မန္တလေး ဇွန် ၂၈
၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ယနေ့တွင် တစ်နိုင်ငံလုံး ထုတ်ပြန်ကြေညာခဲ့ရာ မန္တလေးတိုင်းဒေသကြီးအတွင်း ဖြေဆိုသူ ၄၅၆၃၅ ဦးရှိသည့်အနက် အောင်မြင်သူ ၂၈၃၉၃ ဦးရှိပြီး အောင်မြင်မှုရာခိုင်နှုန်း ၆၂ ဒသမ၂၂ ရာခိုင်နှုန်းရှိကြောင်း သိရသည်။
နံနက် ၆ နာရီမှစတင်ကာ မန္တလေးမြို့ရှိ စာစစ်ဌာနဖွင့်လှစ်သော ကျောင်းများ၌ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို ထုတ်ပြန်ကြေညာပေးခဲ့ရာ ကျောင်းသား ကျောင်းသူများ စိတ်အားထက်သန်စွာ လာရောက်ကြည့်ရှုကြပြီး တာဝန်ကျ ဆရာ ဆရာမများက စနစ်တကျကြည့်ရှုနိုင်စေရေး ကြီးကြပ်ဆောင်ရွက်ပေးကြသည်။
အမှတ် (၁၆) အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာကြီး ဒေါက်တာသန်းထိုက်စိုးက “ကျွန်တော်တို့ကျောင်းက မနှစ်ကထက်စာရင် ဒီနှစ်အောင်ချက်က ငါးရာခိုင်နှုန်းလောက် တက်လာပါတယ်။ မနှစ်က ငါးဘာသာဂုဏ်ထူးရှင်တစ်ယောက်ပဲရှိခဲ့တယ်။ အခုနှစ်မှာတော့ လေးယောက်ရှိခဲ့တယ်။ အောင်ချက်လည်းတက်တယ်၊ ဂုဏ်ထူးအရေအတွက်လည်း များလာတယ်။ အောင်ချက်ရာခိုင်နှုန်း ငါးရာခိုင်နှုန်းလောက်တက်လာတဲ့အတွက် ဆရာ ဆရာမတွေနဲ့ ကျောင်းသား ကျောင်းသူတွေရဲ့ ကြိုးစားမှုကို အသိအမှတ်ပြုဂုဏ်ယူပါတယ်” ဟု ပြောသည်။
တက္ကသိုလ်ဝင်စာမေးပွဲတွင် ခြောက်ဘာသာဂုဏ်ထူးရရှိပြီး တစ်နိုင်ငံလုံးအမှတ်အများဆုံးရရှိသည့် မသီရိစိုးက “ကြိုးစားခဲ့ပေမယ့်ရမယ်လို့ မျှော်မှန်းမထားဘူး၊ အခုလိုရတဲ့အတွက် ပျော်ပါတယ်။ ဆရာ ဆရာမအားလုံးကို ကျေးဇူးတင်ပါတယ်။ CAE ကိုယ်ပိုင်အထက်တန်းကျောင်းကို ရောက်ရှိတဲ့အခါမှာ ဂရုစိုက်ပြီး သင်ကြားပေးခဲ့ပါတယ်။ တစ်ရက်စာတစ်ရက်ကို ပိုင်အောင်လုပ်ရတယ်။ မေးခွန်းဟောင်းတွေ ထပ်ခါတလဲလဲ လေ့လာလေ့ကျင့်ရတယ်။ လိုလေသေးမရှိအောင် သင်ကြားပေးခဲ့ပါတယ်။ ဒါကြောင့် ဒီလိုမျိုးရရှိခဲ့တာလို့ ထင်ပါတယ်။ ကြိုးစားရင်အကုန်လုံးရရှိနိုင်တဲ့အတွက် အောင်မြင်မှုပန်းတိုင်ကို လက်မလျှော့ဘဲကြိုးစားကြဖို့ ညီတွေ၊ ညီမတွေကို အကြံပြုပြောချင်ပါတယ်” ဟု ပြောသည်။
ထို့အတူ တက္ကသိုလ်ဝင်စာမေးပွဲတွင် ခြောက်ဘာသာဂုဏ်ထူးထွက်ရှိပြီး တစ်နိုင်ငံလုံး ဒုတိယအမှတ်အများဆုံးရရှိသည့် မောင်စည်သူဗိုလ်က “အခုလိုမျိုးရရှိလာတယ်ဆိုတာက ကျွန်တော်တစ်ယောက်တည်းတော်လို့ မဟုတ်ပါဘူး။ စာသင်ကြားပေးတဲ့ ဆရာ ဆရာမတွေနဲ့ ထောက်ပံ့ပေးတဲ့ အဖေနဲ့ အမေတို့ရဲ့ ကျေးဇူးကြောင့်ဖြစ်ပါတယ်။ ပုံမှန်လေ့ကျင့်မှုက အဓိကပါ၊ နေ့စဉ်ကြိုးစား လေ့ကျင့်မှုကနေ အခုလိုအောင်မြင်မှု ရရှိခဲ့တာပါ” ဟု ပြောသည်။
အလားတူ တက္ကသိုလ်ဝင်စာမေးပွဲတွင် ခြောက်ဘာသာဂုဏ်ထူးဖြင့် တစ်နိုင်ငံလုံးပဉ္စမရရှိသည့် မအိကေဇင်က “ကြိုးစားမှုနဲ့အတူ စိတ်ဖိစီးမှုလည်းရှိခဲ့တယ်။ ဒါပေမယ့် ဆရာ ဆရာမတွေ၊ မိဘနဲ့ မိသားစုဝင်တွေကပေးတဲ့ ခွန်အားနဲ့ ကြိုးစားခဲ့တာပါ။ အဓိကကတော့ သင်ခန်းစာအကုန်လုံးကို လေ့လာထားဖို့ လိုအပ်ပါတယ်။ စေ့စေ့စပ်စပ်နဲ့ သေချာ လေ့လာမှုကနေ ဒီလိုအောင်မြင်မှုရရှိခဲ့တာဖြစ်တဲ့အတွက် လေ့လာမှုကို မလျှော့ဖို့ အကြံပြုလိုပါတယ်” ဟု ပြောသည်။
ထို့အပြင် တက္ကသိုလ်ဝင်စာမေးပွဲတွင် ခြောက်ဘာသာဂုဏ်ထူးရရှိသည့်အပြင် တစ်နိုင်ငံလုံးဆဋ္ဌမရရှိသည့် မမေဇင်ဖုန်းမြတ်က “ဆရာမတွေ သင်ပြပေးတဲ့ သင်ခန်းစာအတိုင်း လိုက်လုပ်ပြီး တစ်နေ့ စာတစ်နေ့ သေချာလေ့လာပါတယ်။ ဖေဖေနဲ့ မေမေကလည်း လိုလေသေးမရှိအောင် ထောက်ပံ့ပေးခဲ့တယ်။ ကျောင်းသား၊ ဆရာနဲ့ မိဘပူးပေါင်းကြိုးစားတဲ့အတွက် ဒီလိုမျိုးရရှိခဲ့တယ်လို့ ထင်ပါတယ်။ အခုလို အောင်မြင်အောင် သေချာသင်ကြားပေးတဲ့ CAE ကိုယ်ပိုင်အထက်တန်းကျောင်းက ဆရာ ဆရာမတွေကို ကျေးဇူးတင်ပါတယ်” ဟု ပြောသည်။
ယင်းအပြင် တက္ကသိုလ်ဝင်စာမေးပွဲတွင် ခြောက်ဘာသာဂုဏ်ထူးရရှိပြီး မန္တလေးတိုင်းဒေသကြီးအဆင့် ဆဋ္ဌမရရှိသည့် မဆောင်းနှင်းဖြူက “နေ့တိုင်းကျောင်းက သင်ကြားတဲ့စာတွေကို အကြွေးမထားဘဲ လေ့လာခဲ့ပါတယ်။ ကျောင်းက ပြန်လာတိုင်း စာလေ့လာလေ့ကျင့်ဖြစ်အောင် အဖေနဲ့ အမေက ဘေးကနေကူညီစောင့်ရှောက်ပေးခဲ့ပါတယ်။ ဆရာ ဆရာမတွေက သေချာသင်ကြားပေးခဲ့ပါတယ်။ အဲဒီကျေးဇူးတွေအတွက် ဦးထိပ်ထားကန်တော့ပါတယ်။ အခုနှစ်ဖြေဆိုကြမယ့် ညီ၊ ညီမတွေအနေနဲ့ စေ့စပ်သေချာမှုရှိပြီး အမြဲတမ်းမှတ်မိစေဖို့ နေ့စဉ်မပြတ် စာလုပ်ဖို့ အကြံပေးချင်ပါတယ်။ စာမေးပွဲနားနီးမှ ကပ်လုပ်တာမျိုးမဟုတ်ဘဲ ကြိုတင်ပြင်ဆင်မှုနဲ့ ကျော်ဖြတ်သွားစေချင်ပါတယ်” ဟု ပြောသည်။
ထို့အတူ တက္ကသိုလ်ဝင်စာမေးပွဲတွင် ခြောက်ဘာသာဂုဏ်ထူးရရှိသည့် မအိမ့်မှူးခင်က “စာသင်နှစ်အစကတည်းက တစ်ရက်စာတစ်ရက်ကို ပုံမှန်လုပ်တယ်၊ တစ်ပတ်စာတစ်ပတ် ပုံမှန်လေ့လာတယ်။ ကြိုးစားတဲ့အချိန်မှာ ပင်ပန်းတာတော့ ရှိခဲ့ပါတယ်။ ဒါပေမယ့် အရှုံးမပေးဘဲ ဆက်တိုက်ကြိုးစားမှုနဲ့ပဲ ကိုယ်ရည်မှန်း တဲ့ပန်းတိုင်ကို ရောက်ရှိခဲ့တာပါ။ ကျွန်မအဖေကတော့ ငယ်ငယ်လေးကတည်းက ဆုံးသွားတာပါ။ အဘိုး၊ အဘွားနဲ့ မေမေတို့ရဲ့ ထောက်ပံ့မှု၊ ပံ့ပိုးမှုနဲ့ အခုလိုအောင်မြင်ခဲ့တာဖြစ်ပါတယ်။ ကျွန်မအနေနဲ့ ကလေး အထူးကုဆရာဝန်ကြီးအဖြစ် နိုင်ငံတော်ကို အကျိုးပြုသွားဖို့ ရည်မှန်းထားပါတယ်” ဟု ပြောသည်။
ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် မန္တလေးဗဟိုအကျဉ်းထောင်စာစစ်ဌာန၌ ၁၀ ဦးဝင်ရောက်ဖြေဆိုခဲ့ရာ သုံးဘာသာဂုဏ်ထူးရှင်လေးဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် ငါးဦးနှင့် တစ်ဘာသာဂုဏ်ထူးရှင် တစ်ဦးရှိခဲ့ပြီး ရာခိုင်နှုန်းပြည့်အောင်မြင်ခဲ့ကြကြောင်း သိရသည်။
မျိုးသန့် (မန္တလေးနေ့စဉ်)
ဓာတ်ပုံ-ကိုမျိုး
