နေပြည်တော် ဇွန် ၃
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် အိန္ဒိယသမ္မတနိုင်ငံဝန်ကြီးချုပ် ရှရီ နာရန်ဒ ရာမိုဒီ၏ ဖိတ်ကြားချက်အရ အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဉ်သွားရောက်ခဲ့ပြီး ယနေ့ညနေပိုင်းတွင် မွမ်ဘိုင်းမြို့၊ Chhatrapati Shivaji Magaraj အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ပြန်လည်ထွက်ခွာကြရာ မဟာရာ့ရှ်ထရာပြည်နယ် အစိုးရအဖွဲ့ဝန်ကြီး H.E. Sawant နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ အိန္ဒိယသမ္မတနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးဇော်ဦး၊ ကော်လ်ကတ္တားမြို့၊ မြန်မာကောင်စစ်ဝန်ချုပ်နှင့် တာဝန်ရှိသူများက လေဆိပ်တွင် ပို့ဆောင်နှုတ်ဆက်ကြသည်။
နိုင်ငံတော်သမ္မတနှင့်အတူ ခရီးစဉ်တွင်လိုက်ပါသွားကြသည့် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသော ဦးခင်မောင်ရီ၊ ဦးတင်မောင်ဆွေ၊ ဒေါက်တာကံဇော်၊ ဦးမင်းနောင်၊ ဒေါက်တာချာလီသန်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါက်တာခင်နိုင်ဦး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများနှင့်တာဝန်ရှိသူများ၊ စစ်ဘက်၊ နယ်ဘက်မှ တာဝန်ရှိသူများ ပြန်လည်လိုက်ပါလာကြသည်။
နိုင်ငံတော်သမ္မတသည် ခရီးစဉ်အတွင်း အိန္ဒိယနိုင်ငံသမ္မတနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ ဝန်ကြီးချုပ်နှင့်တွေ့ဆုံ၍ နှစ်နိုင်ငံဆွေးနွေးပွဲများကျင်းပခြင်းတို့ကိုဆောင်ရွက်ခဲ့ပြီး အိန္ဒိယအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အကြီးအကဲများနှင့် စီးပွားရေးအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များကိုလည်း လက်ခံတွေ့ဆုံနိုင်ခဲ့ကာ နိုင်ငံတော်နှင့်ပြည်သူတို့အတွက် အကျိုးရှိစေနိုင်မည့် ဆွေးနွေးချက်များကို ဆွေးနွေးနိုင်ခဲ့သည်။ ထို့အပြင် သမိုင်းဝင်အထင်ကရနေရာများနှင့် စက်မှု၊ ဆိပ်ကမ်းနှင့် စွမ်းအင်ဆိုင်ရာစီမံကိန်းနေရာများကို သွားရောက်လေ့လာခဲ့ပြီး နှစ်နိုင်ငံအစိုးရနှင့် ပြည်သူများအကြား စီးပွားရေး၊ ဘာသာရေး၊ ယဉ်ကျေးမှုနှင့်လူမှုရေး၊ ခရီးသွားဆိုင်ရာကဏ္ဍများအပါအဝင် ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးနိုင်ခဲ့သည်။
ညနေပိုင်းတွင် နိုင်ငံတော်သမ္မတဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် နေပြည်တော်လေဆိပ်သို့ပြန်လည်ရောက်ရှိကြရာ ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသမ္မတနိုင်ငံသံရုံးနှင့်စစ်သံရုံးတို့မှတာဝန်ရှိသူများက လေဆိပ်တွင်ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့ပြင် နိုင်ငံတော်သမ္မတဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အနေဖြင့် နိုင်ငံတော်အကျိုးစီးပွားကို တစိုက်မတ်မတ်ဦးတည်ပြီး ခရီးစဉ်အတွင်း အိန္ဒိယသမ္မတနိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား စိုက်ပျိုးနှင့်မွေးမြူရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ ကုန်သွယ်ရေးကဏ္ဍ၊ ပညာသင်ကြားမှုမြှင့်တင်ရေးဆိုင်ရာကိစ္စ၊ ခရီးသွားကဏ္ဍများ တိုးမြှင့်ရေးဆိုင်ရာကိစ္စများတွင် ပြည်သူအချင်းချင်း၊ လုပ်ငန်းရှင်များအချင်းချင်း ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများ ပေါ်ပေါက်လာစေရေးအတွက် ကြိုးပမ်းအားထုတ်ဆောင်ရွက်ခဲ့ကြသည့်အတွက် အိန္ဒိယ-မြန်မာ ချစ်ကြည်ရေးအသင်းမှ တာဝန်ရှိသူများ၊ တိုင်းရင်းသား၊ တိုင်းရင်းသူ၊ သားငယ်၊ သမီးငယ်လေးများ၊ ဘင်ခရာ၊ ပန်းပွားအကအဖွဲ့များ၊ အိန္ဒိယရိုးရာ အကအလှအဖွဲ့များ၊ တိုင်းရင်းသားရိုးရာအက အလှအဖွဲ့များ၊ အနုပညာရှင်များ၊ ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက လေဆိပ်တွင် အသင့်စောင့်ကြို၍ လေဆိပ်လေယာဉ်အဆင်းမှ VIP ဆောင်ထိလည်းကောင်း၊ တပ်မတော်လေဆိပ်အဝင် လမ်းတစ်လျှောက်တွင်လည်းကောင်း “အိန္ဒိယ-မြန်မာ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှု အဓွန့်ရှည်ပါစေ။ အိန္ဒိယ-မြန်မာ နှစ်နိုင်ငံအကြား ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေးကဏ္ဍအလိုက် တိုးမြှင့်ဆောင်ရွက်နိုင်ပါစေ။ အိန္ဒိယ-မြန်မာ နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတိုးတက်အောင်ဆောင်ရွက်ခဲ့သည့် နိုင်ငံတော်သမ္မတကြီး ဦးမင်းအောင်လှိုင်အား လှိုက်လှဲစွာကြိုဆိုပါသည်။ အိန္ဒိယ-မြန်မာချစ်ကြည်စွာတွဲလက်မြဲပါစေ။ အိန္ဒိယ-မြန်မာ ပူးပေါင်းအား မုချအောင်မြင်ပါစေ။ မြန်မာနိုင်ငံ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့သော နိုင်ငံတော်သမ္မတကြီး ဦးမင်းအောင်လှိုင်အား လှိုက်လှဲစွာကြိုဆိုပါ၏။ အိန္ဒိယ-မြန်မာ ချစ်ကြည်ရေးကို ခိုင်မြဲစေသော နိုင်ငံတော်သမ္မတကြီးနှင့် အဖွဲ့ဝင်များအား လှိုက်လှဲစွာကြိုဆိုပါ၏” ဟူသောစာတန်းများပါရှိသည့် ဗွီနိုင်းများကိုင်ဆောင်၍လည်းကောင်း၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံ၊ အိန္ဒိယသမ္မတနိုင်ငံအလံတို့ကို အသီးသီးကိုင်ဆောင် ဝှေ့ယမ်းကာ “အိန္ဒိယ-မြန်မာ ချစ်ကြည်ရေးအဓွန့်ရှည်ပါစေ။ အမျိုးဘာသာသာသနာအတွက် ကြိုးပမ်းဆောင်ရွက်နေသည့် နိုင်ငံတော်သမ္မတကြီး ဦးမင်းအောင်လှိုင် ကျန်းမာပါစေ၊ ကျန်းမာပါစေ။ အိန္ဒိယ-မြန်မာ ချစ်ကြည်ရေး ခိုင်မြဲပါစေ၊ ခိုင်မြဲပါစေ။ အိန္ဒိယ-မြန်မာချစ်ကြည်ရေး အဓွန့်ရှည်ပါစေ ” ဟု ကြွေးကြော်လျက်လည်းကောင်း၊ လေဆိပ်မှ နေပြည်တော်သို့ဝင်ရောက်ရာလမ်းတစ်လျှောက် အဓိကနေရာများရှိ LED Board များ၌လည်း နိုင်ငံတော်သမ္မတ၏အိန္ဒိယခရီးစဉ် လှုပ်ရှားမှုပုံရိပ်များဖြင့် “ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား ဂုဏ်ယူဝမ်းမြောက်စွာကြိုဆိုပါသည်” ဟူ၍ ရေးသားဖော်ပြ၍လည်းကောင်း သောင်းသောင်းဖြဖြကြိုဆို ဂုဏ်ပြုနှုတ်ဆက်ခဲ့ကြသည်။
နိုင်ငံတော်သမ္မတသည် နေပြည်တော်သို့ပြန်လည်ရောက်ရှိစဉ် မီဒီယာများ၏မေးမြန်းမှုများအား ယခုကဲ့သို့ ပြန်လည်ဖြေကြားခဲ့ပါသည်-
မြန်မာနဲ့အိန္ဒိယ ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုကိုအခြေခံပြီးတော့ ကျွန်တော်သွားခဲ့တာဖြစ်ပါတယ်။ သွားတဲ့အခါမှာလည်း အိန္ဒိယခေါင်းဆောင်တွေဖြစ်တဲ့ သမ္မတကြီး၊ ဝန်ကြီးချုပ် မစ္စတာ မိုဒီတို့နဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ နိုင်ငံခြားရေးဝန်ကြီးနဲ့လည်း သီးခြားတွေ့ခဲ့တာတွေရှိတယ်။
နှစ်နိုင်ငံ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု၊ နောက်တစ်ခုက ရင်းနှီးမြှုပ်နှံမှု တိုးချဲ့ဆောင်ရွက်နိုင်ဖို့အတွက်၊ နယ်ပယ်အသီးသီးမှာ ဆောင်ရွက်နိုင်ဖို့အတွက် ဆွေးနွေးနိုင်ခဲ့ပါတယ်။ နှစ်ဦးနှစ်ဖက် သဘောတူညီချက်၊ နှစ်ဖက်ပူးတွဲကြေညာချက်လည်း ထုတ်ခဲ့တာရှိပါတယ်။ အဓိကကတော့ ကျွန်တော်တို့ဘက်က အလုပ်ကို ပိုပြီးတော့မှ လုပ်ရမယ်၊ ကုန်ထုတ်လုပ်မှုတွေလုပ်ကြဖို့ပါ။ ဒါမှ ကျွန်တော်တို့ ကုန်သွယ်မှုကိုသွားနိုင်မယ်။ တစ်ဖက်က ကျန်တဲ့လိုအပ်ချက်တွေလည်း ပြည်သူလူထုအပိုင်းက ဝိုင်းဝန်းကြိုးစားဆောင်ရွက်ဖို့ရှိပါတယ်။
ကျွန်တော်တို့ ဒီလိုလုပ်နိုင်ဖို့ တည်ငြိမ်အေးချမ်းဖို့ အရေးကြီးပါတယ်။ တည်ငြိမ်အေးချမ်းမှလည်း လုပ်လို့ရမှာ ဖြစ်တယ်။ ဒါကြောင့် ပထမဦးဆုံးသွားတဲ့ အိန္ဒိယအပိုင်းနဲ့ပတ်သက်ရင် အိန္ဒိယနယ်စပ်မှာရှိတဲ့ သက်ဆိုင်သူများအနေနဲ့ တိုင်းပြည်ကောင်းစေချင်တယ်ဆိုရင် တိုင်းပြည်နဲ့ပူးပေါင်းဆောင်ရွက်ဖို့၊ ငြိမ်းချမ်းတဲ့နည်းနဲ့ပူးပေါင်းဆောင်ရွက်ဖို့၊ ကြိုးစားဖို့လိုပါတယ်။ သူတို့ရဲ့သဘောထားတွေ ပြန်လည်သုံးသပ်ပြီးတော့မှ ကျွန်တော်တို့တိုင်းပြည်ကိုကောင်းအောင် ဆောင်ရွက်သွားဖို့ လိုပါလိမ့်မယ်။
ဒီလိုပဲ တခြားနယ်မြေတွေမှာရှိနေတဲ့၊ အကြောင်းအမျိုးမျိုးကြောင့် တည်ငြိမ်မှုထိခိုက်နေတဲ့ နယ်မြေတွေမှာရှိတဲ့ လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများအနေနဲ့လည်း တိုင်းပြည်အတွက် ပြန်လည်သုံးသပ်ပြီးတော့မှ တိုင်းပြည်ကောင်းအောင်လုပ်ဖို့အတွက် ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့၊ နိုင်ငံရေးစကားပြောရင် ဒီမိုကရေစီနည်းလမ်းတကျ ပူးပေါင်းဆောင်ရွက်သွားကြမယ်ဆိုရင် တိုင်းပြည်က ဘာမှမကြာပါဘူး၊ တိုးတက်မှာသေချာပါတယ်။
နောက်တစ်ခုက အခုပြီးခဲ့တဲ့ တနင်္လာနေ့ကစပြီး ကျောင်းတွေဖွင့်ပါတယ်။ ကျောင်းတွေဖွင့်တဲ့အခါမှာ ကျောင်းနေအရွယ်တွေအားလုံး ကျောင်းနေပြီးတော့ ပညာရေးမြှင့်တင်မှုနဲ့အတူ အချိန်အတိုင်းအတာတစ်ခုပေးပြီး ကြိုးစားသွားမယ်ဆိုရင် ကျွန်တော်တို့မျှော်မှန်းတဲ့ လူမှုပန်းတိုင်တွေကို ကောင်းကောင်းမွန်မွန်ရောက်မယ်လို့ မျှော်မှန်းပါတယ်။ ပြည်သူလူထုအနေနဲ့ ကြိုးစားပေးကြဖို့၊ အလုပ်လုပ်ပေးကြဖို့၊ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြဖို့ပဲ ကျွန်တော်ပြောချင်ပါတယ်။
ခရီးစဉ်က အောင်မြင်ပါတယ်။ အောင်မြင်တာလည်း သေချာပါတယ်။ မှတ်ချက်ကတော့ မျိုးစုံပေးကြမှာပါ။ အဲဒီမှတ်ချက်တွေမှာ ကောင်းတဲ့မှတ်ချက်တွေ အများကြီးရှိပါတယ်။ ကျွန်တော်တို့သွားရတာလည်း ပင်ပန်းရကျိုးလည်းနပ်ပါတယ်။
ဗုဒ္ဓဂယာမှာ တိုင်းပြည်အေးချမ်းပါစေ၊ ဖွံ့ဖြိုးတိုးတက်ပါစေ။ ပြည်သူတွေ ကိုယ်စိတ်နှလုံးချမ်းမြေ့စွာနဲ့ လုပ်ကိုင်စားသောက်နိုင်ကြပါစေလို့ ကျွန်တော်ဆုတောင်းပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။
သတင်းစဉ်
