Skip to main content

နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၆) ကျင်းပ

နေပြည်တော် ဇူလိုင် ၂

နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၆) ကို ယနေ့မွန်းလွဲပိုင်းတွင် နယ်စပ်ရေးရာဝန်ကြီးဌာန ဧရာဝတီခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊ လုပ်ငန်းကော်မတီအဖွဲ့ဝင်နှင့် လုပ်ငန်းဆပ်ကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များနှင့် ညွှန်ကြားရေးမှူးချုပ်များ တက်ရောက်ကြပြီး ဒေသဆိုင်ရာလုပ်ငန်းကော်မတီများ၊ ပြည်နယ်/ တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးများက Zoom Application Online System ဖြင့် တက်ရောက်ကြသည်။

ဦးစွာ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးက နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ရှေးရှုပြီး တိုင်းဒေသကြီး/ ပြည်နယ်အားလုံး အကြားအလပ်မရှိ အချိုးညီမျှစွာ ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးသည် တိုက်ရိုက်အချိုးကျသည့်အတွက် ဒေသဖွံ့ဖြိုးတိုးတက်စေရန် မူဝါဒများ ခိုင်မာမှု၊ ညှိနှိုင်းပေါင်းစပ်တာဝန်ယူဆောင်ရွက်မှု၊ အစိုးရနှင့်ပြည်သူပူးပေါင်းပြီး အားတက်သရောဆောင်ရွက်မှုတို့ လိုအပ်မည်ဖြစ်ပါကြောင်း၊ နယ်စပ်ဒေသနှင့် နယ်စပ်ဒေသနေ တိုင်းရင်းသားလူငယ်များကို ဗလငါးတန်နှင့်ပြည့်စုံပြီး ထူးချွန်ထက်မြက်သည့် လူ့စွမ်းအားအရင်းအမြစ်များ ဖြစ်ပေါ်လာစေရေးအတွက် နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဝန်ကြီးဌာနများအနေဖြင့် သက်ဆိုင်ရာကဏ္ဍအလိုက် အပြန်အလှန်နီးကပ်စွာ အားသွန်ခွန်စိုက် ပူးပေါင်းဆောင်ရွက်ကြစေလိုပါကြောင်း တိုက်တွန်းမှာကြားသည်။

ဆက်လက်၍ လုပ်ငန်းကော်မတီ တွဲဖက်အတွင်းရေးမှူး၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က လုပ်ငန်းကော်မတီဆိုင်ရာ အချက်အလက်များ ရှင်းလင်းတင်ပြပြီး လုပ်ငန်းကော်မတီဥက္ကဋ္ဌများ၊ ဒေသဆိုင်ရာလုပ်ငန်းကော်မတီ အတွင်းရေးမှူးများက လက်ရှိဘဏ္ဍာနှစ် လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများ၊ ဘဏ္ဍာနှစ်အလိုက် ဆက်လက်ဆောင်ရွက်မည့် အစီအမံများ၊ လုပ်ငန်းဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အခက်အခဲများ၊ အားသာချက်များ၊ အားနည်းချက်များနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြရာ အစည်းအဝေးသို့ တက်ရောက်လာသူများက ဝိုင်းဝန်းအကြံပြု ဆွေးနွေးတင်ပြကြသည်။

ထို့နောက် လုပ်ငန်းကော်မတီအတွင်းရေးမှူး၊ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် ကျော်စွာဦးက တင်ပြချက်များနှင့်စပ်လျဉ်း၍ ဖြည့်စွက်ရှင်းလင်းတင်ပြပြီး နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌက တင်ပြချက်များအပေါ် ညှိနှိုင်းပေါင်းစပ်ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်