးသည် အဖြစ်များသောရောဂါတစ်မျိုးဖြစ်သည်။ ရောဂါပိုးရှိသော ခြင်ကျားခေါ် အေးဒီးစ်ခြင်အမကိုက်ခြင်းမှ လူတစ်ဦးမှတစ်ဦးသို့ သွေးလွန်တုပ်ကွေးကူးစက်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် သွေးလွန်တုပ်ကွေးရောဂါ ကူးစက်မှုသည် တစ်နှစ်ခြား၊ နှစ်နှစ်ခြားတစ်ခါ မြင့်မားကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အသိပေးထားသည်။ ၂၀၂၄ ခုနှစ်က နိုင်ငံတစ်ဝန်းတွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု ၆၄၀၀ ကျော်ရှိသည့်အနက် ၁၅ ဦး သေဆုံးခဲ့သည်။ ဖြစ်ပွားမှုစုစုပေါင်း၏ ၅၃ ရာခိုင်နှုန်းသည် မြို့ပေါ်ဒေသများတွင်ဖြစ်ပြီး ၄၇ ရာခိုင်နှုန်းသည် ကျေးလက်ဒေသများတွင်ဖြစ်ရာ လူနေထူထပ်ခြင်းနှင့် ပတ်ဝန်းကျင်ညစ်ညမ်းမှု အခြေအနေတို့ကြောင့် မြို့ပြဒေသများတွင် သွေးလွန်တုပ်ကွေးဖြစ်ပွားမှုနှုန်း ပိုမိုများပြားခြင်းဖြစ်ဖွယ်ရှိသည်။

သွေးလွန်တုပ်ကွေးရောဂါသည် ရာသီတုပ်ကွေးနှင့် ရောဂါလက္ခဏာဆင်တူပြီး တစ်ခါတစ်ရံပြင်းထန်နိုင်သည်။ အသက် ၁၅ နှစ်အောက်ကလေးများတွင် အများဆုံးဖြစ်ပွားပြီး လူကြီးများတွင်လည်း ဖြစ်ပွားနိုင်သည်။ မြန်မာနိုင်ငံတစ်ဝန်း မြို့ပေါ်ကျေးလက်အားလုံးတွင် သွေးလွန်တုပ်ကွေးဖြစ်ပွားသည်ကို တွေ့ရသည်။ ပြင်းထန်သော သွေးလွန်တုပ်ကွေးရောဂါ (Severe Dengue) သည် ကလေးများတွင် ရောဂါပြင်းထန်စေပြီး အသက်အန္တရာယ်အထိ ဖြစ်စေနိုင်သည်။ သွေးလွန်တုပ်ကွေးရောဂါသည် ဆောလျင်စွာ အတည်ပြုနိုင်ပြီး ထိရောက်စွာကုသပါက သေဆုံးနှုန်းသိသာစွာ လျှော့ချနိုင်မည်ဖြစ်သည်။

သွေးလွန်တုပ်ကွေးရောဂါလက္ခဏာများအဖြစ် အဖျားကြီးခြင်း၊ ပြင်းထန်စွာခေါင်းကိုက်ခြင်း၊ မျက်လုံးနောက်တွင် နာကျင်ခြင်း၊ ကြွက်သားနှင့် အဆစ်များနာကျင်ခြင်း၊ ပြင်းထန်စွာဗိုက်အောင့် ဗိုက်နာခြင်း၊ ပျို့ခြင်း၊ အန်ခြင်း၊ ခန္ဓာကိုယ်တွင် အနီကွက်များထွက်ခြင်းတို့ကိုတွေ့ရသည်။ ရောဂါပိုးရှိသောခြင် ကိုက်သည့်အချိန်မှ သွေးလွန်တုပ်ကွေးရောဂါလက္ခဏာပြသည့်အချိန်ထိ ရောဂါပျိုးရက်မှာ ပျမ်းမျှ (၈) ရက်ခန့်ကြာမြင့်သည်။ သွေးလွန်တုပ်ကွေးရောဂါအတွက် သီးခြားကုထုံးမရှိသေးဘဲ ရောဂါကို သွေးလွန်တုပ်ကွေးဟု သံသယဖြစ်ပါက ဆောလျင်စွာသိရှိ အတည်ပြုနိုင်ရန်အတွက် ကျွမ်းကျင်သော ကျန်းမာရေးဝန်ထမ်းများထံ ပြသကြဖို့လိုသည်။ 

သွေးလွန်တုပ်ကွေးရောဂါကို လူတစ်ဦးချင်း ကြိုတင်ကာကွယ်ရာတွင် ခြင်ကိုက်မခံရစေရန်အတွက် အင်္ကျီလက်ရှည်၊ ဘောင်းဘီ ရှည်တို့ကို ဝတ်ဆင်ရန်၊ ပေါ်ထွက်နေသည့် ခြေဖျားလက်ဖျားတို့တွင် ခြင်မကိုက်ဆေးများလိမ်းရန်၊ အိပ်သည့်အခါ ခြင်ထောင်ထဲတွင်သာ အိပ်စက်ရန်တို့ကို သတိပြုဆောင်ရွက်ကြရမည်ဖြစ်သည်။ သွေးလွန်တုပ်ကွေးရောဂါဖြစ်စေသည့် ခြင်ကျား (အေးဒီးစ်ခြင်) သည် ရေကြည်ရေသန့်တွင် ပေါက်ပွားသဖြင့် ရေစည်၊ ရေအိုးများကို လုံခြုံစွာဖုံးအုပ်ထားရန်၊ ပန်းအိုးများကို အပတ်စဉ်လဲလှယ်ရန်၊ ရေတင်နိုင်သော စွန့်ပစ်ပစ္စည်းများ (ဘူးခွံ၊ ပုလင်းခွံ၊ တာယာဟောင်းများ) စသည်တို့ကို စနစ်တကျစွန့်ပစ်ရန် အရေးကြီးသည်။ အိမ်အနီးပတ်ဝန်းကျင်တွင် ရေမဝပ်ရန်၊ ရေစီးရေလာကောင်းအောင် ဆောင်ရွက်ကြရန်လည်းလိုသည်။ သွေးလွန်တုပ်ကွေးကာကွယ်ရေးတွင် ခြင်ပေါက်ပွားခြင်းကို ထိရောက်စွာကာကွယ်ခြင်းသည် အဓိကဖြစ်ရာ ပြည်သူလူထုကို အသိပညာပေးရန်နှင့် ခြင်နှိမ်နင်းရေးတွင် လူတိုင်းပါဝင်ကြရန်လည်းနှိုးဆော်တိုက်တွန်းသွားရမည်ဖြစ်သည်။

သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုတွင် ဆောလျင်စွာသိရှိ ခြင်းနှင့် အချိန်မီပြုစုကုသနိုင်ခြင်းတို့သည် အရေးကြီးသည့်အချက်များဖြစ်သည်ကို သတိပြုလျက် ကလေးများ၊ လူကြီးများ ရာသီတုပ်ကွေးကဲ့သို့ ဖျားနာပါက နီးစပ်ရာ ဆေးရုံ၊ ဆေးခန်း၊ ကျန်းမာရေးဌာနများသို့ သွားရောက်ပြသကြရန်၊ ဆေးမြီးတိုများဖြင့် ကုသကာအချိန်ကုန်ဆုံးပြီး အန္တရာယ်မဖြစ်ပေါ်စေရန် သွေးလွန်တုပ်ကွေးအဖြစ်များသည့်ရာသီကာလတွင် အကျိုးမျှော်၍ နှိုးဆော်တိုက်တွန်းလိုက်ပါကြောင်း။ ။