နေပြည်တော် ဇူလိုင် ၁၂
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် ပြင်ဦးလွင်မြို့နယ် မေမြို့ထင်းကြိုးဝိုင်းအကွက်အမှတ် (၂) ၌ ၂၀၂၆ ခုနှစ် မိုးရာသီ နိုင်ငံတော်အဆင့် သစ်ပင်စိုက်ပျိုးပွဲတော်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်၍ စိန်ပန်းပြာပင်ကို ဦးဆောင်စိုက်ပျိုးပေးသည်။
အခမ်းအနားသို့ နိုင်ငံတော်သမ္မတနှင့်အတူ ခရီးစဉ်တွင်လိုက်ပါသွားသည့် အဖွဲ့ဝင်များ၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ပြင်ဦးလွင်တပ်နယ်မှ တပ်မတော်အရာရှိကြီးများနှင့် တပ်မတော်သားများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ပြည်သူလူထု ပူးပေါင်းပါဝင်မှုဖြင့်ကျင်းပ
ဦးစွာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က အမှာစကားပြောကြားရာတွင် နိုင်ငံတော်အနေဖြင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားများကို မိုးရာသီအစတွင် နှစ်စဉ်ကျင်းပဆောင်ရွက်လျက်ရှိကြောင်း၊ ယခုကဲ့သို့ သစ်ပင်စိုက်ပွဲများကျင်းပရသည်မှာ ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်သာယာလှပစေရေး၊ သစ်တောဖုံးလွှမ်းမှုတိုးတက်လာစေရေး၊ သစ်တောသယံဇာတများ ရေရှည်တည်တံ့စေရေး၊ ဂေဟစနစ်ကောင်းမွန်မျှတစေရေးနှင့် သဘာဝဘေးအန္တရာယ်များမှ တားဆီးကာကွယ်နိုင်ရေးစသည့် ရည်ရွယ်ချက်ကောင်းများနှင့် ကျင်းပဆောင်ရွက်နေခြင်းဖြစ်ပြီး ပြည်သူများအကြား သစ်တောသစ်ပင်များ၏ တန်ဖိုးကို နားလည်မြတ်နိုးသည့် စိတ်ဓာတ်ဖြစ်ပေါ်လာပြီး သစ်တောပြုစုထိန်းသိမ်းရေးလုပ်ငန်းများတွင် ပြည်သူများက တက်ကြွစွာ ပူးပေါင်းပါဝင်လာစေရေး နိုင်ငံတော်က ဦးဆောင်ပြီး ယခုကဲ့သို့ ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် ကျင်းပဆောင်ရွက်ခြင်းဖြစ်ကြောင်း။
သစ်တောသစ်ပင်များသည် လူသားများအပါအဝင် သက်ရှိအားလုံးရှင်သန်ရပ်တည်နိုင်ရေးအတွက် အရေးကြီးသည့်အခန်းကဏ္ဍမှ ပါဝင်နေသည့်အတွက် နိုင်ငံနှင့်အဝန်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ မိုးရာသီသစ်ပင်စိုက်ပွဲတော်များကို နှစ်စဉ်ကျင်းပဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်အဆင့် ပထမအကြိမ် သစ်ပင်စိုက်ပျိုးပွဲတော်ကို ဇွန်လ ၁၃ ရက်တွင် နေပြည်တော်၌ ကျင်းပခဲ့ပြီး အပင်ပေါင်း ၃၀၀၀ စိုက်ပျိုးခဲ့ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၊ ခရိုင်နှင့် မြို့နယ်အသီးသီး၌လည်း တစ်ချိန်တည်း တစ်ပြိုင်တည်း သစ်ပင်စိုက်ပျိုးပွဲများကို ကျင်းပခဲ့ရာ သစ်ပင်စိုက်ပွဲ ၁၁၁ နေရာ၊ အပင်ပေါင်း ၈၀၅၂၀ ကို ပြည်သူများပူးပေါင်းပါဝင်မှုဖြင့် အောင်မြင်စွာစိုက်ပျိုးနိုင်ခဲ့ကြောင်း၊ ဇွန်လ ၂၅ ရက်တွင်လည်း နိုင်ငံတော်အဆင့် ဒုတိယအကြိမ် သစ်ပင်စိုက်ပျိုးပွဲတော်ကို နေပြည်တော်၌ ကျင်းပဆောင်ရွက်နိုင်ခဲ့ပြီး သစ်မျိုး ၁၄ မျိုး၊ အပင်ပေါင်း ၃၀၀၀ ကို စိုက်ပျိုးခဲ့ကြောင်း၊ ယခု နိုင်ငံတော်အဆင့် သစ်ပင်စိုက်ပျိုးပွဲကို ပြင်ဦးလွင်မြို့ စိမ်းလန်းစိုပြည်ရေးစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ဧရိယာအတွင်း မေမြို့ထင်းကြိုးဝိုင်းအကွက်အမှတ် (၂) အတွင်း ကျင်းပဆောင်ရွက်ခြင်းဖြစ်ပြီး မဟော်ဂနီ၊ ချယ်ရီ၊ ဆီသပြေ၊ ပျဉ်းကတိုး၊ စိန်ပန်းနီ၊ စိန်ပန်းပြာ၊ ခရေ၊ ခါတော်မီသစ်မျိုး ရှစ်မျိုး၊ အပင် ၃၀၀၀ ကို စိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်း။
စတင်စိုက်ပျိုးဆောင်ရွက်နေ
ဤဒေသ၏ အေးမြသည့်ရာသီဥတုအပါအဝင် သစ်ပင်သစ်တောများဖြင့် ပိုမိုစိမ်းလန်းစိုပြည်သော၊ ကျန်းမာသော၊ ပျော်ရွှင်ဖွယ်ကောင်းသော၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်သော၊ သန့်ရှင်းကောင်းမွန်သော စံနမူနာထားရသည့်မြို့ပြတစ်ခုအဖြစ် ပြင်ဦးလွင်မြို့ကို နောင်မျိုးဆက်သစ်များအား လက်ဆင့်ကမ်းအမွေပေးနိုင်ရန် ယခုနှစ်ကစပြီး ပြင်ဦးလွင်မြို့ စိမ်းလန်းစိုပြည်ရေးစီမံကိန်းကို စတင်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းစီမံကိန်းကို ပြင်ဦးလွင်မြို့၏ တောင်ဘက်၊ မြောက်ဘက်နှင့် အရှေ့ဘက်တို့တွင် သစ်တောစိုက်ခင်းများ ထုနှင့် စိုက်ပျိုးနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ယခုနှစ် စိမ်းလန်းစိုပြည်ရေး စိုက်ခင်းဧက ၂၀၀၀ ကို စိုက်ကွက် ၁၅ ကွက်၊ သစ်မျိုး ၁၉ မျိုး၊ ပျိုးပင်ပေါင်း ၄၀၀၀၀၀ ဖြင့် စတင်စိုက်ပျိုးဆောင်ရွက်နေခြင်းဖြစ်ကြောင်း။
စိုက်ပျိုးပြီးအပင်များ ရှင်သန်အောင်မြင်စေရေးအတွက် သေပင်ဖာထေးခြင်း၊ ပေါင်းရှင်းခြင်း၊ မြေဩဇာကျွေးခြင်း၊ မီးကာကွယ်ခြင်းလုပ်ငန်းများကို ရာသီအလိုက် ဆောင်ရွက်သွားကြရန်၊ လူနှင့်တိရစ္ဆာန်တို့ ဖျက်ဆီးခြင်းမခံရအောင် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ကြရန် တာဝန်ရှိဝန်ထမ်းများကိုမှာကြားလိုကြောင်း၊ သစ်ပင်များသည် သက်ရှိများဖြစ်သည့်အတွက် ပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများကို ရာသီအလိုက် ဆက်လက်လုပ်ဆောင်မှသာ စိုက်ပျိုးပြီးအပင်များ ရာနှုန်းပြည့်ရှင်သန်ကြီးထွား အောင်မြင်နိုင်မည်ဖြစ်ကြောင်း၊ ယခုစိမ်းလန်းစိုပြည်ရေးစီမံကိန်းသည် ပြင်ဦးလွင်တွင်နေထိုင်ကြသည့် ပြည်သူများအတွက် ကောင်းမွန်သည့်အနာဂတ်ကို ရည်ရွယ်ပြီး စိုက်ပျိုးဆောင်ရွက်ခြင်းဖြစ်၍ တာဝန်ရှိသစ်တောဝန်ထမ်းများနှင့်အတူ ပြည်သူလူထုက ပူးပေါင်းပါဝင် ထိန်းသိမ်းဆောင်ရွက်ပေးကြရန်လည်း ထပ်လောင်းမှာကြားလိုကြောင်း။
စိုက်ပျိုးထိန်းသိမ်းစောင့်ရှောက်
ကမ္ဘာနှင့်အဝန်း ရင်ဆိုင်နေရသည့် ရာသီဥတုပြောင်းလဲမှုနှင့် ပတ်ဝန်းကျင်ဆိုင်ရာပြဿနာများကို ဖြေရှင်းရန်အတွက် နည်းလမ်းအမျိုးမျိုးရှိသည့်အနက် သစ်ပင်စိုက်ပျိုးခြင်း၊ သစ်တောများထိန်းသိမ်းခြင်းသည် အရိုးရှင်းဆုံး၊ အထိရောက်ဆုံး၊ ကုန်ကျစရိတ်အသက်သာဆုံးနှင့် လူတိုင်းလုပ်နိုင်သည့်အလုပ်ဖြစ်သကဲ့သို့ သဘာဝနှင့်လိုက်လျောညီထွေဖြစ်ပြီး အကျိုးအရှိဆုံးလုပ်ငန်းတစ်ရပ်ဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်သူတစ်ဦးချင်းစီက အသိစိတ်ဓာတ်အပြည့်ဖြင့် သစ်တောသစ်ပင်များကို စိုက်ပျိုးထိန်းသိမ်းစောင့်ရှောက်ရန်လိုသကဲ့သို့ အစုအဖွဲ့အလိုက်၊ ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီးအနေဖြင့်လည်း သစ်ပင်များ စိုက်ပျိုးထိန်းသိမ်းရန်လိုအပ်ကြောင်း၊ သစ်တောနယ်မြေအတွင်းသာမက သစ်တောမြေ ပြင်ပနေရာများ၌ သက်ဆိုင်ရာဌာနများက လမ်းဘေးဝဲယာ သစ်ပင်စိုက်ပျိုးခြင်း၊ တစ်အုပ်တစ်မစိုက်ပျိုးခြင်း၊ မြို့ပြသစ်တောများတည်ထောင်ခြင်းနှင့် စိမ်းလန်းစိုပြည်ရေးနယ်မြေများ (Green zone) များ တိုးပွားလာစေရေးတို့အတွက် ပူးပေါင်းဆောင်ရွက်ကြရန်လိုအပ်ကြောင်း။
မန္တလေးတိုင်းဒေသကြီး သစ်တောဦးစီးဌာနအနေဖြင့်လည်း နိုင်ငံပိုင်စိုက်ခင်းတည်ထောင်ခြင်း၊ သဘာဝတောတန်ဖိုးမြှင့်စိုက်ပျိုးခြင်း၊ ကွက်လပ်ဖြည့် စိုက်ပျိုးခြင်း၊ ဘက်စုံသုံးစိုက်ခင်းစိုက်ပျိုးခြင်း စသည့်စိုက်ခင်းတည်ထောင်ခြင်းအမျိုးမျိုးကို ဆောင်ရွက်သွားမည်ဖြစ်ပြီး လူထုဖြန့်ပျိုးပင်ပေါင်း ၁၀ သိန်းကျော်ကို အာဆီယံလမ်း၊ အမြန်လမ်းနှင့် ခရိုင်ချင်းဆက်လမ်း၊ မြို့နယ်/ ကျေးရွာချင်းဆက်လမ်း၊ ရထားလမ်းဘေး ဝဲ/ ယာ စိုက်ပျိုးခြင်းအတွက် သက်ဆိုင်ရာဌာနများကို ပျိုးပင်ဖြန့်ဝေခြင်း၊ ပြည်သူလူထုစိုက်ပျိုးနိုင်ရန် ဖြန့်ဝေခြင်းများကို ဆောင်ရွက်သွားမည်ဟုသိရကြောင်း။
အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်
သစ်စေ့မှစိုက်ပျိုးနိုင်သည့် အမြင့်နှစ်ပေနှင့် အထက်အရွယ် ပျိုးပင်တစ်ပင်ဖြစ်လာသည်အထိ အချိန်၊ ငွေ၊ လုပ်အားများစွာ အရင်းအနှီးစိုက်ထုတ်ခဲ့ရသည်ဖြစ်သည့်အတွက် တစ်ပင်စိုက်တစ်ပင်ရှင်၊ စိုက်သမျှအပင်ရှင်သန်စေရေး ပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ရန် မှာကြားလိုကြောင်း၊ “ နိုင်ငံတော်သာယာဖို့ သဘာဝပတ်ဝန်းကျင် ထိန်းကြစို့” ဟူသည့် မူဝါဒနှင့်အညီ ပတ်ဝန်းကျင်ဂေဟစနစ် တည်ငြိမ်ကောင်းမွန်စေရေး၊ နိုင်ငံတစ်ဝန်း စိမ်းလန်းစိုပြည်စေရေးနှင့် ရာသီဥတုပြောင်းလဲမှုလျှော့ချနိုင်ရေးအတွက် သစ်ပင်စိုက်ပျိုးရေး၊ သစ်တောထိန်းသိမ်းရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်သူများအနေဖြင့်လည်း “သစ်ပင်စိုက်လျှင် တို့ဝန်းကျင် စိမ်းစိုလှပ ကြည်နူးရ၏” ဆိုသည်နှင့်အညီ မိမိတို့နေထိုင်ရာ ဒေသပတ်ဝန်းကျင်ရှိ ကျေးရွာ၊ မြို့ပြများတွင် စိမ်းလန်းစိုပြည်သာယာလှပစေရေး ဝိုင်းဝန်းကြိုးစားကြရန်၊ တစ်ပင်စိုက် တစ်ပင်ရှင်သန်စေရေးအတွက် ပြုစုထိန်းသိမ်းရေးလုပ်ငန်းများကိုလည်း စဉ်ဆက်မပြတ်ဆောင်ရွက်ပေးကြရန်၊ “သစ်တောသစ်ပင်များသည် ဖွံ့ဖြိုးတိုးတက်မှုအားလုံး၏ ဗဟိုချက်ဖြစ်သည်” ဆိုသည့် စကားနှင့်အညီ ဖွံ့ဖြိုးမှုလုပ်ငန်းတိုင်းတွင် သစ်တောထိန်းသိမ်းရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးတို့ကို အမြော်အမြင်ကြီးစွာဖြင့် ထည့်သွင်းစဉ်းစားဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားလိုကြောင်း ပြောကြားသည်။
ထို့နောက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က စိန်ပန်းပြာပျိုးပင်အား သတ်မှတ်နေရာတွင် ဦးဆောင်စိုက်ပျိုးပေးသည်။
ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် နိုင်ငံတော်သမ္မတနှင့်အတူ ခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ပြင်ဦးလွင်တပ်နယ်မှ တပ်မတော်အရာရှိကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် တက်ရောက်လာကြသူများက သစ်ပင်များကို တပျော်တပါးစိုက်ပျိုးကြသည်။
ဆက်လက်၍ နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များသည် ၂၀၂၆ ခုနှစ်၊ မိုးရာသီ နိုင်ငံတော်အဆင့် သစ်ပင်စိုက်ပျိုးပွဲအခမ်းအနားသို့ တက်ရောက်လာကြသူများက ပျိုးပင်များအား တပျော်တပါးစိုက်ပျိုးနေမှုကို လှည့်လည်ကြည့်ရှုအားပေးကြသည်။
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် ပြင်ဦးလွင်မြို့နယ် မေမြို့ထင်းကြိုးဝိုင်းအကွက်အမှတ် (၂) ၌ ယနေ့ကျင်းပပြုလုပ်သည့် ၂၀၂၆ ခုနှစ် မိုးရာသီ နိုင်ငံတော်အဆင့် သစ်ပင်စိုက်ပျိုးပွဲအခမ်းအနားတွင် ပန်းပွင့်သောသစ်မျိုးများဖြစ်ကြသည့် ချယ်ရီ၊ ခရေ၊ စိန်ပန်းပြာ၊ စိန်ပန်းနီ၊ ရတနာတန်းဝင်သစ်မျိုးများဖြစ်သည့် ပျဉ်းကတိုး၊ မဟော်ဂနီနှင့် အမြဲစိမ်းသစ်မျိုးများဖြစ်ကြသည့် ဆီသပြေ၊ ခါတော်မီ စသည့်သစ်မျိုး ရှစ်မျိုး၊ ပျိုးပင်ပေါင်း ၃၀၀၀ ကို စိုက်ပျိုးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
