Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေ အာဆီယံသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေး ညှိနှိုင်းမှုဗဟိုဌာန အမှုဆောင်ဒါရိုက်တာနှင့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော် ဇူလိုင် ၁

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေသည် အာဆီယံသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး ညှိနှိုင်းမှုဗဟိုဌာန (ASEAN Coordinating Centre for Humanitarian Assistance on Disaster Mangement - AHA Centre) ၊ အမှုဆောင်ဒါရိုက်တာ မစ္စတာလီယန်မင်းနှင့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက် ၁၀ နာရီ တွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

ထိုသို့ တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၌ လူသားချင်းစာနာထောက်ထားမှုအကူအညီများ ပေးအပ်နိုင်ရေး AHA Centre ၏ ကြိုးပမ်းဆောင်ရွက်ချက်များအတွက် ကျေးဇူးတင်ရှိ ကြောင်း ပြောကြားခဲ့ပြီး အမှန်တကယ်အကူအညီလိုအပ်နေသည့် မြန်မာပြည်သူများထံ အကူအညီများ ထိရောက်လျင်မြန်စွာရောက်ရှိရေးအတွက် မြန်မာနိုင်ငံအစိုးရနှင့် နီးကပ်စွာ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရန် တိုက်တွန်းပြောကြားခဲ့သည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက လူသားချင်းစာနာထောက်ထားမှုအကူအညီများ ပေးအပ်ရာတွင် မြန်မာနိုင်ငံ၏ ဦးစားပေးလိုအပ်ချက်နှင့် ကိုက်ညီမှုရှိစေရန်အတွက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန် အရေးကြီးမှုနှင့် AHA Centre နှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စရပ်များကို အကြံပြုခဲ့ပြီး AHA Centre ၏ လုပ်ငန်းစဉ်များကို မြန်မာနိုင်ငံအနေဖြင့် ဆက်လက်ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း အသိပေးပြောကြားခဲ့သည်။

မစ္စတာလီယန်မင်းက AHA Centre မှတစ်ဆင့် မြန်မာနိုင်ငံသို့ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်ရေးလုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရာတွင် မြန်မာနိုင်ငံအစိုးရ၏ ပံ့ပိုးမှုနှင့် ကူညီဆောင်ရွက်ပေးမှုများအတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပြီး AHA Centre က ရှေ့ဆက်ဆောင်ရွက်မည့် လူသားချင်းစာနာထောက်ထားမှုအကူအညီပေးအပ်ရေးအစီအစဉ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သည်။

သတင်းစဉ်