နေပြည်တော် နိုဝင်ဘာ ၂၇
ကုလသမဂ္ဂဖွဲ့စည်းတည်ထောင်သည့် (၇၅) နှစ်ပြည့် အထိမ်းအမှတ်အနေဖြင့် နိုင်ငံခြားရေး ဝန်ကြီးဌာန အစီအစဉ်ဖြင့် (UN75) Logo ပါ အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် (၂၀၀ ကျပ်တန်) (၁) မျိုးအား ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက် လုပ်ငန်းမှ ဒီဇင်ဘာ (၁) ရက်၊ မြန်မာသက္ကရာဇ် ၁၃၈၂ ခုနှစ်၊ တန်ဆောင်းမုန်းလပြည့်ကျော် (၂) ရက် (အင်္ဂါနေ့)၊ နံနက် ၉ နာရီခွဲမှစတင်၍ နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေးစာတိုက်ကြီးတို့နှင့် တိုင်းဒေသကြီး/ ပြည်နယ်များရှိ စာတိုက်များတွင် ရောင်းချပေးသွားမည်ဖြစ်သည်။
အထူးအစီအစဉ် တစ်ရပ်အနေဖြင့် နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီးနှင့် မန္တလေး စာတိုက်ကြီးတို့တွင် ဒီဇင်ဘာ (၁) ရက်တွင် ဝယ်ယူသော စာပို့တံဆိပ်ခေါင်းများနှင့် ပထမနေ့စာအိတ် (Firstday Cover) များပေါ်တွင် နေ့စွဲအမှတ်အသား တံဆိပ်ရိုက်နှိပ် ပေးမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)