နေပြည်တော် ဒီဇင်ဘာ ၂
မြန်မာနိုင်ငံတိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးဆိုင်ရာ မဟာဗျူဟာ အတည်ပြုရေးဆွဲနိုင်ရေး ညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးရှိ အစည်း အဝေး ခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ ပြည်ထောင်စု ဝန်ကြီး နိုင်သက်လွင်၊ ဒုတိယဝန်ကြီး ဦးလှမော်ဦး၊ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိ သူများ တက်ရောက် ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်က တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ် စောင့်ရှောက် သည့် ဥပဒေပါ တိုင်းရင်း သားလူမျိုး များ၏ အခွင့်အရေးများကို ရရှိနိုင်ရန်နှင့် တိုင်းရင်းသားလူမျိုးများ၏ လူမှု စီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရန် ကြိုးစားခဲ့ပါ ကြောင်း၊ ရှေ့ဆက်၍ တိကျ သည့် မဟာဗျူဟာများချမှတ် ဆောင်ရွက်မည်ဆိုပါက တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးနှင့် အကျိုးစီးပွား များကို ပိုမိုဆောင်ရွက် လာနိုင် မည် ဖြစ်ပါကြောင်း၊ ယခုရေးဆွဲထားသည့် မြန်မာနိုင်ငံ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးဆိုင်ရာ မဟာ ဗျူဟာသည် တိုင်းရင်းသားများ၏ သဘောထားစစ်တမ်းကို အခြေခံ၍ ရေးဆွဲထားခြင်းဖြစ်၍ ယင်းသည် နိုင်ငံတော် အစိုးရ၏ မူဝါဒ၊ မျှော်မှန်း ချက်များနှင့်လည်း ကိုက်ညီနေရန် လိုပါ ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး၊ အမျိုးသား ရင်ကြားစေ့ရေး၊ ငြိမ်းချမ်းရေး ရရှိရေးတို့ကို ဆက်လက် ဆောင်ရွက်သွားရန်ရှိသဖြင့် တိုင်းရင်းသားများအရေးသည် အရေးကြီး သည့် ကဏ္ဍမှ ပါဝင်နေ ပါကြောင်း။
လွန်ခဲ့သော ၅ နှစ်တာကာလတွင် နိုင်ငံတော်က အမျိုးသားရင်ကြားစေ့ရေး အခြေခံအုတ်မြစ်ကို ချနိုင်ခဲ့ပြီး ဝန်ကြီး ဌာနကလည်း အုတ် တစ်ချပ် သဲတစ်ပွင့် မက ပါဝင်နေရမည်မှာ အသေအချာဖြစ်ပါကြောင်း၊ နောင်ဖြစ်ပေါ် လာမည့် အစိုးရ၏ ရည်မှန်းချက်များသည် ဝန်ကြီး ဌာနမှ ချမှတ်ထားသည့် ရည်မှန်းချက်၊ လုပ်ဆောင်ရမည့် တာဝန် များနှင့် ထပ်တူကျနေရမည်ဖြစ်သဖြင့် တာဝန်ပိုမိုလာနိုင်ပါ ကြောင်း၊ အစိုးရ၏ တိုင်းရင်းသားအရေးဆိုင်ရာ ရည်မှန်း ချက်များ ပြည့်ဝအောင်မြင်စေရန် ဝန်ကြီးဌာနက ပံ့ပိုး ပေးရန်လိုပါကြောင်း၊ မဟာဗျူဟာပါ ရည်မှန်း ချက်က တိုင်းရင်းသားများအားလုံး တန်းတူညီမျှသော နိုင်ငံသား အခွင့်အရေးများရရှိနိုင်ရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ အခွင့်အရေး များကို အပြည့်အဝရရှိနိုင်ရေး၊ တိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေး ကာကွယ် စောင့်ရှောက်သည့် ဥပဒေပါ ရည်ရွယ်ချက်များနှင့် မြန်မာနိုင်ငံ၏ ရေရှည် တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း အတိုင်း ပြည့်ဝအောင်မြင်နိုင်ရေးဖြစ်သဖြင့် နိုင်ငံတော် အစိုးရက ဆောင်ရွက်နေသည့် ရည်မှန်းချက် များနှင့် ကိုက်ညီသည့် မဟာဗျူဟာတစ်ရပ်ဖြစ်ရန် ပြည့်စုံ ကောင်းမွန်စွာ ရေးဆွဲနိုင်ပြီး သတ်မှတ်ကာလအတွင်း အောင်မြင်စွာ အကောင်အထည်ဖော်သွားရန် ပြောကြား သည်။
ထို့နောက် ဒုတိယဝန်ကြီး ဦးလှမော်ဦးက မြန်မာနိုင်ငံ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးဆိုင်ရာ မဟာဗျူဟာသည် မြန်မာနိုင်ငံ၏ ရေရှည် တည်တံ့ ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းနှင့် တစ်သား တည်း ဖြစ်စေရေးနှင့် အကောင်အထည်ဖော် ဆောင်ရွက် ရာတွင် ဆက်စပ်ဝန်ကြီးဌာန၊ ဦးစီးဌာနများ၊ NGO၊ INGO များနှင့် ပေါင်းစပ်ညှိနှိုင်း၍ ရှေ့တိုးဆောင်ရွက်သွားကြရန် မှာကြား သည်။
ယင်းနောက် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ် စောင့်ရှောက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းအေးကို က မြန်မာနိုင်ငံ တိုင်းရင်းသား လူမျိုး များ၏ အခွင့်အရေး ဆိုင်ရာ မဟာဗျူဟာ မူကြမ်းတွင် ပါဝင်သော နောက်ခံ သမိုင်း၊ ရည်မှန်းချက်၊ ရည်ရွယ်ချက်များ၊ ဆောင်ရွက်မည့် အခန်းကဏ္ဍများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ဒုတိယညွှန်ကြားရေးမှူး ဒေါ်သဉ္ဇာနိုင်က မဟာဗျူဟာဆောင်ရွက်မည့် အခန်းကဏ္ဍများသည် မြန်မာနိုင်ငံ၏ ရေရှည် တည်တံ့ ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းနှင့် ချိတ်ဆက်ဆောင်ရွက် နေမှုများကို အခန်းကဏ္ဍအလိုက် ရှင်းလင်းတင်ပြ သည်။
ထို့နောက် အမြဲတမ်းအတွင်းဝန် ဒေါက်တာ အယ်လ်တူးမိန်းဂေါင်၊ တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်နှင့် တာဝန်ရှိသူ တို့က မဟာဗျူဟာမူကြမ်းနှင့် စပ်လျဉ်း၍ အပြုသဘော ဆောင် အကြံပြုချက်များကို တင်ပြဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြား သည်။
တိုင်းရင်းသားများက တိုင်းရင်းသားများ၏ အခွင့် အရေးများကို အပြည့်အဝ ရရှိခံစားနိုင်ရန် ဝန်ကြီးဌာနသည် တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက် သည့် နည်းဥပဒေများကို ၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၂၃ ရက် တွင် ပြဋ္ဌာန်းခဲ့သည်။ ထို့ပြင် မြန်မာနိုင်ငံ တိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေးဆိုင်ရာ မဟာဗျူဟာ ရေးဆွဲနိုင်ရေး အတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး ၊ ပြည်နယ်များရှိ ဝန်ထမ်းများက တိုင်းရင်းသားများ နေထိုင် ရာဒေသများသို့ သွားရောက်၍ ဒေသခံတိုင်းရင်းသားများနှင့် တွေ့ဆုံ ဆွေးနွေးမှုများပြုလုပ်ခဲ့ရာ တိုင်းရင်း သား ရေးရာ အခြေခံ လိုအပ်ချက်များနှင့် စစ်တမ်းများကို ၂၀၁၈-၂၀၁၉ ခုနှစ်၌ ၆၄ ကြိမ် ကောက်ယူခဲ့ပြီး ရလဒ်များ အရ မြန်မာနိုင်ငံ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးဆိုင်ရာ မဟာ ဗျူဟာ ၂၀၂၁-၂၀၃၀ ရေးဆွဲကာ အတည်ပြုနိုင်ရေး ဆောင်ရွက်လျက် ရှိသည်။ ထို့ပြင် မြန်မာနိုင်ငံ တိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေးဆိုင်ရာ မဟာဗျူဟာကို မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက် ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း ၂၀၁၈-၂၀၃၀(MSDP)နှင့် ချိတ်ဆက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်သည်။ တိုင်းရင်း သား လူမျိုးများ သည် တန်းတူညီမျှသော နိုင်ငံသားအခွင့်အရေးများနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေပါ အခွင့်အရေးများကို အပြည့်အဝ ရရှိခံစားရန်နှင့် တိုင်းရင်းသားရေးရာကိစ္စရပ်များ အကောင်အထည်ဖော်ရန် လမ်းပြမြေပုံဖြစ်လာမည့် မဟာဗျူဟာ တစ်ရပ် ပေါ်ထွက် လာရေး၊ နှစ်အလိုက် Action Plans နှင့်အတူ ဦးစားပေး လုပ်ငန်းများကို တိုင်းရင်းသား နေထိုင်ရာဒေသများတွင် နှစ်အလိုက် အကောင် အထည်ဖော် ဆောင်ရွက်နိုင်သည်နှင့် အညီ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများအကြား ဖွံ့ဖြိုးမှု ကွာဟမှုရှိသည်ဟု ခံစားရမှုများ လျော့ပါး စေပြီး ငြိမ်းချမ်း သာယာသော ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုအဖြစ် တည်ဆောက်နိုင်ရေး အလားအလာကောင်းများ ဖန်တီး တည်ဆောက် ရာတွင် အထောက်အကူပြုစေမည်ဖြစ် ကြောင်း သိရသည်။
သတင်းစဉ်