နေပြည်တော် ဇွန် ၁၈
တတိယအကြိမ်အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးသတ္တမနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ အမျိုးသားလွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေးက တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးသတ္တမနေ့သို့ တက်ရောက်ခွင့်ရှိသည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးရေ စုစုပေါင်း ၂၀၉ ဦး ရှိသည့်အနက် ယနေ့အစည်းအဝေးသို့ ၂၀၄ ဦး တက်ရောက်သဖြင့် ထက်ဝက်ကျော်သည့်အတွက် အစည်းအဝေးအထ မြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာကာ အစည်းအဝေးတက်ရောက်မှုအခြေအနေကို လွှတ်တော်၏ အတည်ပြုချက်ရယူ၍ မှတ်တမ်းတင်သည်။
ထို့နောက် ရှမ်းပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၁၁) ဦးရှာမွေလရှဲန်၏ ရှမ်းပြည်နယ် ကျိုင်းတုံမြို့နယ် ပန်ကြူကျေးရွာအုပ်စု ဝန်းဘိုကျေးရွာသို့ ဖောက်လုပ်ထားသော မြေသားလမ်းအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် ကျော်စွာဦးက ကျိုင်းတုံမြို့နယ် ပန်ကြူကျေးရွာအုပ်စု နမ့်အော် - ဝန်းဘို - နမ့်ကျန်း - ဖားခေါကျေးရွာ ချင်းဆက် မြေသားလမ်းသည် အရှည် ၅/၀ မိုင်ရှိပြီး ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ နယ်စပ်ရေးရာဝန်ကြီးဌာနသို့ လွှဲပြောင်းပေးထားသော လမ်းဖြစ်ပါကြောင်း၊ အဆိုပါလမ်းသည် မြေပြင်တွင် အကျယ် ၁၂ ပေခန့်သာရှိသဖြင့် ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်နိုင်ရန်အတွက် မြေသားလမ်းတာချဲ့ခြင်းလုပ်ငန်းကို ဦးစွာဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ကျေးရွာ လေးရွာမှ အိမ်ခြေ ၂၅၆ အိမ်နှင့် လူဦးရေ ၁၆၄၅ ဦးတို့ကို အကျိုးပြုနိုင်မည်ဖြစ်သည်ကို စိစစ်သိရှိရပါကြောင်း။
သို့ဖြစ်ပါ၍ ကျိုင်းတုံမြို့နယ် ပန်ကြူကျေးရွာ အုပ်စု နမ့်အော် - ဝန်းဘို - နမ့်ကျန်း - ဖားခေါကျေးရွာ ချင်းဆက်မြေသားလမ်း ၅/၀ မိုင်အား အဆင့်မြှင့်တင်နိုင်ရန်အတွက် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်နယ်အစိုးရရန်ပုံငွေမှ ဘဏ္ဍာငွေခွဲဝေရရှိမှုအပေါ် မူတည်၍ ဘဏ္ဍာရေးနှစ်အလိုက် လျာထားဆောင်ရွက်မည်ဖြစ်ပါကြောင်း ဖြေကြားသည်။
မကွေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ် (၇) ဦးခင်မောင်ဌေး၏ မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင်အတွင်းရှိ ဂန့်ဂေါမြို့နယ်၊ ထီးလင်းမြို့နယ်နှင့် ဆောမြို့နယ်များရှိ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ လစာထုတ်ယူရရှိနိုင်ရေးဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းက မြန်မာ့စီးပွားရေးဘဏ်၊ ဂန့်ဂေါဘဏ်ခွဲသည် ယခုအခါပခုက္ကူခရိုင်ဘဏ်ခွဲထံမှ ဘဏ္ဍာငွေ သယ်ယူခဲ့ပြီးဖြစ်သဖြင့် ၂၀၂၆ ခုနှစ် ဧပြီလအတွက် အငြိမ်းစားဦးရေ ၄၇၈ ဦး၊ ငွေကျပ် (၈၄ ဒသမ ၈၂၃) သန်း၊ ၂၀၂၆ ခုနှစ် မေလအတွက် အငြိမ်းစား ဦးရေ ၁၈၁၄ ဦး၊ ငွေကျပ်(၁၀၆၆ ဒသမ ၀၇၃) သန်းအား ငွေသားဖြင့်ထုတ်ပေးခြင်း၊ အငြိမ်းစား ၄၇၀ အား Myanmar Mobile Money (MMM) စနစ်ဖြင့် အငြိမ်းစားလစာလွှဲပြောင်းထုတ်ယူခြင်းများ ဆောင်ရွက်ပေးထားပြီးဖြစ်ပါကြောင်း။
မြန်မာ့စီးပွားရေးဘဏ်၊ ထီးလင်းဘဏ်ခွဲအနေဖြင့် လတ်တလောတွင် ဘဏ္ဍာငွေသယ်ယူနိုင်ခြင်း မရှိသေးသော်လည်း လက်ကျန်ဘဏ္ဍာငွေများမှ ၂၀၂၆ ခုနှစ် ဧပြီလအတွက် အငြိမ်းစားဦးရေ ၁၁၉ ဦး၊ ငွေကျပ် (၁၅၃ ဒသမ ၁၃) သန်းအားလည်းကောင်း၊၂၀၂၆ ခုနှစ် မေလအတွက် အငြိမ်းစားဦးရေ ၁၃၇ ဦး၊ ငွေကျပ် (၁၅၂ ဒသမ ၁၂၈) သန်းအားလည်းကောင်း ထုတ်ပေးခဲ့ပါကြောင်း။
အလားတူ မြန်မာ့စီးပွားရေးဘဏ်၊ ဆောဘဏ်ခွဲအနေဖြင့် လတ်တလောတွင် ဘဏ္ဍာငွေသယ်ယူနိုင်မှု မရှိသေးသော်လည်း လက်ကျန်ဘဏ္ဍာငွေများမှ ၂၀၂၆ ခုနှစ် မတ်လအထိ အငြိမ်းစားဦးရေ ၁၉၈ ဦး၊ ငွေကျပ် (၉၁ ဒသမ ၇၆၉) သန်း ထုတ်ပေးခဲ့ပါကြောင်း၊ ပခုက္ကူမြို့တွင် သွားရောက်နေထိုင်သည့် ဆောဘဏ်ခွဲမှ အငြိမ်းစား ၁၀၃ ဦးက ပခုက္ကူ ဘဏ်ခွဲတွင် ဆန္ဒအလျောက် အငြိမ်းစားလစာထုတ်ယူလိုကြောင်း တင်ပြလာသဖြင့် ထုတ်ယူနိုင်ရေးစီစဉ်ဆောင်ရွက်ပေးခဲ့ပါကြောင်း။
လတ်တလောဖြစ်ပေါ်နေသော အခြေအနေများအရ ဒေသနေအငြိမ်းစားများ၏ အငြိမ်းစားလစာများ အခက်အခဲမရှိ ထုတ်ပေးနိုင်ရေးအတွက် ဘဏ်လက်ကျန်ငွေများမှ ထုတ်ပေးနိုင်ရန် စီစဉ်ဆောင်ရွက်ပေးနေသကဲ့သို့ ဒေသပြင်ပတွင် ကိုယ်တိုင်သော်လည်းကောင်း၊ ကိုယ်စားလှယ်ဖြင့် သော်လည်းကောင်း၊ Myanmar Mobile Money (MMM) စနစ်ကို အသုံးပြု၍လည်းကောင်း၊ ငွေလွှဲပို့သည့် နည်းလမ်းများ အသုံးပြု၍လည်းကောင်း ထုတ်ယူနိုင်ပါကြောင်း၊ ဒေသတွင်း အင်တာနက်လိုင်းကောင်းမွန်စွာရရှိ ပါက Centralized E-Pension စနစ်တွင်းသို့ ထည့်သွင်း၍ အငြိမ်းစားလစာများ ထုတ်ယူရာတွင် ယခုထက်ပိုမိုအဆင်ပြေချောမွေ့စေရန် စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။
မန္တလေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၁) ဦးခင်မောင်ဝင်း၏ တောင်သူလယ်သမားတစ်ဦး၏ စိုက်ပျိုးစရိတ်ချေးငွေအား တစ်ဧကလျှင် ချေးငွေတစ်သိန်းခွဲ ချေးပေးခဲ့ရာမှ တစ်ဧကလျှင် ချေးငွေငါးသိန်းနှင့်အထက် တိုးမြှင့်ချေးပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းက မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်က နိုင်ငံတစ်ဝန်းရှိ တောင်သူများသို့ ယခင်နှစ်က စိုက်ပျိုးစရိတ်ချေးငွေအဖြစ် စပါး၊ ဂျုံနှင့် ချည်မျှင်ရှည်ဝါသီးနှံများအတွက် တစ်ဧကလျှင် ငွေကျပ် ၁၅ဝဝဝဝ နှုန်း၊ အခြားသီးနှံ ၁၈ မျိုးအတွက် တစ်ဧကလျှင် ငွေကျပ် ၁၀၀၀၀၀ နှုန်း၊ ပန်းနှမ်း၊ ဆီမုန်ညင်း၊ ဂုန်လျှော်သီးနှံများအတွက် တစ်ဧကလျှင် ငွေကျပ် ၁ဝဝဝဝဝ နှုန်းဖြင့် ထုတ်ချေးခဲ့ပါကြောင်း။
ယခုအခါ တောင်သူများသို့ စိုက်ပျိုးစရိတ်ချေးငွေကို ယခင်နှစ်ကထက် ပျမ်းမျှ နှစ်ဆဖြင့် စပါး၊ ဂျုံနှင့် ချည်မျှင်ရှည်ဝါသီးနှံများအတွက် တစ်ဧကလျှင် ငွေကျပ် ၃ဝဝဝဝဝ နှုန်း၊ အခြားသီးနှံ ၁၈ မျိုးအတွက် တစ်ဧကလျှင် ငွေကျပ် ၂၅ဝဝဝဝ နှုန်း၊ ပန်းနှမ်း၊ ဆီမုန်ညင်း၊ ဂုန်လျှော်အတွက် တစ်ဧကလျှင် ငွေကျပ် ၁၅၀ဝဝဝ နှုန်းဖြင့် ၂၀၂၆ ခုနှစ် မေလ ၁၂ ရက်မှစ၍ ထုတ်ချေးပေးလျက်ရှိပြီး အတိုးနှုန်းကို ယခင်အတိုင်း ပြောင်းလဲမှုမရှိဘဲ တစ်နှစ်လုံးတွင်မှ ၅ ရာခိုင်နှုန်းသာ ဖြစ်၍ သက်သာသောနှုန်းထားဖြစ်ပါကြောင်း။
စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးရာတွင် တောင်သူများပိုင်ဆိုင်သည့် လယ်ယာမြေလုပ်ပိုင် ခွင့်ပြုလက်မှတ် (ပုံစံ-၇) မူရင်းကို လယ်ယာမြေဥပဒေ၊ နည်းဥပဒေနှင့်အညီ ဘဏ်သို့အာမခံ (အပေါင်) အဖြစ် ပေးအပ်ပြီး တောင်သူတစ်ဦးချင်း အာမခံသည့်စနစ်ဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုနှစ်ချေးငွေထုတ်ချေးရာတွင် လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ-၇) အား အရောင်းအဝယ်ပြုလုပ်ထားသည့်အတွက်ကြောင့်ဖြစ်စေ၊ အမွေဆက်ခံရရှိထားသည့်အတွက်ကြောင့်ဖြစ်စေ (ပုံစံ-၇) အမည်ပေါက်မဟုတ်သည့် တောင်သူများအတွက် တစ်နှစ်အတွင်း (ပုံစံ-၇) အမည်ပေါက် ပြောင်းလဲရေးဆောင်ရွက်မည်ဖြစ်ကြောင်း ကတိခံဝန်ချက်ဖြင့် ချေးငွေထုတ်ချေးပေးမှု ဖြေလျှော့ပေးထားကြောင်း၊ သို့ပါ၍ ယခုနှစ်မေလတွင် ချေးငွေနှုန်းထားတိုးမြှင့်ထုတ်ချေးပေးထားပါသဖြင့် စိုက်ပျိုးစရိတ်ချေးငွေတစ်ဧကလျှင် ငါးသိန်းအထက် ချေးပေးနိုင်ရန်အတွက် လတ်တလောတွင် ဆောင်ရွက်ပေးရန် အစီအစဉ်မရှိ သေးပါကြောင်း ဖြေကြားသည်။
ဧရာဝတီတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၆) ဦးမျိုးသန့်၏ ဧရာဝတီတိုင်းဒေသကြီး မြစ်ဝကျွန်းပေါ်ရှိ မြို့များဖြစ်သော ဟင်္သာတ၊ ဇလွန်၊ မြန်အောင်၊ ကြံခင်း၊ အင်္ဂပူမြို့များ၏ ရေမြုပ်ကိုင်းမြေများပေါ်တွင် တည်ရှိသည့် ကျေးရွာအုပ်စုများ၏ ကျေးရွာချင်းဆက်လမ်းများအား ရေမြုပ်ကွန်ကရစ်လမ်းဖောက်လုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသိုက်စိုးက ရေမြုပ်ကွန်ကရစ်လမ်းဆိုသည်မှာ ရေကြီးချိန်တွင် ရေအမြုပ်ခံပြီး ရေကျသွားလျှင် သွားလာရေးအတွက် ပြန်လည်အသုံးပြုနိုင်သော လမ်းအမျိုးအစားဖြစ်ပါကြောင်း၊ လမ်းဖောက်လုပ်ရာတွင် ကိုင်းတောများအချို့ကို ခုတ်ထွင်ရသဖြင့် ဂေဟစနစ်ပျက်စီးနိုင်ပြီး လမ်းကြောင့် ရေတိုက်စားမှုပုံစံပြောင်းလဲပြီး လမ်းဘေးဝဲယာတွင် မြေပြိုခြင်းများ ဖြစ်ပေါ်လာနိုင်ပါကြောင်း၊ ရေမြုပ်ကွန်ကရစ်လမ်းသည် ရေအောက်တွင် လနှင့်ချီနစ်မြုပ်နေရသည့်အတွက် ရေရှည်ရေဖိအားဒဏ်ခံနိုင်ရည်ရှိစေရန်အတွက် အောက်ခံမြေသားလွှာ၊ ဒု-အခြေခံလွှာတို့အား သတ်မှတ်ခံနိုင်ရည်အား ရရှိစေရန်ကွန်ကရစ် Grade အမြင့်သုံးရသည့်အပြင် ရေစိမ့်မှုခံနိုင်သော ဓာတုဆေးရည်အသုံးပြုရပြီး ရေအားကြောင့် လမ်းအက်ကွဲမှုမဖြစ်စေရန် သံကူကွန်ကရစ်လမ်းလွှာများကို စနစ်တကျထည့်သွင်းဆောင်ရွက်ရသည့်အတွက် ပုံမှန်ကွန်ကရစ်လမ်းထက် ကုန်ကျစရိတ်မြင့်မားပါကြောင်း။
အဆိုပါလမ်းများသည် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနပိုင် လမ်းစာရင်းတွင် ပါဝင်မှုမရှိ၍ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ စီမံခန့်ခွဲပိုင်ခွင့်ရှိသော လမ်းများအဖြစ် ထည့်သွင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ မြို့နယ်ငါးမြို့နယ်မှ လမ်းခြောက်လမ်းအား ရေမြုပ်ကွန်ကရစ်လမ်းအဖြစ် ဆောင်ရွက်မည်ဆိုပါက စုစုပေါင်း ခန့်မှန်းကုန်ကျ ငွေကျပ်သန်း ၁၀၅၅၀ (၁၀ ဒသမ ၅၅ ဘီလီယံ) ခန့် ကုန်ကျမည်ဖြစ်ပါကြောင်း။
သို့ဖြစ်ပါ၍ အဆိုပါမြစ်ဝကျွန်းပေါ်ဒေသများသည် ရေကြီးနစ်မြုပ်သည့် ဒေသဖြစ်သဖြင့် စီမံကိန်းဖြစ်မြောက်နိုင်စွမ်းကြိုတင်လေ့လာခြင်း (Feasibi-lity Study) အား ကျွမ်းကျင်ပညာရှင်များ၊ ဆက်စပ်ဌာနဆိုင်ရာများနှင့် ပေါင်းစပ်၍ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် လတ်တလောတွင် ရေမြုပ်ကွန်ကရစ်လမ်းဆောင်ရွက်ပေးရန် မရှိသေးပါကြောင်းနှင့် စီမံကိန်းဖြစ်မြောက်နိုင်စွမ်း ကြိုတင်လေ့လာခြင်း (Feasibility Study) ရရှိသည့် အစီရင် ခံစာအပေါ်၊ ရန်ပုံငွေရရှိမှုအပေါ် အခြေခံကာ ဒေသနှင့်ကိုက်ညီသောလမ်းကို ဦးစားပေးတင်ပြသည့်အတိုင်း လျာထားဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။
ဧရာဝတီတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၆) ဦးမျိုးသန့်၏ ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ် ပြာကတတ်ကျေးရွာအုပ်စုအတွင်းရှိ ပြာကတတ်-ဆင်လူးလမ်း ၄ မိုင် ၅ ဖာလုံ လမ်းပေါ်ရှိ ခနွယ်ရိုးတံတားအား အနီးစပ်ဆုံးဘတ်ဂျက်သို့မဟုတ် ၂၀၂၇ - ၂၀၂၈ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးနိုင်ခြင်း ရှိ၊ မရှိ သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးသိုက်စိုးက ဟင်္သာတမြို့နယ် ပြာကတတ်-ဆင်လူး လမ်းပေါ်ရှိ ခနွယ်ရိုးချောင်းကူးတံတားသည် ၁၉၉၅ ခုနှစ်တွင် ဒေသခံပြည်သူများ ကိုယ်ထူကိုယ်ထ တည်ဆောက်ခဲ့သော အလျား ၆၅ ပေ၊ အကျယ် ခြောက်ပေ၊ အမြင့် ၁၂ ပေရှိသော သစ်သားတံတားဖြစ်ပါကြောင်း။
အဆိုပါသစ်သားတံတားအား အရှည်ပေ ၁၀၀၊ အကျယ်ပေ ၂ဝ ကွန်ကရစ်တံတားအဖြစ် ဆောက်လုပ်ပေးရန် ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် တည်ဆောက်ရန် လျာထားခဲ့ပါကြောင်း၊ သို့သော်တိုင်းဒေသကြီးအတွင်း ရန်ပုံငွေခွဲဝေရရှိမှုအခြေအနေ ပြည်သူ့အကျိုးပြုမှုဦးစားပေးအဆင့်အရ လောလောဆယ်တွင် ဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးပါကြောင်း၊ မြေပြင်ကွင်းဆင်းတွေ့ရှိချက်အရ ခန့်မှန်းနှစ်နှစ်ခန့် ဆက်လက်အသုံးပြုနိုင်သည်ကို တွေ့ရပါကြောင်း၊ ကွန်ကရစ်တံတားအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ပေးမည်ဆိုပါက ခန့်မှန်းကုန်ကျငွေ ကျပ်သန်း ၁၁၀၀ (၁ ဒသမ ၁ ဘီလီယံ) ခန့်ကုန်ကျမည်ဖြစ်ပြီး ကျေးရွာ ၂၃ ရွာ၊ အိမ်ခြေ ၁၄၄၄ အိမ်၊ လူဦးရေ ၅၈၄၁ ဦးကို အကျိုးပြုမည် ဖြစ်ပါကြောင်း။
သို့ပါ၍ ကျေးလက်လမ်းဖွံ့ဖြိုးရေးမဟာဗျူဟာ အပေါ်အခြေခံပြီး လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့တို့ပေါင်းစပ်၍ ကျေးရွာ၊ အိမ်ခြေ၊ လူဦးရေ၊ ကျေးလက်နေပြည်သူလူထု၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်မှုအကျိုးပြုနှုန်း၊ လက်ရှိလိုအပ်မှုတို့ကို ဦးစားပေးအလိုက် ရွေးချယ်မှုတင်ပြအပေါ် ၂၀၂၇ - ၂၀၂၈ ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေလျာထားတင်ပြမည်ဖြစ်ပြီး ပြည်ထောင်စု သို့မဟုတ် တိုင်းဒေသကြီးရရှိသည့် ရန်ပုံငွေအပေါ်မူတည်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။
ယင်းနောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက မြန်မာ - ရုရှား လွှတ်တော်ချင်းချစ်ကြည်ရင်းနှီးရေးအသင်း၊ မြန်မာ - ဘယ်လာရုစ် လွှတ်တော်ချင်း ချစ်ကြည်ရင်းနှီးရေးအသင်း၊ မြန်မာ - ကာဇက်စတန် လွှတ်တော်ချင်းချစ်ကြည်ရင်းနှီးရေး အသင်းများဖွဲ့စည်းရန် လွှတ်တော်၏ သဘောထားရယူရာ လွှတ်တော်က သဘောတူသဖြင့် အမျိုးသားလွှတ်တော်နှင့် ရုရှား၊ ဘယ်လာရုစ်၊ ကာဇက်စတန် လွှတ်တော်များနှင့် ချစ်ကြည်ရင်းနှီးရေးအသင်းများ ဖွဲ့စည်းမည်ဖြစ်ကြောင်း ကြေညာသည်။
ဆက်လက်၍ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက မြန်မာ - ရုရှား လွှတ်တော်ချင်း ချစ်ကြည်ရင်းနှီးရေးအသင်းတွင် ဥက္ကဋ္ဌအဖြစ် ဧရာဝတီတိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ် (၁၀) ဦးချစ်ဆွေနှင့် အတွင်းရေးမှူးအဖြစ် တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးဇဝနတို့အပါအဝင် အဖွဲ့ဝင် ၅ ဦး၊ မြန်မာ-ဘယ်လာရုစ် လွှတ်တော်ချင်းချစ်ကြည်ရင်းနှီးရေးအသင်းတွင် ဥက္ကဋ္ဌအဖြစ် တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးချုပ် သန်းထွန်းအောင်နှင့် အတွင်းရေးမှူးအဖြစ် တပ်မတော်သားကိုယ်စားလှယ် ဗိုလ်ကြီးဒေါ်စုမြတ်ဝေတို့အပါအဝင် အဖွဲ့ဝင် ၅ ဦး၊ မြန်မာ - ကာဇက်စတန် လွှတ်တော်ချင်းချစ်ကြည်ရင်းနှီးရေးအသင်းတွင် ဥက္ကဋ္ဌအဖြစ် ကချင်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ် (၁) ဦးရခွီဖုန်နှင့် အတွင်းရေးမှူးအဖြစ် တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးတင့်လွင်အေးတို့အပါအဝင် အဖွဲ့ဝင် ၅ ဦးတို့၏ အမည်စာရင်းများကို လွှတ်တော်၏ အတည်ပြုချက်ရယူရာ အတည်ပြုသဖြင့် အမျိုးသားလွှတ်တော်နှင့် ရုရှား၊ ဘယ်လာရုစ်၊ ကာဇက်စတန်လွှတ်တော်များနှင့် ချစ်ကြည်ရင်းနှီးရေးအသင်းများ ဖွဲ့စည်းခြင်းနှင့်အသင်းများတွင် ပါဝင်သည့် ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်တို့၏ အမည်စာရင်းများကို အတည်ပြုကြောင်း ကြေညာသည်။
ထို့နောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက တောင်သူလယ်သမားရေးရာကော်မတီ၊ လူငယ်၊ အမျိုးသမီး၊ ကလေးသူငယ်နှင့် သက်ကြီးရွယ်အိုအခွင့်အရေးဆိုင်ရာကော်မတီနှင့် ပညာရေးမြှင့်တင်မှုကော်မတီတို့ ဖွဲ့စည်းရေးနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ယင်းနောက် တာဝန်ပေးအပ်ခံရသည့် ကရင်ပြည်နယ်အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ် (၆) ဦးခင်ဇော်ထွန်းက တောင်သူလယ်သမားရေးရာကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက တောင်သူလယ်သမားရေးရာကော်မတီတွင် ကော်မတီဥက္ကဋ္ဌအဖြစ် ကရင်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၈) ဦးချစ်ဝေနှင့် အတွင်းရေးမှူးအဖြစ် ကရင်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၆) ဦးခင်ဇော်ထွန်းတို့အပါအဝင် အဖွဲ့ဝင် ၁၅ ဦး၏ အမည်စာရင်းကို လွှတ်တော်သို့ တင်ပြပြီး ကော်မတီတွင်ပါဝင်မည့် အဖွဲ့ဝင်ဦးရေ၊ အဖွဲ့ဝင်များ၏ အမည်စာရင်း၊ ကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့၏ အမည်စာရင်း၊ ကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်နှင့် သက်တမ်းတို့ကို လွှတ်တော်၏ အတည်ပြုချက်ရယူရာ လွှတ်တော်က အတည်ပြုသဖြင့် တောင်သူလယ်သမားရေးရာ ကော်မတီဖွဲ့စည်းကြောင်းနှင့် ကော်မတီ၏တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်နှင့် သက်တမ်းတို့ကို အမျိုးသားလွှတ်တော်က အတည်ပြုကြောင်း ကြေညာသည်။
ထို့နောက် တာဝန်ပေးအပ်ခံရသည့် ပဲခူးတိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ် အမှတ် (၃) ဒေါ်ထားထားနုက လူငယ်၊ အမျိုးသမီး၊ ကလေးသူငယ်နှင့် သက်ကြီးရွယ်အို အခွင့်အရေး ဆိုင်ရာကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက လူငယ်၊ အမျိုးသမီး၊ ကလေးသူငယ်နှင့် သက်ကြီးရွယ်အိုအခွင့်အရေးဆိုင်ရာကော်မတီတွင် ကော်မတီ ဥက္ကဋ္ဌအဖြစ် စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၉) ဒေါ်သိင်္ဂီဝင်းရွှေနှင့် အတွင်းရေးမှူးအဖြစ် ပဲခူးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ် (၃) ဒေါ်ထားထားနုတို့အပါအဝင် အဖွဲ့ဝင် ၁၅ ဦး၏ အမည်စာရင်းကို လွှတ်တော်သို့တင်ပြပြီး ကော်မတီတွင် ပါဝင်မည့် အဖွဲ့ဝင်ဦးရေ၊ အဖွဲ့ဝင်များ၏ အမည်စာရင်း၊ ကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့၏ အမည်စာရင်း၊ ကော်မတီ၏တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်နှင့် သက်တမ်းတို့ကို လွှတ်တော်၏ အတည်ပြုချက်ရယူရာ လွှတ်တော်က အတည်ပြုသဖြင့် လူငယ်၊ အမျိုးသမီး၊ ကလေးသူငယ်နှင့် သက်ကြီးရွယ်အိုအခွင့်အရေးဆိုင်ရာ ကော်မတီဖွဲ့စည်းကြောင်းနှင့် ကော်မတီ၏တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်နှင့် သက်တမ်းတို့ကို အမျိုးသားလွှတ်တော်က အတည်ပြုကြောင်း ကြေညာသည်။
ဆက်လက်၍ တာဝန်ပေးအပ်ခံရသည့် ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ် (၁၁) ဦးတင့်ဇော်က ပညာရေးမြှင့်တင်မှု ကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ပညာရေးမြှင့်တင်မှုကော်မတီတွင် ကော်မတီဥက္ကဋ္ဌအဖြစ် ရှမ်းပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ် (၆) ဒေါက်တာကျော်ထွန်းနှင့် အတွင်းရေးမှူးအဖြစ် ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၁၁) ဦးတင့်ဇော်တို့အပါအဝင် အဖွဲ့ဝင် ၁၅ ဦး၏ အမည်စာရင်းကို လွှတ်တော်သို့တင်ပြပြီး ကော်မတီတွင်ပါဝင်မည့် အဖွဲ့ဝင်ဦးရေ၊ အဖွဲ့ဝင်များ၏ အမည်စာရင်း၊ ကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့၏ အမည်စာရင်း၊ ကော်မတီ၏တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်နှင့် သက်တမ်းတို့ကို လွှတ်တော်၏ အတည်ပြုချက်ရယူရာ လွှတ်တော်က အတည်ပြုသဖြင့် ပညာရေးမြှင့်တင်မှုကော်မတီဖွဲ့စည်းကြောင်းနှင့် ကော်မတီ၏တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်နှင့် သက်တမ်းတို့ကို အမျိုးသားလွှတ်တော်က အတည်ပြုကြောင်း ကြေညာသည်။
ယင်းနောက် တတိယအကြိမ်အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး သတ္တမနေ့ကို ရပ်နားလိုက်ပြီး အစည်းအဝေးအဋ္ဌမနေ့ကို ဇွန် ၁၉ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
