Skip to main content

နေရောင်ခြည်စွမ်းအင် သုံးစွဲမှုမြှင့်တင်

မြန်မာနိုင်ငံသည် လျှပ်စစ်ဓာတ်အားလိုအပ်ချက် ကြီးမားသည့်နိုင်ငံဖြစ်သည်။ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့် နေ့စဉ်လူမှုစီးပွားဘဝများအတွက် လျှပ်စစ်ဓာတ်အားသည် မရှိမဖြစ်အရေးပါသည့်အလျောက် ရာနှုန်းပြည့်ဖြည့်ဆည်းနိုင်သည်အထိ နိုင်ငံတော်က နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနတွင် ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ ၃၂ ရုံ၊ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ ၂၄ ရုံ၊ ကျောက်မီးသွေးဓာတ်အားပေးစက်ရုံ နှစ်ရုံနှင့် နေရောင်ခြည်စွမ်းအင်(ဆိုလာ)ဓာတ်အားပေးစက်ရုံ ၁၂ ရုံတို့မှ စုစုပေါင်း စက်တပ်ဆင်အင်အား ၆၇၂၅ မဂ္ဂါဝပ်ရှိသော်လည်း စက်စွမ်းအားပြည့်မမောင်းနှင်နိုင်။ စက်စွမ်းအားပြည့်မောင်းနိုင်ပါက မဂ္ဂါဝပ် ၃၄၀၀ မှ ၄၀၀၀ ခန့် ထုတ်လုပ်ပေးနိုင်သည်။ မြန်မာနိုင်ငံ၏ စွမ်းအင်အရင်းအမြစ် (Energy Mix) မှာ သဘာဝဓာတ်ငွေ့မှ ၅၆ ရာခိုင်နှုန်းခန့်၊ ရေအားမှ ၄၀ ရာခိုင်နှုန်းခန့်အပေါ်တွင် အဓိကအားထားနေရပြီး နေရောင်ခြည်စွမ်းအင်မှ ဓာတ်အားထုတ်လုပ်မှုမှာ စုစုပေါင်း ဓာတ်အားထုတ်လုပ်မှု၏ ၃ ဒသမ ၅၈ ရာခိုင်နှုန်းသာ ရှိနေသေးသည်။

မြန်မာနိုင်ငံသည် တည်နေရာအနေအထားအရ အီကွေတာနှင့်နီးပြီး တစ်နှစ်ပတ်လုံး နေရောင်ခြည်စွမ်းအင် အပြည့်အဝရရှိသော နိုင်ငံဖြစ်သည်။ အရှေ့တောင်အာရှတွင် ဆိုလာစွမ်းအင်ထုတ်လုပ်နိုင်မှု အလားအလာအကြီးမားဆုံးနိုင်ငံများတွင် ပါဝင်သည်။ တစ်နိုင်ငံလုံး၏ ပျမ်းမျှနေရောင်ခြည်စွမ်းအင်ပြင်းအား ၄ ဒသမ ၅ မှ ၅ ဒသမ ၁ kWh/m2/day ကြားတွင်ရှိသည်။ ခြောက်သွေ့သောရာသီများတွင် နေ့စဉ် ၇ နာရီမှ ၁၀ နာရီ၊ မိုးရာသီတွင် နေ့စဉ် ၃ နာရီမှ ၄ နာရီအထိ နေရောင်ခြည်ကို တိုက်ရိုက်ရရှိသည်။ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးတို့အပါအဝင် မြန်မာနိုင်ငံအလယ်ပိုင်း မိုးနည်းရပ်ဝန်းများသည် နေရောင်ခြည်လွန်စွာကောင်းမွန်အောင်ရရှိပြီး တစ်နှစ်ပတ်လုံး ဆိုလာစွမ်းအင်အထွက်နှုန်းကို အမြင့်ဆုံးရရှိနိုင်သည်။

လက်ရှိ မိမိတို့နိုင်ငံ၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုသည် ရေအားလျှပ်စစ်နှင့် သဘာဝဓာတ်ငွေ့အရင်းအမြစ်အပေါ်တွင် အဓိကမှီခိုနေခြင်းဖြစ်ရာ ကမ္ဘာ့ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုနှင့် အကန့်အသတ်ဖြင့်သာရှိနေသည့် သဘာဝဓာတ်ငွေ့ထုတ်လုပ်မှု စသည့်အခြေအနေတို့အရ နိုင်ငံ၏ ရေရှည်စွမ်းအင်လုံခြုံရေးအတွက် စိန်ခေါ်မှုများ ဖြစ်ပေါ်လာနိုင်သည်။ မြန်မာနိုင်ငံတွင် နွေရာသီကာလ ရေအားလျှပ်စစ်ထုတ်လုပ်မှု ကျဆင်းချိန်တွင် နေရောင်ခြည်စွမ်းအင်ဓာတ်အားကို အမြင့်ဆုံးထုတ်လုပ်ပေးနိုင်ခြင်း၊ မိုးရာသီ ဆိုလာလျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မှုကျဆင်းချိန်တွင် ရေအားလျှပ်စစ်ကို ပိုမိုထုတ်လုပ်ပေးနိုင်ခြင်း၊ ဆိုလာဓာတ်အားပေးစီမံကိန်းများမှာ တည်ဆောက်မှုအချိန်ကာလ တိုတောင်းခြင်း၊ မြန်မာနိုင်ငံ၏ နေရောင်ခြည်စွမ်းအင်အရင်းအမြစ် ပေါများကြွယ်ဝခြင်း စသည်တို့ကြောင့် မိမိတို့နိုင်ငံ၏ စွမ်းအင်အရင်းအမြစ်တွင် နေရောင်ခြည်စွမ်းအင်မှာ ယခုလက်ရှိပါဝင်မှုထက် များစွာပိုမိုပါဝင်ရန် လိုအပ်သည်။

နိုင်ငံတော်အစိုးရသည် နိုင်ငံတော်၏ မဟာဓာတ်အားလိုင်းများအတွင်းသို့ သင့်တင့်သည့်အချိုးအစားဖြင့် ဆိုလာစနစ်အား ထည့်သွင်းနိုင်ရေးနှင့် တစ်ဦးချင်းဖြစ်စေ၊ အစုအဖွဲ့လိုက်ဖြစ်စေ မိမိတို့အစီအစဉ်ဖြင့် Solar Home System စနစ်အား တပ်ဆင်အသုံးပြုနိုင်ရေး နည်းလမ်းနှစ်ခုဖြင့် အားပေးဆောင်ရွက်လျက်ရှိသည်။ နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အားသုံးစွဲမှုတွင် ဆိုလာဓာတ်အားစနစ် သိသာစွာတိုးမြှင့်ပါဝင်လာစေရန် ရည်ရွယ်သည့် အလုပ်ရုံဆွေးနွေးပွဲကို ဇူလိုင် ၁၅ ရက်က နေပြည်တော်တွင်ကျင်းပရာ ဆိုလာနည်းပညာ၊ ဘက်ထရီနည်းပညာ၊ ဆိုလာဓာတ်အားပေးစနစ်တို့နှင့်ပတ်သက်သည့် ပညာရှင်များ၊ လုပ်ငန်းရှင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ ဆိုလာနည်းပညာဆိုင်ရာကုမ္ပဏီများမှ တာဝန်ရှိသူများ၊ စိတ်ပါဝင်စားသူများ တက်ရောက်ခဲ့ကြသည်။

မြန်မာနိုင်ငံတွင် နေရောင်ခြည်စွမ်းအင်ဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန်မြှင့်တင်ရေး၊ လျှပ်စစ်ဓာတ်အားစနစ် တည်ငြိမ်စိတ်ချရမှုကို ထိန်းသိမ်းနိုင်ရေးတို့အတွက် ဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် နည်းပညာဆိုင်ရာ ကန့်သတ်ချက်များ၊ စီမံခန့်ခွဲမှုဆိုင်ရာ အခက်အခဲများကို ဆွေးနွေးပွဲတွင် ဝိုင်းဝန်းဆွေးနွေးအဖြေရှာပြီး အကျိုးရှိထိရောက်သည့် အစီအမံများနှင့် စီမံကိန်းများ လျင်မြန်စွာအကောင်အထည်ပေါ်လာနိုင်မည်ဖြစ်သည်။ 

နေရောင်ခြည်စွမ်းအင်သည် မိမိတို့နိုင်ငံတွင် ပေါများစွာရရှိနိုင်ပြီး ထာဝရမကုန်ခန်းနိုင်သည့် ပြန်ပြည့်မြဲစွမ်းအင်၊ သန့်ရှင်းသည့်စွမ်းအင်ဖြစ်ရာ ယခုထက်များစွာ ပိုမိုသုံးစွဲနိုင်ရန် ဆောင်ရွက်သွားရမည်ဖြစ်သည်။ ဆိုလာဓာတ်အားပေးစနစ်ကို တစ်ပိုင်တစ်နိုင် တပ်ဆင်သုံးစွဲခြင်းဖြင့် စီးပွားရေးအရ တွက်ခြေကိုက်မည်၊ ကနဦးတပ်ဆင်စရိတ် မြင့်မားခြင်းအတွက် နည်းလမ်းရှာဖြေရှင်းပေးမည်ဆိုပါက သုံးစွဲမည့်သူများ ပိုမိုတိုးတက်များပြားလာမည်ဖြစ်သည်။ ဓာတ်အားလိုင်းမရောက်သည့် နေရာဒေသများအတွက် အဓိကစွမ်းအင်ဖြစ်သည့် ဆိုလာဓာတ်အားပေးစနစ် ပိုမိုတိုးတက်သုံးစွဲနိုင်ရေး ဝိုင်းဝန်းအဖြေရှာ ဆောင်ရွက်ပေးကြရပါမည့်အကြောင်း။ ။