နေပြည်တော် ဇူလိုင် ၂
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံသို့ အလုပ်သဘောခရီးရောက်ရှိလာသည့် ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ အလက်ဇန္ဒား လူကာရှန်ကို ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ဝင်များအား ယနေ့ညနေပိုင်းတွင် နိုင်ငံတော်သမ္မတက သမ္မတအိမ်တော်ဧည့်ခန်းမ၌ တွေ့ဆုံဆွေးနွေးသည်။
ဦးစွာ ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတလိုက်ပါလာသည့် အထူးယာဉ်တန်းသည် နိုင်ငံတော်သမ္မတအိမ်တော်သို့ ရောက်ရှိလာရာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ရင်းနှီးနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်သည်။
ယင်းနောက် နိုင်ငံတော်သမ္မတနှစ်ဦးသည် နိုင်ငံတော်သမ္မတ အိမ်တော်ဧည့်ခန်းမ၌ တွေ့ဆုံဆွေးနွေးကြသည်။
ထိုသို့ တွေ့ဆုံဆွေးနွေးစဉ် ဦးစွာပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတက အဆွေတော်ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို မိမိတို့ မြန်မာနိုင်ငံမှ လှိုက်လှဲနွေးထွေးစွာကြိုဆိုပါကြောင်း၊ အဆွေတော်အနေဖြင့် ရှည်လျားသည့် ခရီးစဉ်လမ်းကြောင်းအဖြစ် ရုရှားနိုင်ငံ၊ တရုတ်နိုင်ငံ၊ အင်ဒိုနီးရှား ထိုမှတစ်ဆင့် မိမိတို့နိုင်ငံသို့ လာရောက်ခြင်းသည် မိမိတို့နိုင်ငံအပေါ် အထူးခင်မင်မှုအနေဖြင့် အလုပ်သဘော ချစ်ကြည်ရေးခရီးအဖြစ် အလေးထားလာရောက်မှုအပေါ်တွင် မိမိအနေဖြင့် လှိုက်လှဲဝမ်းမြောက်မိပါကြောင်း၊ မိမိတို့နှစ်ဦးအနေဖြင့် မြန်မာနိုင်ငံတွင် ဒုတိယအကြိမ်မြောက် တွေ့ဆုံခြင်းဖြစ်ပြီး တွေ့ဆုံဆွေးနွေးမှုအနေဖြင့် ၅ ကြိမ်တွေ့ဆုံပြီးဖြစ်ကြောင်း၊ ယခုကဲ့သို့ မြန်မာနိုင်ငံသို့ တကူးတကဝင်ရောက်၍ အလုပ်သဘော ချစ်ကြည်ရေးခရီးစဉ် ဝင်ရောက်ခဲ့မှုသည် မိမိအပေါ်ခင်မင်ရင်းနှီးမှုကို ဖော်ပြခြင်းဖြစ်သဖြင့် မိမိအနေဖြင့် တန်ဖိုးထားပါကြောင်း၊ မိမိတို့နိုင်ငံတွင် လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပပြီး မိမိကိုသမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံရချိန်၌ အဆွေတော်အနေဖြင့် ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့ခဲ့မှုအတွက်လည်း အထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊ မိမိတို့ နှစ်နိုင်ငံခေါင်းဆောင်များအချင်းချင်း ချစ်ကြည်ရင်းနှီးမှုမှတစ်ဆင့် နှစ်နိုင်ငံကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်မြှင့်တင်ဆောင်ရွက်သွားလိုပါကြောင်း၊ အဆွေတော်နှင့် အဖွဲ့ဝင်များအား မိမိတို့မြန်မာနိုင်ငံမှ ဝမ်းမြောက်လှိုက်လှဲစွာဖြင့် ကြိုဆိုပါကြောင်းဖြင့် ခရီးဦးကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားသည်။
ခြေလှမ်းသစ်ကိုစတင်ရမည့် အချိန်အခါဖြစ်
ထို့နောက် ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတက ပြန်လည်ဆွေးနွေးပြောကြားရာတွင် အဆွေတော်နှင့် မိမိတို့တွေ့ဆုံခဲ့မှုမှာ အဆွေတော်ပြောကြားခဲ့သကဲ့သို့ ၅ ကြိမ်ရှိပြီဖြစ်ပြီး နှစ်နိုင်ငံအချင်းချင်းရင်းနှီးသည့် ဆက်ဆံမှုများရှိသကဲ့သို့ ပုဂ္ဂိုလ်ရေးအရလည်း ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးများရှိပါကြောင်း၊ လက်ရှိနှစ်နိုင်ငံအကြား ဆက်ဆံရေးကို မိမိတို့နှစ်နိုင်ငံခေါင်းဆောင်နှစ်ဦးပူးပေါင်း၍ ယခုထက်ပိုမိုမြှင့်တင်နိုင်ရေး နောက်ထပ်ခြေလှမ်းသစ်ကို စတင်ရမည့်အချိန်အခါဖြစ်ပါကြောင်း၊ အဆွေတော်တို့ မြန်မာနိုင်ငံတွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာဖြင့် ကျင်းပပြုလုပ်နိုင်ခဲ့ပြီး အဆွေတော်ကို နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရမှုအပေါ်တွင်လည်း မိမိအနေဖြင့် များစွာဝမ်းမြောက်ဂုဏ်ယူသည်ကို ထပ်မံပြောကြားလိုပါကြောင်း၊ နှစ်နိုင်ငံအကြားချစ်ကြည် ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးတက်အောင် ဆက်လက်မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ထိတွေ့ဆက်ဆံမှုများ တိုးမြှင့်ဆောင်ရွက်သွားနိုင်မည့်အခြေအနေများ၊ (၂၀၂၆-၂၀၂၈) ခုနှစ်ကာလအတွက် ပူးတွဲဆောင်ရွက်မည့် လုပ်ငန်းစီမံချက် (Joint Action Plan) ကို လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအမံများ၊ နှစ်နိုင်ငံအကြား စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ နှင့်ရင်းနှီးမြှုပ်နှံမှုများကို ဆက်လက်တိုးမြှင့်ဆောင်ရွက်သွားနိုင်မည့် အခြေအနေများ၊ စက်မှုကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ၊ ဆေးဝါးထုတ်လုပ်ရေးကဏ္ဍ၊ လူသားချင်းစာနာထောက်ထားမှုကဏ္ဍနှင့် အခြားနယ်ပယ်အသီးသီးတွင် ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ဆောင်ရွက်သွားမည့်အခြေအနေများ၊ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ကဏ္ဍပေါင်းစုံ၌ ဆက်လက်တိုးမြှင့်ဆောင်ရွက်သွားမည့် အခြေအနေများနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။
ရင်းနှီးနွေးထွေးစွာ တည်ခင်းဧည့်ခံ
ယင်းနောက် နိုင်ငံတော်သမ္မတသည် ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတနှင့်အဖွဲ့ဝင်များအား နိုင်ငံတော်သမ္မတအိမ်တော်၌ ညစာစားပွဲဖြင့် ရင်းနှီးနွေးထွေးစွာ တည်ခင်းဧည့်ခံသည်။
ညစာစားပွဲအပြီးတွင် ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ဝင်များသည် နိုင်ငံတော်သမ္မတအိမ်တော်မှ ပြန်လည်ထွက်ခွာကြရာ နိုင်ငံတော်သမ္မတက ရင်းနှီးနွေးထွေးစွာဖြင့် ပို့ဆောင်နှုတ်ဆက်သည်။
ထို့နောက် ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတ ဦးဆောင်သည့် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် နေပြည်တော်လေဆိပ်မှ ပြန်လည်ထွက်ခွာကြရာ ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦး၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကိုကိုကျော်၊ ဘယ်လာရုစ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး၊ မြန်မာနိုင်ငံဆိုင်ရာ ဘယ်လာရုစ်သမ္မတနိုင်ငံ သံအမတ်ကြီးနှင့် တာဝန်ရှိသူများက လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်
