ရန်ကုန် ဇွန် ၁
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထိန်လင်းသည် ရန်ကုန်တိုင်းဒေသကြီး ပြန်ကြားရေး၊ ကယ်ဆယ်ရေးနှင့်သာသနာရေးဝန်ကြီးနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ နိုင်ငံပိုင်သတင်းစာတိုက်များနှင့် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားတို့ကို ကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ ဗဟန်းမြို့နယ်ရှိ မြန်မာ့အလင်းသတင်းစာတိုက်သို့ရောက်ရှိပြီး ရုံးအဆောက်အအုံ၊ CTP (Computer to Plate) ခန်း၊ ပုံနှိပ်စက်နှင့် ဝန်ထမ်းအိမ်ရာများကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် (၄၃)လမ်းရှိ ကြေးမုံသတင်းစာတိုက်၏ ပုံနှိပ်စက်ကို ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပြည်လမ်းရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသို့ရောက်ရှိပြီး စတူဒီယို (1)တွင် လူမှုစီးပွားအစီအစဉ်နှင့် ဘဝနှင့်အနုပညာအစီအစဉ်ရိုက်ကူးနေမှု၊ စတူဒီယို (2) တွင် Shining Star ကလေးအစီအစဉ် ရိုက်ကူးနေမှု၊ News Studio တွင် သတင်းရိုက်ကူးနေမှု၊ စတူဒီယို(D) တွင် ခေတ်ပေါ်တေးဂီတအဖွဲ့ လေ့ကျင့်နေမှု၊ ရေဒီယိုဆောင် Master Room တွင် မြန်မာ့အသံဆိုင်းဝိုင်းကြီးနှင့်တွဲဖက်၍ ဝန်ထမ်းများ တေးသီချင်းသီဆိုလေ့ကျင့်နေမှု၊ စတူဒီယို(B) တွင် နိုင်ငံတော်သံစုံတီးဝိုင်းလေ့ကျင့်နေမှုနှင့် စတူဒီယို(C)တွင် အသံလွှင့်ဇာတ်လမ်းအသံသွင်းနေမှုတို့ကို ကြည့်ရှုအားပေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား စတူဒီယို(A)၌ အရာထမ်း၊ အမှုထမ်းများနှင့်တွေ့ဆုံစဉ် မိမိတို့ ပြန်ကြားရေးဝန်ကြီးဌာနသည် နိုင်ငံတော်အတွက် အရေးကြီးသည့်ဌာနတစ်ခုဖြစ်သည့်အတွက် နိုင်ငံတော်အစိုးရက မူဝါဒအစီအမံများချမှတ်ပြီး ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများကို ပြည်သူလူထု သိရှိနားလည်ရေး သတင်းများထုတ်ပြန်ပေးရန်နှင့် အသိပညာပေးရန်လိုအပ်ပါကြောင်း၊ အနုပညာကဏ္ဍအနေဖြင့်လည်း ဖျော်ဖြေပေးရမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံသည် စိုက်ပျိုးမွေးမြူရေးနိုင်ငံဖြစ်သည့်အတွက် စိုက်ပျိုးမွေးမြူရေးနှင့်ပတ်သက်ပြီး မီဒီယာဖြင့် အသိပညာပေးရန် လိုအပ်ပါကြောင်း၊ နိုင်ငံပိုင်မီဒီယာဖြစ်သည့်အတွက် အဆင့်အတန်းရှိသည့် မီဒီယာတစ်ခုဖြစ်ရေး ကြိုးစားရန်လိုအပ်ကြောင်း ပြောကြားပြီး အရာထမ်း၊ အမှုထမ်းများအား ချီးမြှင့်ငွေများပေးအပ်ခဲ့သည်။
သတင်းစဉ်
