Skip to main content

ဒုတိယဝန်ကြီး ဦးမျိုးမြင့် ချင်းပြည်နယ် ဖလမ်းမြို့၌ ယာယီဆေးရုံဖွင့်လှစ်ပြီး ကျန်းမာရေးစောင့်ရှောက်ပေးနေမှု ကြည့်ရှု

ဖလမ်း ဇူလိုင် ၂

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး ကော်မတီဝင်များနှင့်အတူ ဇွန် ၃၀ ရက်က တီးတိန် - သိုင်းငင်း - ဖလမ်းလမ်းပိုင်းအခြေအနေ၊ ဖလမ်းမြို့၌ ယာယီဆေးရုံဖွင့်လှစ်ပြီး ကျန်းမာရေးစောင့်ရှောက်ပေးနေမှုကို ကြည့်ရှုခဲ့သည်။

ဦးစွာ တီးတိန်-သိုင်းငင်း-ဖလမ်းလမ်းပိုင်း၊ ဗားရ်တံတားနှင့် အကြမ်းဖက်ဖြစ်စဉ်များကြောင့် ပျက်စီးခဲ့သည့် လမ်း၊ တံတားများကို ကြည့်ရှုစစ်ဆေးပြီး ပြည်သူများ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေးအတွက် လိုအပ်သည့် ပြုပြင်ထိန်းသိမ်းမှုများဆောင်ရွက်ရန်၊ မိုးရာသီတွင် လမ်း၊ တံတားများပေါ်တွင် ရေမတင်စေရေး အလေးထားဆောင်ရွက်ရန်နှင့် တောင်ပြို၍ လမ်းပြတ်တောက်မှုများမရှိစေရေး ကြိုတင်စုဖွဲ့၍ စီမံဆောင်ရွက်သွားရန် မှာကြားခဲ့သည်။

ထို့နောက် ဖလမ်းမြို့ရှိ ယာယီဆေးရုံ၌ ဆေးရုံအုပ်ကြီး၊ ဆေးရုံဝန်ထမ်းများ၊ မြို့မိမြို့ဖများနှင့် တွေ့ဆုံပြီး ယာယီဆေးရုံပြင်ဆင်စီမံထားရှိမှုအခြေအနေ၊ (Mobile) ခွဲစိတ်ခန်း တပ်ဆင်ထားရှိမှုအခြေအနေ၊ ရေရရှိမှုအခြေအနေ၊ မီးရရှိမှုအခြေအနေ၊ ဆေးရုံထပ်မံတိုးချဲ့နိုင်မည့်အခြေအနေ၊ ဆေးဝါးများရရှိမှုအခြေအနေနှင့် ဆေးကုသပေးနေမှု အခြေအနေများကို ဆွေးနွေးကာ ဆေးရုံတက်ရောက်ကုသလျက်ရှိသော လူနာများကို အားပေးစကားပြောကြား၍ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။

ဖလမ်းမြို့ ယာယီဆေးရုံတွင် ဆေးရုံအုပ်ကြီးအပါအဝင် ကုသရေးနှင့် ပြည်သူ့ကျန်းမာရေး ဝန်ထမ်းစုစုပေါင်း ၉၀ ဖြင့် ယနေ့တွင် ပြင်ပလူနာ ၅၀ နှင့် အတွင်း လူနာ ၈ ဦးတို့အား ဆေးကုသမှုပေးလျက်ရှိပြီး ယနေ့အထိ ၎င်းဆေးရုံတွင် ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့သော လူနာစုစုပေါင်း ၁၀၈၈ ဦးနှင့် ကာကွယ်ဆေးထိုးနှံပေးခဲ့သော လူနာ ၂၄ ဦးရှိပြီဖြစ်ကြောင်း သိရသည်။

သတင်းစဉ်