Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦး ရန်ကုန်-ပြည်ရထားလမ်းပိုင်း၌ မိုင်နှုန်းမြှင့်တင်ပြေးဆွဲနိုင်ရေးနှင့် ပြည်-အောင်လံ-ဆတ်သွား-ပုဂံလမ်းပိုင်းရှိ ရန်ပယ်ချောင်းတံတားပြုပြင်နေမှု ကြည့်ရှုစစ်ဆေး

နေပြည်တော် ဇွန် ၂

ပို့ဆောင်ရေးဝန်ကြီးဌာန ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦး၊ ဒုတိယဝန်ကြီး ဦးအောင်မြိုင်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့မှ လျှပ်စစ်စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးများသည် ဇွန် ၁ ရက်တွင် RBE ရထားဖြင့် ရန်ကုန်-ပြည် ရထားလမ်းပိုင်းတစ်လျှောက် မိုင်နှုန်းမြှင့်ပြေးဆွဲနိုင်ရေး ရထားလမ်းကြံ့ခိုင်မှုများကို ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် လက်ပံတန်းဘူတာသို့ ရောက်ရှိပြီး မြန်မာ့မီးရထားပထမဆုံးစတင်ပြေးဆွဲစဉ်ကတည်းက တည်ဆောက်ခဲ့သော ၁၄၉ နှစ်ကျော် သက်တမ်းရှိသည့် ရှေးဟောင်းဘူတာတစ်ခုဖြစ်၍ ရှေးမူမပျက်ပြန်လည်ပြုပြင်မှုများ ဆောင်ရွက်ရန်နှင့် တန်ဖိုးထားထိန်းသိမ်းဆောင်ရွက်ရန် မှာကြားပြီး မြန်မာ့မီးရထားဆေးပေးခန်းနှင့် လက်ပံတန်းစက်ခေါင်းရုံကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး စက်ရုံဝန်ထမ်းများအား ထောက်ပံ့ငွေများ ပေးအပ်သည်။

ယင်းနောက် တောင်တွင်းကြီးမြို့နယ် ပြည်-အောင်လံ-ဆတ်သွား- ပုဂံရထားလမ်းပိုင်း၊ ပရပ်ကြယ်နှင့် ဆတ်သွားဘူတာအကြား အရှည်ပေ ၄၀၀ရှိ တံတားအမှတ် (၃၄၃) ရန်ပယ်ချောင်း တံတားပြန်လည်ပြုပြင်တည်ဆောက်ရေးစီမံကိန်း ရှင်းလင်းဆောင်သို့ရောက်ရှိပြီး အဆိုပါတံတားသည် ရန်ကုန်-ပြည်-ပုဂံ လမ်းပိုင်း၌ အဓိကအရေးပါသည့် တံတားဖြစ်၍ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အမြန်ပြီးစီးအောင်ဆောင်ရွက်ရန်၊ တံတားတည်ဆောက်ရေးလုပ်ငန်းခွင်အတွင်း ဘိုးပိုင်တူးခြင်းလုပ်ငန်းနှင့် တံတားပြန်လည်ပြုပြင်ခြင်း လုပ်ငန်းအချိန်မီပြီးစီးရေးကြိုးပမ်းဆောင်ရွက်ရန် မှာကြားသည်။

ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ပြည် (ခရိုင်ရုံး) ယာဉ်စည်းကမ်း လမ်းစည်းကမ်းပညာပေးခန်းမ၌ ဝန်ကြီးဌာနအောက်ရှိ ဌာနဆိုင်ရာအရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံ၍ ဝန်ထမ်းများကို ထောက်ပံ့ငွေများ ပေးအပ်သည်။

ထို့နောက် ဒီဇယ်စက်ခေါင်း ရုံ (ပြည်)၊ ပြည်ဘူတာနှင့် ဘူတာပန်းခြံသို့ ရောက်ရှိပြီး ပန်းခြံနှင့် ဘူတာသန့်ရှင်းသာယာလှပရေးဆောင်ရွက်ရန်၊ ပန်းခြံအတွင်း အလှပြရေနွေးငွေ့စက်ခေါင်းများထားရှိပြီး ပန်းအလှပင်များ  စိုက်ပျိုးထားရှိရန်နှင့် ခရီးသွားပြည်သူများ စိတ်ချမ်းမြေ့စွာ သွားလာနိုင်ရေးဆောင်ရွက်ရန် မှာကြား၍ ပြည်ဘူတာမှ RBE ရထားဖြင့်ထွက်ခွာကာ ပြည်-ရန်ကုန် လမ်းပိုင်းတစ်လျှောက်ရှိ ဘူတာများ၊ တံတားများ၊ ရထားလမ်းများကို ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် သာယာဝတီဘူတာသို့ ရောက်ရှိပြီး သာယာဝတီဘူတာသည် ၁၄၉ နှစ်ကျော် သက်တမ်းရှိသည့် ရှေးဟောင်းအမွေအနှစ်ဘူတာတစ်ခုဖြစ်၍ ရှေးမူမပျက်ပြန်လည်ပြုပြင်မှုများ ဆောင်ရွက်ရန်မှာကြားသည်။

ဆက်လက်၍ သနပ်ချောင်းဘူတာသို့ ရောက်ရှိကာ ရထားလမ်းများ အဆင့်မြှင့်တင်နိုင်ရေး၊ အရှည် ၃၉ ပေရှိသော သံလမ်းများအား Flash Butt Welding Machine ဖြင့် ကိုးချောင်းဆက်ခြင်းလုပ်ငန်းနှင့် ဂဟေဆက်ပြီး သံလမ်းများကို Ultrasonic Rail Flaw Detector ဖြင့် သံလမ်းဆက်အရည်အသွေးအား စစ်ဆေးနေမှုကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်နေသော ဝန်ထမ်းများကို ဂုဏ်ပြုဆုငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်