Skip to main content

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ လူငယ်၊ အမျိုးသမီး၊ ကလေးသူငယ်နှင့် သက်ကြီးရွယ်အို အခွင့်အရေးဆိုင်ရာကော်မတီနှင့် ဟိုတယ်၊ ခရီးသွားလုပ်ငန်းနှင့် ယဉ်ကျေးမှုဆိုင်ရာကော်မတီတို့အား တွေ့ဆုံ

နေပြည်တော် ဇူလိုင် ၂၀

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီသည် ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်း၊ ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၁၀ နာရီတွင် ပြည်သူ့လွှတ်တော်(C)ဆောင် ဒုတိယထပ်ရှိ အစည်းအဝေးခန်းမ၌ လူငယ်၊ အမျိုးသမီး၊ ကလေးသူငယ်နှင့်သက်ကြီးရွယ်အိုအခွင့်အရေးဆိုင်ရာကော်မတီနှင့် ဟိုတယ်၊ ခရီးသွားလုပ်ငန်းနှင့် ယဉ်ကျေးမှုဆိုင်ရာကော်မတီတို့မှ ကော်မတီဝင်များအား တွေ့ဆုံသည်။

ဦးစွာ ကော်မတီများမှ ကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များက တစ်ဦးချင်းမိတ်ဆက်၍ လူငယ်၊ အမျိုးသမီး၊ ကလေးသူငယ်နှင့် သက်ကြီး ရွယ်အိုအခွင့်အရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ ဒေါ်ဝင်းမော်ထွန်းနှင့် ဟိုတယ်၊ ခရီးသွားလုပ်ငန်းနှင့်ယဉ်ကျေးမှုဆိုင်ရာကော်မတီဥက္ကဋ္ဌ ဦးထင်အောင်ရှိန်တို့က ကော်မတီဖွဲ့စည်းမှု၊ ကော်မတီ၏လုပ်ငန်းတာဝန်များနှင့် ဆောင်ရွက်နေသည့်လုပ်ငန်းများ၊ ရှေ့ဆက်ဆောင်ရွက်ရမည့် အစီအမံများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။

ဆက်လက်၍ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌက လွှတ်တော်ကိုယ်စားလှယ်တစ်ဦးချင်းနှင့် ကော်မတီ များအလိုက် လိုအပ်ချက်များနှင့်ပတ်သက်၍ အကောင်းဆုံး ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များ၏ စွမ်းရည်မြင့်မားတိုးတက် စေရေးအတွက်လည်း ဟောပြောပွဲများနှင့် သင်တန်းများ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် လွှတ်တော်ကပေးအပ်သောတာဝန်များကို အရည်အသွေးရှိရှိ ထမ်းဆောင်ကြစေလိုပါကြောင်း ပြောကြားသည်။

ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ယနေ့တွေ့ဆုံသော လူငယ်၊ အမျိုးသမီး၊ ကလေးသူငယ်နှင့် သက်ကြီးရွယ်အို အခွင့်အရေးဆိုင်ရာကော်မတီနှင့် ဟိုတယ်၊ ခရီးသွားလုပ်ငန်းနှင့် ယဉ်ကျေးမှုဆိုင်ရာ ကော်မတီများ၏ လုပ်ငန်းတာဝန်နှင့် ရည်မှန်းချက်တာဝန်များသည် ကျယ်ပြန့်ပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝမြင့်မားစေရေးအတွက် အရေးကြီးပါကြောင်း၊ ကော်မတီများမှ လေ့လာစိစစ်ရသည့် ဥပဒေများနှင့်ပတ်သက်၍ အသစ်ပြဋ္ဌာန်းသင့်သည့် ဥပဒေများနှင့် ပြင်ဆင်ဖြည့်စွက်ရမည့်ဥပဒေများကိုလည်း ပြန်လည်လေ့လာသုံးသပ်ကြစေလိုကြောင်း၊ ကလေးသူငယ်၊ လူငယ်ရေးရာနှင့် ပတ်သက်သည့် ပြဋ္ဌာန်းချက်များတွင် အသက်အရွယ်ပိုင်းဆိုင်ရာ သတ်မှတ်ချက်များ ကွဲလွဲမှုများရှိနေ၍ ဆွေးနွေးညှိနှိုင်းကြရန် လိုအပ်ပါကြောင်း၊ လူငယ်နှင့်ပညာရေး၊ လူငယ်နှင့်မူးယစ်ဆေး၊ လူငယ်နှင့် အားကစားရေးရာများကို အသေးစိတ်လေ့လာပြီး ကဏ္ဍတစ်ခုချင်းအလိုက် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လိုအပ်သောဥပဒေပြုရေး လုပ်ငန်းစဉ်များကို လေ့လာဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။

နိုင်ငံတော်အနေဖြင့် နိုင်ငံအတွင်း လူသားအရင်း အမြစ်ဆုံးရှုံးမှုမရှိစေရေးနှင့် ကျန်းမာကြံ့ခိုင်ပြီး နိုင်ငံအတွက် အားကိုးအားထားပြုရမည့် အနာဂတ်ပညာ တတ်လူငယ်များ ထွက်ပေါ်လာစေရေးအတွက် KG+9 အခမဲ့ပညာရေးစနစ် ဆောင်ရွက်ပေးခြင်းနှင့် ဉာဏ်ပညာထူးချွန်ပြီး ကျန်းမာသန်စွမ်းကာ အကျင့်စာရိတ္တကောင်းမွန်သည့် ထူးချွန်ထက်မြက်သော ကျောင်းသားလူငယ်များ ပေါ်ထွန်းလာစေရေးအတွက် လူရည်ချွန်စီမံကိန်းများဖြင့် ဖော်ဆောင်ပေးလျက်ရှိသည်မှာ ကောင်းမွန်သောလုပ်ရပ်များဖြစ်၍ ဥပဒေပိုင်းဆိုင်ရာ အထောက်အကူပြုနိုင်ရေးစီမံပေးရမည် ဖြစ်ပါကြောင်း၊ မိမိတို့ လွှတ်တော်အနေဖြင့်လည်း ကျောင်းနေအရွယ် ကလေးသူငယ်တိုင်း ပညာသင်ကြားနိုင်ရေးနှင့် အကြောင်းအမျိုးမျိုးကြောင့် ပညာရေးနှင့် ကင်းကွာနေသူများအား ပညာဆက်လက်သင်ကြားခွင့်ရရှိရေးအတွက် ကျောင်းပြင်ပပညာရေး စနစ်တစ်ခုဖြစ်မြောက်ရေး လုပ်ငန်းစဉ်များကိုလည်း လွှတ်တော်ကိုယ်စားလှယ်များက မိမိမဲဆန္ဒနယ်မြေအလိုက် ဝိုင်းဝန်းကူညီ အကောင်အထည်ဖော် ဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်း၊ လူငယ်များ၏ အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင်ပေးနိုင်ရေးအတွက်လည်း နည်းပညာ၊ အသက်မွေးပညာနှင့် လေ့ကျင့်ရေး (Technical and Vocational Educa-tion and Training- TVET) များ ဖွံ့ဖြိုးလာစေရန် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရေး၊ ဥပဒေပြုရေးတို့ကို တိုးချဲ့ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။

လူငယ်ရေးရာဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်၍ အားလုံးလွှမ်းခြုံနိုင်သော National Youth Development Law , Youth Volunteer Service Law များ ဖြစ်ပေါ်လာစေရေး လေ့လာသုံးသပ် ဆောင်ရွက်သွားကြစေလိုကြောင်း၊ မြန်မာနိုင်ငံ၏ ကိန်းဂဏန်းစစ်တမ်းများအရ အမျိုးသမီးဦးရေသည် ပိုမိုများပြားလျက်ရှိသည့်အတွက် ထိရောက်စွာအသုံးချနိုင်ရေး နိုင်ငံ့အင်အားစုတစ်ရပ်အနေဖြင့် ဆောင်ရွက်သွားရန်ကို ဥပဒေရှုထောင့်မှ ကူညီဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်း၊ ထို့အတူ အမျိုးသမီးများအပေါ် အိမ်တွင်းအကြမ်းဖက်မှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ စိတ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများ၊ အွန်လိုင်းအသုံးပြု၍ အမျိုးသမီးများအား အကြမ်းဖက်ခြင်း၊ ကလေးသူငယ်များအား နည်းမျိုးစုံဖြင့် အကြမ်းဖက်မှု ဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်သော အမျိုးသမီးများ၊ ကလေးသူငယ်များ အကာအကွယ်ပေးရေးဆိုင်ရာဥပဒေများ ရေးဆွဲပြဋ္ဌာန်းပေးနိုင်ရေးဆောင်ရွက်ရန် လိုအပ်လျက်ရှိပါကြောင်း၊ ထို့အပြင် သက်ကြီးရွယ်အို ကာကွယ်စောင့်ရှောက်ရေးနှင့် ပတ်သက်ပြီး ဥပဒေများကို ဖြည့်စွက်ပြဋ္ဌာန်းဆောင်ရွက်နိုင်ရေး ညှိနှိုင်းတိုင်ပင်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း။

ယနေ့တွေ့ဆုံသည့် ကော်မတီများသည် များပြားလှသည့် လုပ်ငန်းတာဝန်များရှိပြီး လွှတ်တော်ကဏ္ဍ မြှင့်တင်ရေးအတွက် ကြိုးစားဆောင်ရွက်ကြစေလိုပါကြောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့်လည်း စဉ်ဆက်မပြတ် တွေ့ဆုံဆွေးနွေးပြီး တည်ဆဲဥပဒေများအပေါ် ပြန်လည်သုံးသပ်ခြင်း၊ လိုအပ်သည့် ဥပဒေသစ်များ ပြဋ္ဌာန်းပေးခြင်းဖြင့် နိုင်ငံတော်နှင့် နိုင်ငံသားများအတွက် ကောင်းမွန်သောအရွေ့တစ်ခုဖြစ်အောင် ညှိနှိုင်းတိုင်ပင်ဆောင်ရွက်ကြစေလိုပါကြောင်း ပြောကြားသည်။

သတင်းစဉ်