ဘားအံ မေ ၃၀
ဒေသတွင်းထုတ်ကုန်များ၏ အရည်အသွေးမြင့်မားစေရန်နှင့် ဈေးကွက်ကျယ်ပြန့်စေရန် ချိတ်ဆက်ပေးခြင်းကို ဆောင်ရွက်ပေးနိုင်ရန်အတွက် ကရင်ပြည်နယ် အသေးစား၊ အငယ်စားနှင့် အလတ်စား MSME ထုတ်ကုန်ပြပွဲနှင့်ဈေးရောင်းပွဲတော်ကို ယနေ့နံနက် ၈ နာရီတွင် ဘားအံမြို့ အမှတ် (၃) ရပ်ကွက်ရှိ မြို့မဘောလုံးကွင်း၌ ကျင်းပသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမောင်သင်း၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစန်းကို၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးညွန့်လင်း၊ ပြည်နယ်ဝန်ကြီးများက MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်မုခ်ဦးကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ပါဝင်အားဖြည့်ကူညီပေးကြသည့် ဘင်ခရာ၊ ပန်းဖွားအဖွဲ့များနှင့် ယဉ်ကျေးမှုအဖွဲ့များအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကာ လုပ်ငန်းရှင် ၄၂ ဦး၏ စားသောက်ကုန်၊ အိမ်ဆောက်ပစ္စည်း၊ စက်ပစ္စည်း၊ မြေဩဇာ၊ အဝတ်အထည်၊ လူသုံးကုန်၊ ကျောက်မျက်ရတနာ၊ ရော်ဘာထုတ်ကုန်ပစ္စည်း ဆိုင်ခန်းပေါင်း ၄၀ ကျော်ကို လှည့်လည်ကြည့်ရှုအားပေးသည်။
ထို့နောက် မြန်မာနိုင်ငံလူငယ်ရေးရာကော်မတီနှင့် ကရင်ပြည်နယ် လူငယ်ရေးရာကော်မတီတို့ ပူးပေါင်းကျင်းပသည့် လူငယ်တွေ့ဆုံပွဲကို ဘားအံမြို့ ဇွဲကပင်ခန်းမ၌ကျင်းပရာ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီဒုတိယဥက္ကဋ္ဌ (၁) ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားပြီး ပြည်နယ်လူငယ်ရေးရာကော်မတီဒုတိယဥက္ကဋ္ဌ လူမှုရေးရာဝန်ကြီး ဦးစောထွန်းအောင်က လူငယ်ရေးရာကဏ္ဍများအလိုက် ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြ၍ ပြည်ထောင်စုဝန်ကြီးက လူငယ်များအတွက် အားကစားပစ္စည်းများကို ပေးအပ်လှူဒါန်းကာ လူငယ်ခေါင်းဆောင်များက သိရှိလိုသည်များ မေးမြန်းဆွေးနွေးရာ ပြည်ထောင်စုဝန်ကြီးက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)
