ရန်ကုန် ဇူလိုင် ၉
အထူးကုဆေးရုံကြီး (ခုတင်-၅၀၀) ရန်ကုန်မြို့၌ အကြိမ် (၄၀) မြောက် အသည်းအစားထိုး ခွဲစိတ်ကုသမှုအဖြစ် အသက် (၄၈) နှစ်ရှိ အသည်းလူနာ အမျိုးသားနှင့် အသက် (၂၅) နှစ်ရှိ အသည်းအလှူရှင် အမျိုးသမီးတူအရီးတို့ကို ဇူလိုင် ၃ ရက်က ခွဲစိတ်ကုသဆောင်ရွက်ခဲ့ပြီး လူနာနှင့်အသည်းအလှူရှင်နှစ်ဦးတို့အား အထူးကြပ်မတ်ကုသဌာနတွင်ထားရှိကာ လိုအပ်သောပြုစုကုသမှုများကို ဘာသာရပ်ဆိုင်ရာ ပါမောက္ခ/အထူးကု ဆရာဝန်ကြီးများ၊ ကျွမ်းကျင်သူနာပြုများက ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် နှစ်ဦးစလုံး ကျန်းမာရေးအခြေအနေ တည်ငြိမ်ကောင်းမွန်လျက်ရှိကြောင်း သိရသည်။
အဆိုပါ အသည်းအစားထိုးခွဲစိတ်ကုသမှုကို ပြည်သူ့ဆေးရုံကြီးများတွင် အသည်းအစားထိုးခွဲစိတ်မှု အောင်မြင်စွာပြန်လည်ဆောင်ရွက်နိုင်ရေး လုပ်ငန်းအဖွဲ့ခေါင်းဆောင် ပါမောက္ခ/ဌာနကြီးမှူး (ဆေးလက်တွေ့) ပါမောက္ခဒေါက်တာမင်းဇော်ဦး ဦးဆောင်သောအဖွဲ့၊ ပါမောက္ခဒေါက်တာစိုင်းအောင်ညွန့်ဦး ဦးဆောင်သောအသည်းခွဲစိတ် ကုသမှုဆိုင်ရာလုပ်ငန်းအဖွဲ့၊ ပါမောက္ခဒေါက်တာဝင်းဝင်းဆွေ ဦးဆောင်သောအသည်းဆေးကုသမှုဆိုင်ရာလုပ်ငန်းအဖွဲ့၊ အငြိမ်းစားပါမောက္ခကြီးများဖြစ်သော ပါမောက္ခဒေါက်တာကြည်ကြည်စန်း၊ ပါမောက္ခဒေါက်တာမူမူနိုင်နှင့် ပါမောက္ခ/ ဌာနမှူး (မေ့ဆေး) ပါမောက္ခဒေါက်တာဖုန်းမြင့် ဦးဆောင်သောမေ့ဆေးဆိုင်ရာလုပ်ငန်းအဖွဲ့၊ ပါမောက္ခ ဒေါက်တာဝင်းဝင်းကျော် ဦးဆောင်သော နှလုံးနှင့်သွေးကြောခွဲစိတ်မှုဆိုင်ရာလုပ်ငန်းအဖွဲ့၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ဓာတ်ခွဲ) ပါမောက္ခ ဒေါက်တာစောဝတ်မှုန် ဦးဆောင်သော ရောဂါရှာဖွေရေးဆိုင်ရာလုပ်ငန်းအဖွဲ့၊ ပါမောက္ခဒေါက်တာအောင်ချိုထွန်း ဦးဆောင်သော ဓာတ်မှန်ပညာဆိုင်ရာလုပ်ငန်းအဖွဲ့၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ အမျိုးသားသွေးဌာန ပါမောက္ခဒေါက်တာဆွေဇင်မြင့် ဦးဆောင်သောသွေးနှင့်သွေးပစ္စည်းဆိုင်ရာ အထောက်အကူပြုလုပ်ငန်းအဖွဲ့၊ အထူးကုဆေးရုံကြီး (ခုတင်-၅၀၀)၊ ရန်ကုန်မြို့မှ ဆေးရုံအုပ်ကြီး ဒေါက်တာအိသန္တာထွေးနှင့် စီမံခန့်ခွဲမှုအဖွဲ့များ၊ သူနာပြုများအဖွဲ့၊ ကျွမ်းကျင်ဝန်ထမ်းများနှင့် အထောက်အကူပြုဝန်ထမ်းများ အားလုံးပူးပေါင်းဆောင်ရွက်ခဲ့ကြခြင်းဖြစ်ပြီး တောင်ကိုရီးယားနိုင်ငံ Seoul National University Hospital မှ Professor Kwang Woong Lee ကလည်း ပူးပေါင်းဆောင်ရွက်ခဲ့သည်။
အသည်းအစားထိုးခွဲစိတ်ကုသမှုများကို ၂၀၀၄ ခုနှစ်မှစတင်၍ ရန်ကုန်အထွေထွေရောဂါကုဆေးရုံသစ်ကြီး၌ နှစ်တွဲ၊ အထူးကုဆေးရုံကြီး (ခုတင်-၅၀၀) ရန်ကုန်မြို့၌ ယခုဆောင်ရွက်သည့် ခွဲစိတ်ကုသမှုအပါ အဝင် ၃၈ တွဲ စုစုပေါင်း ၄၀ ကို ခွဲစိတ်ကုသပေးနိုင်ခဲ့ပြီး ယခုကဲ့သို့ ပြည်သူများ လိုအပ်သောခေတ်မီကုသမှုများကို ပြည်တွင်း၌ပင် လက်လှမ်းမီရရှိကာ ပြည်သူများစိုက်ထုတ်ကုန်ကျရသော ကျန်းမာရေးအသုံးစရိတ် သက်သာစေရေးအတွက် အသည်းအစားထိုးခွဲစိတ်ကုသမှုများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
