နေပြည်တော် ဇူလိုင် ၃
လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ၌ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် (State Visit) ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံဝန်ကြီးချုပ် ဆွန်ဆိုင်စီဖန်ဒွန်နှင့် ဝန်ကြီးချုပ်ရုံးအစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးသည်။
ဦးစွာ နိုင်ငံတော်သမ္မတဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် လာအိုဝန်ကြီးချုပ်ရုံးသို့ ရောက်ရှိကြရာ လာအိုနိုင်ငံဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ရင်းရင်းနှီးနှီးကြိုဆိုနှုတ်ဆက်ကြပြီး နိုင်ငံတော်သမ္မတနှင့် လာအိုနိုင်ငံဝန်ကြီးချုပ်တို့သည် မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
ထို့နောက် အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးကြရာတွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ ခရီးစဉ်တွင်အဖွဲ့ဝင်အဖြစ် လိုက်ပါသွားကြသည့် ပြည်ထောင်စုဝန်ကြီးများ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ လာအိုနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီးနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံဝန်ကြီးချုပ်နှင့်အတူ လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ထိုသို့ တွေ့ဆုံရာတွင် နှစ်နိုင်ငံအကြားရှည်ကြာသည့် သံတမန်ဆက်ဆံမှုများရှိခဲ့ပြီး သံတမန်ဆက်ဆံရေး၊ စစ်ဘက်ဆက်ဆံရေး၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများဆက်ဆံရေး စသည့်ဆက်ဆံရေး ၃ မျိုးရှိပြီး အာဆီယံအဖွဲ့အတွင်း၌ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ဗီယက်နမ်နိုင်ငံတို့သည် CLMV အဖွဲ့၊ မဟာမဲခေါင်ဒေသခွဲအဖွဲ့၊ ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာအဖွဲ့တို့တွင်လည်း အဖွဲ့ဝင်နိုင်ငံများဖြစ်ကြကာ မြန်မာနိုင်ငံအနေဖြင့် ဒေသတွင်းအကျိုးဖြစ်ထွန်းစေမည့် ကိစ္စရပ်များကို နီးကပ်စွာပူးပေါင်းဆောင်ရွက်လျက်ရှိမှုအခြေအနေများ။
မြန်မာ-လာအိုနှစ်နိုင်ငံသည် အိမ်နီးချင်းကောင်းနိုင်ငံ၊ မိတ်ဆွေနိုင်ငံ၊ ညီအစ်ကိုနိုင်ငံများ ဖြစ်မှုအခြေအနေများ၊ နှစ်နိုင်ငံအကြားချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုအားကောင်းလာစေရေး မြန်မာ-လာအို နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး ပူးတွဲကော်မရှင်အစည်းအဝေးကျင်းပပြုလုပ်မည့် အခြေအနေများ၊ မြန်မာ-လာအို ချစ်ကြည်ရေးတံတားမှတစ်ဆင့် နယ်စပ်ဒေသကုန်သွယ်မှုများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နယ်စပ်ဖြတ်ကျော် ကုန်စည်ကူးသန်းရောင်းဝယ်ပို့ဆောင်ရေးကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည့် အခြေအနေများ၊ အလုပ်သမားရေးရာပူးပေါင်းဆောင်ရွက်မှုနှင့် ခရီးသွားကဏ္ဍမြှင့်တင်နိုင်ရေးဆောင်ရွက်သွားမည့် အခြေအနေများ၊ မြန်မာနိုင်ငံ၏ မြို့တော်နေပြည်တော်နှင့် လာအိုနိုင်ငံ၏မြို့တော် ဗီယင်ကျန်းမြို့တို့အကြား ညီအစ်မမြို့တော်ဆက်ဆံရေးထူထောင်သွားမည့် အခြေအနေများ၊ ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ ယဉ်ကျေးမှုကဏ္ဍ၊ ကာကွယ်ရေးကဏ္ဍနှင့် အခြားကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ဆောင်ရွက်သွားမည့် အခြေအနေများ၊ နှစ်နိုင်ငံအကြားလျှပ်စစ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး မဲခေါင်မြစ်ကြောင်းတစ်လျှောက် ရေအားလျှပ်စစ်စီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှုအခြေအနေများ။
မြန်မာ- ထိုင်း-လာအို (၃) နိုင်ငံ နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့လျှော့ချရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများ၊ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေး၊ မူးယစ်ဆေးဝါးတားဆီးကာကွယ်နှိမ်နင်းရေးနှင့် အွန်လိုင်းငွေကြေးလိမ်လည်လောင်းကစားမှုများ ပပျောက်စေရေး ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများ၊ မြန်မာနိုင်ငံအနေဖြင့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ခိုင်မာစွာလျှောက်လှမ်းလျက်ရှိမှု၊ ပြည်တွင်းငြိမ်းချမ်းရေးရရှိစေရေးနှင့် ဖွံ့ဖြိုးတိုးတက်စေရေး နိုင်ငံတော်အစိုးရမှ ကြိုးပမ်းဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ လာအိုနိုင်ငံအစိုးရအနေဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိမှုအခြေအနေများ။
မြန်မာနိုင်ငံနှင့် လာအိုနိုင်ငံတို့သည် ခင်မင်ရင်းနှီးပြီး စိတ်ချရသည့် အိမ်နီးချင်းမိတ်ဆွေကောင်းနိုင်ငံများဖြစ်သည့်အတွက် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်သွားမည့် အခြေအနေများနှင့် ပတ်သက်၍ ရင်းရင်းနှီးနှီးဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်သမ္မတသည် လာအိုဝန်ကြီးချုပ်ရုံးမှ ပြန်လည်ထွက်ခွာရာ လာအိုနိုင်ငံဝန်ကြီးချုပ်က ခင်မင်ရင်းနှီးစွာဖြင့် လိုက်ပါပို့ဆောင်နှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။
