Skip to main content

ဒုတိယဝန်ကြီး ဦးမျိုးမြင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေး

နေပြည်တော် ဇူလိုင် ၈

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး ကော်မတီဝင်များနှင့်အတူ ယမန်နေ့က ဟားခါးမြို့ ပြည်ထောင်စုရိပ်သာရှိ အစည်းအဝေးခန်းမ၌ ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများအတွက် ပြည်နယ်အဆင့် ဌာနဆိုင်ရာများအနေဖြင့် ကျရာကဏ္ဍများတွင် အားလုံးဝိုင်းဝန်းဆောင်ရွက်ကြရန်လိုကြောင်း၊ မိမိတို့၏ အဓိကလုပ်ငန်းတာဝန်မှာ တီးတိန်မြို့၊ တွန်းဇံမြို့နှင့် ဖလမ်းမြို့ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးဆိုရာတွင် ရုံးများ၊ ဆေးရုံနှင့် ကျောင်းများ၊ အဆောက်အအုံများ ပြန်လည်ပြုပြင်/ တည်ဆောက်ခြင်း လုပ်ငန်းများအပြင် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ၊ သမဝါယမစနစ်များ၊ စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍများကိုလည်း ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများကို လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောငရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းကော်မတီကို ချင်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးမှ ဥက္ကဋ္ဌနှင့် ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးမှ အတွင်းရေးမှူးအဖြစ် ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းကော်မတီနှင့်အတူ တီးတိန်မြို့၊ တွန်းဇံမြို့နှင့် ဖလမ်းမြို့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ပူးပေါင်းပါဝင်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် တာဝန်ရှိသူများက နိုင်ငံ့ဝန်ထမ်းများ ပြန်လည်ဝင်ရောက်၍ လုပ်ငန်းတာဝန်များ ပြန်လည်ထမ်းဆောင်နိုင်ရန် လိုအပ်သည့် ရုံးအဆောက်အအုံများ ဆောင်ရွက်ပေးရန် လိုအပ်သည့် အခြေအနေ၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးမှုရှိရန် ဆောင်ရွက်သွားရမည့် လုပ်ငန်းများ၊ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းကော်မတီအနေဖြင့် ကဏ္ဍအလိုက် တာဝန်ယူဆောင်ရွက်နိုင်ရေး၊ ဌာနအလိုက် ဆောင်ရွက်ပြီးစီးသည့် လုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို အလျင်အမြန်အကောင်အထည်ဖော် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ဘာသာရေးခေါင်းဆောင်များ၊ မြို့မိမြို့ဖများနှင့် ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ကြီးကြပ်ဆောင်ရွက်သွားရန်နှင့် စဉ်ဆက်မပြတ်ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း မှာကြားပြီး လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်