Skip to main content

ဝါအထွက်နှုန်း ပန်းတိုင်ရည်မှန်းချက် ရရှိရေး ဆောင်ရွက်

မြန်မာနိုင်ငံလူဦးရေ၏ ၄၆ ရာခိုင်နှုန်းသည် ဆင်းရဲနွမ်းပါးမှုစာရင်းတွင် ပါဝင်လျက်ရှိကြောင်း ကုလသမဂ္ဂအစီရင်ခံစာတစ်ရပ်က အဆိုရှိသည်။ ဆင်းရဲနွမ်းပါးမှုဟုဆိုရာတွင် အဓိကအားဖြင့် ကျေးလက်နေပြည်သူများ၏ စီးပွားရေးကို တွက်ချက်ထားခြင်းဖြစ်သည်။ မြန်မာနိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းကျော်ဖြစ်သော ကျေးလက်နေပြည်သူများ၏ စီးပွားရေးတိုးတက်မှသာလျှင် နိုင်ငံ၏ ဆင်းရဲနွမ်းပါးမှု လျော့ကျနိုင်မည်ဖြစ်သည်။

ကျေးလက်နေပြည်သူများ၏ အသက်မွေးမှုမှာ စိုက်ပျိုးရေးအပေါ်တွင် အဓိကအမှီပြုနေသည်။ စိုက်ပျိုးရေးကဏ္ဍသည် နိုင်ငံတော်၏ ပြည်တွင်းအသားတင်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး (ဂျီဒီပီ) ၏ ၂၃ ဒသမ ၇ ရာခိုင်နှုန်းအထိ ပါဝင်နေပြီး နိုင်ငံ့လူဦးရေ၏ ၄၆ ရာခိုင်နှုန်းခန့်သည် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများနှင့် ဆက်စပ်သည့်လုပ်ငန်းများတွင် အသက်မွေးဝမ်းကျောင်းနေကြသည့် ကျေးလက်နေပြည်သူများဖြစ်သည်။ သို့ဖြစ်ရာ လယ်ယာစိုက်ပျိုးရေးထွက်ကုန်ပစ္စည်းများ ပိုမိုတိုးတက်ထွက်ရှိမှသာ ကျေးလက်နေပြည်သူများ၏ စီးပွားရေးကောင်းမွန်လာပြီး လူနေမှုအဆင့်အတန်းလည်း မြင့်မားလာမည်ဖြစ်ခြင်းကြောင့် စိုက်ပျိုးရေးကုန်ထုတ်လုပ်မှုများ တိုးတက်အောင်မြင်အောင် နိုင်ငံတော်က အားပေးဆောင်ရွက်လျက်ရှိသည်။ လက်ရှိအခြေအနေတွင် လယ်ယာစိုက်ပျိုးရေးကဏ္ဍ ထုတ်လုပ်မှုစွမ်းရည်မှာ အခြားနိုင်ငံများနှင့် နှိုင်းယှဉ်ပါက အားနည်းလျက်ရှိရာ သီးနှံအထွက်နှုန်းများ ပန်းတိုင်ရည်မှန်းချက်နှင့်အညီ ထွက်ရှိနိုင်ရေးအတွက် နိုင်ငံတော်က တတ်နိုင်သမျှ ကူညီဆောင်ရွက် ပေးလျက်ရှိသကဲ့သို့ စိုက်ပျိုးသည့် တောင်သူများကလည်း အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ကြရန် လိုသည်။

စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မျိုး၊ မြေ၊ ရေ၊ နည်းဟူသော အခြေခံ (၄) ရပ်ကို ပြည့်စုံအောင် ဆောင်ရွက်ပေးခြင်းဖြင့် သီးနှံအထွက်နှုန်း မြင့်မားတိုးတက်လာမည်ဖြစ်သည်။ သီးနှံမျိုးကောင်းမျိုးသန့်ရရှိအောင် ဆောင်ရွက်ရန်၊ မြေကို စနစ်တကျပြုပြင်ဆောင်ရွက်ရန်၊ အောင်ရေ ရရှိရန်၊ စိုက်နည်းစနစ်များ မှန်ကန်ရန် လိုအပ်သည်။ သီးနှံများ၏ ပန်းတိုင်အထွက်နှုန်းကို ရရှိအောင် ဆောင်ရွက်ရမည်ဖြစ်သကဲ့သို့ သီးထပ်စွမ်းအားများ မြင့်မားကောင်းမွန်စေရေး ဆောင်ရွက်ပေးရန်လိုသည်။

နိုင်ငံ၏ တိုးတက်မှုစံနှုန်းကို ဂျီဒီပီနှင့် တိုင်းတာရာတွင် လယ်ယာ၊ စက်မှု၊ ဝန်ဆောင်မှုဟူသော ကဏ္ဍကြီး (၃) ရပ် တစ်ခုနှင့်တစ်ခု ဆက်စပ်နေပြီး အားလုံးတိုးတက်မှုရှိမှသာ ဂျီဒီပီလည်း တိုးတက်လာနိုင်မည်ဖြစ်သည်။ နိုင်ငံ့ဂျီဒီပီမြင့်မားရေးနှင့် တစ်ဆက်တည်းဖြစ်သော လယ်ယာကဏ္ဍတွင် ဝါသည် အရေးကြီးသည့် စိုက်ပျိုး ထုတ်ကုန်ဖြစ်သည်။ ဝါမှ ဝါဂွမ်း၊ ဝါဂွမ်းမှ ချည်နှင့် ချည်ထည်၊ ဝါစေ့မှ ဆီနှင့် တိရစ္ဆာန်အစာအဖြစ် သုံးနိုင်သည့် ဝါစေ့ကြိတ်ဖတ်များ ထုတ်လုပ်နိုင်ခြင်းကြောင့် Agro- Based Industries ဖော်ဆောင်ရာတွင် ဝါသည် အရေးကြီးသည်။ သို့ဖြစ်ရာ နိုင်ငံတော်အစိုးရက ဝါစိုက်ပျိုးရေးကို တွန်းအားပေးဆောင်ရွက်ခဲ့ခြင်းကြောင့် တစ်နိုင်ငံလုံး ပျမ်းမျှအထွက်နှုန်းအနေဖြင့် ၂၀၂၅- ၂၀၂၆ စိုက်ပျိုးရာသီတွင် ဝါစိုက်ပျိုးဧက ၅ ဒသမ ၄ သိန်းကျော်ရှိပြီး တစ်ဧကအထွက်နှုန်း ၄၉၉ ဒသမ ၂ ပိဿာရှိခဲ့သည်။ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဝါထွက်ရှိမှု ပိဿာချိန် ၂၇၄၃ သိန်းကျော်ဖြစ်ရာ နိုင်ငံလိုအပ်ချက်ထက် များစွာ ပိုလျှံထွက်ရှိခဲ့သည်။

“လက်ရှိကမ္ဘာတွင် ပေါက်စျေးအရ ဝါဂွမ်းတစ်တန်လျှင် အမေရိကန်ဒေါ်လာ ၁၈၀၀ နှင့် ၁၉၀၀ ကြားတွင် ရှိပြီး မိမိတို့နိုင်ငံတွင် သတ်မှတ်ထားသည့် ဝါတစ်ဧက ပန်းတိုင်ရည်မှန်းချက် အထွက်နှုန်း ပိဿာ ၇၀၀ ရရှိအောင် ဆောင်ရွက်နိုင်မည်ဆိုပါက ပိုလျှံထွက်ရှိသည့် ဝါဂွမ်းများ ရောင်းချရရှိငွေမှာ အမေရိကန်ဒေါ်လာ သန်း ၅၀၀ ခန့် ပိုမိုရရှိနိုင်မည်ဖြစ်ကြောင်း” မကွေးမြို့တွင် ပြီးခဲ့သည့် ဇူလိုင် ၁၂ ရက်က ကျင်းပသည့် ဝါစိုက်ပျိုးမှုမှသည် အထည်အလိပ်စက်မှုလုပ်ငန်းဆီသို့ ဆွေးနွေးပွဲတွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့ပြီး “နိုင်ငံတော်အနေဖြင့်လည်း လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ မိမိတို့အစိုးရအဖွဲ့ တာဝန်ယူချိန်ကာလအတွင်း ဝါစိုက်ပျိုးထုတ်လုပ်မှုကို အောင်မြင်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း” ဖြင့်လည်း ပြောကြားခဲ့ရာ အားလုံးက အလေးထားဆောင်ရွက်ကြခြင်းဖြင့် ဝါစိုက်တောင်သူများ၊ ဝါထုတ်ကုန်လုပ်ငန်းများ ဆောင်ရွက်ကြသူများနှင့် နိုင်ငံတော်အတွက် အကျိုးဖြစ်ထွန်းလာစေမည်ဖြစ်သည်။

ကမ္ဘာပေါ်တွင် လိုအပ်ချက်ဖြစ်နေသည့် စားနပ်ရိက္ခာနှင့် အဝတ်အထည်များကို ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ်နိုင်သော ရေခံမြေခံကောင်းသည့် မိမိတို့နိုင်ငံအနေဖြင့် နိုင်ငံအတွက် အရေးကြီးသည့် စိုက်ပျိုးရေးထုတ်ကုန်ဖြစ်သော ဝါကို တစ်ဧကပန်းတိုင်အထွက်နှုန်းအတိုင်း ထွက်ရှိစေရေး အားထုတ်ကြိုးပမ်းဆောင်ရွက်ခြင်းဖြင့် တောင်သူများ၊ လုပ်ငန်းရှင်များနှင့် နိုင်ငံ့စီးပွားတို့ မြင့်မားတိုးတက်ပါစေကြောင်း။ ။