Skip to main content

MSMEs “လက်ဖက်ရည်စကားဝိုင်း” ဇွန် ၃၀ ရက်တွင် ကျင်းပမည်

​ရန်ကုန် ဇွန် ၂၈

MSMEs “လက်ဖက်ရည်စကားဝိုင်း” (Tea Talk) ကို ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၌ ဇွန် ၃၀ ရက်တွင် ကျင်းပသွားမည်ဖြစ်သည်။

အဆိုပါလက်ဖက်ရည်စကားဝိုင်း၌ ခရီးသွားကဏ္ဍအသေးစား၊ အငယ်စားနှင့် အလတ်စား (MSME) လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြေပြင်တွင် ကြုံတွေ့နေရသည့် အခက်အခဲများကို ပွင့်လင်းမြင်သာစွာ  ဆွေးနွေးသွားမည်ဖြစ်ပြီး ထိုသို့ဆွေးနွေးနိုင်ရန်နှင့် သက်ဆိုင်သူများအကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းလာစေရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ဇွန် ၂၄ ရက်တွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ပြုလုပ်ခဲ့သည်။

​အဆိုပါညှိနှိုင်းအစည်းအဝေးသို့ ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ  တက်ရောက်ခဲ့ကြပြီး အခမ်းအနားအတွက် အဓိကကျသည့် ​မူဝါဒဆိုင်ရာကိစ္စရပ်များ၊ သက်ဆိုင်သူများအကြား ပူးပေါင်းဆောင်ရွက်မှု၊ စွမ်းဆောင်ရည်မြှင့်တင်ခြင်းနှင့် အရင်းအနှီးထောက်ပံ့မှုခေါင်းစဉ်များကို အသေးစိတ်ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

​အဆိုပါ “လက်ဖက်ရည်စကားဝိုင်း” ကို စုစုပေါင်း နှစ်ကြိမ်တိုင်တိုင် ကျင်းပသွားရန် စီစဉ်ထားပြီး ယင်းစကားဝိုင်းများမှ ရရှိလာသည့် ရလဒ်များကို အခြေခံ၍ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် တာဝန်ရှိသူများပါဝင်မည့် ဆွေးနွေးပွဲတစ်ရပ်ကို ဆက်လက်ကျင်းပသွားမည်ဖြစ်သည်။

​ဆွေးနွေးပွဲများမှ ထွက်ပေါ်လာသည့် အကြံပြုချက်များနှင့် အချက်အလက်များကို အစီရင်ခံစာအဖြစ်ပြုစုကာ သက်ဆိုင်ရာတာဝန်ရှိသူများထံ တင်ပြသွားမည်ဖြစ်ပြီး MSME ခရီးသွားလုပ်ငန်းများ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သော မူဝါဒပိုင်းဆိုင်ရာ ပံ့ပိုးကူညီမှုများ ရရှိနိုင်ရေးကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

TWA