Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးထိန်လင်း တရုတ်နိုင်ငံ ယူနန်ပြည်နယ်၏ (၅) ကြိမ်မြောက် နိုင်ငံတကာပြန်ကြားရေးဖိုရမ်သို့ တက်ရောက်မိန့်ခွန်းပြောကြား

စစ်ဆောင်ပန်းနား ဇူလိုင် ၁၆

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ်၏ (၅) ကြိမ်မြောက် နိုင်ငံတကာ ပြန်ကြားရေးဖိုရမ်ကို ယနေ့မွန်းလွဲပိုင်းတွင် ယူနန်ပြည်နယ် စစ်ဆောင်ပန်းနားပြည်နယ်ခွဲရှိ InterContinental Xishuangbanna Resort Hotel ခန်းမဆောင်၌ ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထိန်လင်း တက်ရောက်မိန့်ခွန်းပြောကြားသည်။

ဦးစွာ ယူနန်ပြည်နယ် ပါတီကော်မတီဝင် ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီး မစ္စဇိန်းယန့်က အဖွင့်မိန့်ခွန်းပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးထိန်လင်းက မိန့်ခွန်းပြောကြားရာတွင် ယနေ့ကမ္ဘာကြီး၌ ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများကို နိုင်ငံတစ်နိုင်ငံတည်း၏ ကြိုးပမ်းအားထုတ်မှုဖြင့် ဖြေရှင်းနိုင်ရန် ခက်ခဲလာသဖြင့် နိုင်ငံများအကြားတွင် ယုံကြည်မှု၊ ပူးပေါင်းဆောင်ရွက်မှုနှင့် အပြန်အလှန်အကျိုးဖြစ်ထွန်းစေမည့် ဆက်ဆံရေးကို ယခုထက်မက ပိုမိုခိုင်မာစေရန် လိုအပ်လာမှုကို တွေ့မြင်ကြရမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ အခြေအနေတွင် အိမ်နီးချင်းနိုင်ငံများနှင့်လက်တွဲပြီး ပူးပေါင်းဆောင်ရွက်မှုသည် ကောင်းမွန်သော အနာဂတ်ကို မျှဝေခံစားနိုင်ရန် ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း။

မကြာမီက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ၏ တရုတ်၊ အိန္ဒိယနှင့် လာအိုနိုင်ငံတို့သို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်များ သွားရောက်ခဲ့ပြီး ယုံကြည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုခိုင်မာမှုရရှိနိုင်ရန် ညှိနှိုင်းဆွေးနွေးမှုများပြုလုပ်ခဲ့ကာ နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အပြန်အလှန်လေးစားမှု၊ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲမှုတို့ကို လေးစားမှု၊ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ရန်နှင့် တန်းတူညီမျှပြီး အကျိုးရှိစေမည့် ပူးပေါင်းဆောင်ရွက်မှုများကို အခြေခံကာ အိမ်နီးချင်းနိုင်ငံများနှင့် ဆက်လက်လက်တွဲ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မြန်မာ-တရုတ် နှစ်နိုင်ငံပြည်သူများအကြားတွင် ပြည်သူများ ချစ်ကြည်ရင်းနှီးမှု၊ အပြန်အလှန်နားလည်မှုများ ပိုမိုခိုင်မာလာစေရန်အတွက် ပြန်ကြားရေးဝန်ကြီးဌာနနှင့် ယူနန်နိုင်ငံတကာဆက်ဆံရေးစင်တာ (YICC) တို့ ပူးပေါင်းပြီး နှစ်စဉ်ဖိုရမ်များ ကျင်းပကာ မီဒီယာကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများအပြင် နှစ်နိုင်ငံယဉ်ကျေးမှုအနုပညာဆိုင်ရာ ဖလှယ်မှု၊ ဖျော်ဖြေတင်ဆက်မှုများကိုလည်း ထည့်သွင်းဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။

ယင်းနောက် တရုတ်နိုင်ငံမှ ဘာသာရပ်ဆိုင်ရာကျွမ်းကျင်သူများက ယူနန်ပြည်နယ်၏ နိုင်ငံတကာပြန်ကြားရေးဆိုင်ရာများကို သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးမျှဝေကြပြီး တရုတ်ဆင် ခရီးစဉ်အား ကမ္ဘာတစ်ဝန်းသို့ မိတ်ဆက်ခြင်းနှင့် တရုတ်ဆင်ရိုင်းများ၏ နေရာ၊ ဂေဟဗေဒဆိုင်ရာပညာရပ် အစီရင်ခံစာထုတ်ပြန်ခြင်းတို့ကို ဆောင်ရွက်ကြသည်။

ဆက်လက်၍ “ဒီဂျစ်တယ်ခေတ်တွင် နိုင်ငံတကာပြန်ကြားရေးဆိုင်ရာ ဆောင်ရွက်မှု၊ ထိရောက်မှု၊ အသွင်ပြောင်းမှုနှင့် ချိတ်ဆက်ညှိနှိုင်းမှု” ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲကို ကျင်းပသည်။

အဆိုပါ နိုင်ငံတကာပြန်ကြားရေးဖိုရမ်သို့ တောင်အာရှနှင့် အရှေ့တောင်အာရှနိုင်ငံများအပြင် အနောက်နိုင်ငံအချို့အပါအဝင် နိုင်ငံပေါင်း ၂၀ မှ မီဒီယာတာဝန်ရှိ သူစုစုပေါင်း ၂၀၀ ကျော် တက်ရောက်ကြသည်။

ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စစ်ဆောင်ပန်းနား အမျိုးသားဥယျာဉ်ရှိ ဂေဟစနစ်ခရီးသွားလုပ်ငန်းဖြစ်သော ဆင်များ သဘာဝဘေးမဲ့တော (Wild Elephant Valley) သို့ သွားရောက်ကြည့်ရှုလေ့လာကြသည်။

ယမန်နေ့နံနက်ပိုင်းကလည်း ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တရုတ်၊ မြန်မာနှင့် လာအိုနိုင်ငံနယ်စပ်ရှိ မဲခေါင်မြစ် (လန်ချန်းမြစ်) ၏ မြစ်ကမ်းပါးရှိ ကွမ်းလေးဆိပ်ကမ်း (Guanlei Port) သို့ သွားရောက်လေ့လာကြသည်။

တရုတ်–လာအို–မြန်မာ–ထိုင်း နိုင်ငံတို့အကြား မဲခေါင်မြစ် ရေကြောင်းသယ်ယူပို့ဆောင်ရေး၏ အရေးကြီးသော ဆိပ်ကမ်းတစ်ခုဖြစ်ပြီး ကုန်စည်ပို့ဆောင်ရေး၊ ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေးအတွက် အရေးပါသော ရေလမ်းကြောင်းဗဟိုချက်တစ်ခုဖြစ်ကြောင်း၊ တစ်နှစ်လျှင် ကုန်စည်တန်ချိန် ၁၅၀၀၀၀ ကျော်နှင့် ခရီးသည်တစ်သိန်းကျော်ကို ဝန်ဆောင်မှုပေးနိုင်ရန် ရည်ရွယ်တည်ဆောက်ထားသည့် ကုန်းတွင်းပိုင်းရေကြောင်းဆိပ်ကမ်း (Inland Waterway Port) အမျိုးအစားဖြစ်ကြောင်း၊ ဆိပ်ခံတံတားတွင် စက်မှုကုန်ပစ္စည်းများ၊ မော်တော်ယာဉ်များနှင့် အာဆီယံမှ တင်သွင်းလာသည့် လတ်ဆတ်သော လယ်ယာထွက်ကုန်၊ သစ်သီးဝလံများကို ခေတ်မီကရိန်းကြီးများဖြင့် လျင်မြန်စွာ ကုန်တင်ကုန်ချပြုလုပ်နိုင်ရန် စီစဉ်ထားကြောင်း သိရသည်။

သတင်းစဉ်