Skip to main content

ကမ္ဘောဒီးယားနိုင်ငံ အစိုးရနှင့် ပြည်သူများက မြန်မာနိုင်ငံ အစိုးရနှင့် ပြည်သူများ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် အထောက်အကူပြု ပစ္စည်းများ လှူဒါန်း

နေပြည်တော် နိုဝင်ဘာ ၂၆

ကမ္ဘောဒီးယားနိုင်ငံ အစိုးရနှင့် ပြည်သူများက မြန်မာနိုင်ငံ အစိုးရနှင့် ပြည်သူများ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် အထောက်အကူပြုပစ္စည်းများ လှူဒါန်းမှုကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပြုလုပ်ရာ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ အတွင်းရေးမှူး (၂)၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက  လက်ခံခဲ့သည်။

လှူဒါန်းမှု အခမ်းအနား၌ ကမ္ဘောဒီးယားနိုင်ငံ၊ ကျန်းမာရေးဝန်ကြီး Professor Mam Bunheng က  ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ်ထံမှ မြန်မာနိုင်ငံ၏ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ထံသို့ နှုတ်ခွန်းဆက်စကား တစ်ဆင့်ပြန်လည်ပြောကြားအပ်ပါကြောင်း၊ ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ်မှ "ကမ္ဘောဒီးယားနိုင်ငံ နှင့် ညီရင်းအကိုသဖွယ်ချစ်ခင်သော မြန်မာနိုင်ငံမှ ပြည်သူများ ဘေးအန္တရာယ် ကင်းကာ ကျန်းမာကြစေရေးနှင့် ကိုဗစ်-၁၉ ကပ်ရောဂါကို ကျော်လွှားနိုင်ရေး ဆုမွန်ကောင်း တောင်းသည်"ကိုလည်း တစ်ဆင့်ပြန်လည် ပြောကြားအပ်ပါကြောင်။

ကမ္ဘောဒီးယားနိုင်ငံ အစိုးရနှင့် ပြည်သူများက မြန်မာနိုင်ငံ အစိုးရနှင့် ပြည်သူများ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် ဆေးပစ္စည်းကိရိယာများ လှူဒါန်း ပေးအပ်မှုအား ကိုယ်စားလှယ်အဖြစ်လာရောက်ရခြင်းကို ဝမ်းမြောက်ဂုဏ်ယူမိပါကြောင်း၊ ကမ္ဘောဒီးယား နိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် ရှေးကာလများစွာကပင် ချစ်ခင်ရင်းနှီးသော ဆက်ဆံရေး ရှိခဲ့ပြီး ယခုအခါ တွင်လည်း ငြိမ်းချမ်းရေး၊ လုံခြုံရေး၊ ရေရှည်တည်တံ့ဖွံ့ဖြိုးတိုးတက်ရေးနှင့် နှစ်နိုင်ငံ အကျိုးဖြစ်ထွန်းရေး ကိစ္စရပ်များအား နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု၊ နိုင်ငံစုံပူးပေါင်း ဆောင်ရွက်မှုနှင့် အာဆီယံပူးပေါင်း ဆောင်ရွက် မှုများဖြင့် အကောင်အထည်ဖော်လျက်ရှိပါကြောင်း။

ယခု (၂၀၂၀) ပြည့်နှစ်သည်ကမ္ဘောဒီးယားနိုင်ငံနှင့် မြန်မာနိုင်ငံတို့ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ထူထောင်သည့် (၆၅) နှစ်ပြည့်မြောက်သည့် နှစ်လည်းဖြစ်ပါကြောင်း၊ ယခုလှူဒါန်းမှုများသည် မျှော်မှန်းတွက် ဆရန်ခက်ခဲသော ကျန်းမာရေးနှင့် လူသားလုံခြုံမှုဆိုင်ရာ စိန်ခေါ်မှုများအား တစ်ကမ္ဘာလုံးရင်ဆိုင်နေရ ချိန်တွင် ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့် ချစ်ခင်ရင်းနှီးမှုနှင့် တစ်စိတ်တစ်ဝမ်းတည်း စည်းလုံး ညီညွတ်မှုများကို ဖော်ပြခြင်းတစ်ရပ်ဖြစ်ပါကြောင်း၊ မိမိအနေဖြင့် ကမ္ဘောဒီးယားနိုင်ငံနှင့် မြန်မာနိုင်ငံတို့၏ အစဉ်အလာချစ်ခင်ရင်းနှီးမှုနှင့် ပူးပေါင်း ဆောင်ရွက်မှုများမှ တစ်ဆင့် မိမိတို့နှစ်နိုင်ငံသည် ဒေသတွင်း ပြည်သူများအတွက် ဟန်ချက်ညီပြီး ရေရှည်တည်တံ့သော လူမှု-စီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသတွင်း ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အား အကောင်အထည်ဖော်နိုင်မည်ဟု ယုံကြည်ပါကြောင်း၊ မြန်မာနိုင်ငံသူ၊ နိုင်ငံသားအားလုံး ကျန်းမာချမ်းသာကာ ပျော်ရွှင်ကြပါစေရန် ဆုမွန်ကောင်း တောင်းအပ်ပါ ကြောင်း ပြောကြားသည်။

ထို့နောက် ကမ္ဘောဒီးယားနိုင်ငံ အစိုးရနှင့် ပြည်သူများကလှူဒါန်းသော  ပါးစပ်နှင့်နှာခေါင်းစည်း (၂) သန်း၊ Fabric Face Mask (၁) သိန်း၊ N 95 Mask (၂) သောင်း၊ Googgle (၂) သောင်း၊ တစ်ကိုယ်ရေ ရောဂါကာ ကွယ်ရေးဝတ်စုံ (PPE Set) (၂) သောင်း၊ Infrared temperature Manual Check (၅၀၀)၊ မျက်နှာအကာ (Face shield) (၂) သောင်း၊ အသက်ရှူစက် (Ventilator Machine for ICU set) (၂၀)၊ Patient monitor and accessory (၂၀)၊ ကလိုရင်းမှုန့် ပုံးပေါင်း (၅၀၀)၊ ရောဂါကာကွယ်ရေး ဘွတ်ဖိနပ် (၁,၀၀၀)နှင့် လက်ဆေးဆပ်ပြာရည် (၂,၀၀၀)တို့အား ကမ္ဘောဒီးယားနိုင်ငံ၊ ကျန်းမာရေးဝန်ကြီး Professor Mam Bunheng က ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးထံသို့ လွှဲပြောင်းပေးအပ်သည်။

ဆက်လက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ကျေးဇူးတင်စကား ပြောကြားရာတွင် ယခုကဲ့သို့ ကမ္ဘောဒီးယားနိုင်ငံ အစိုးရနှင့် ပြည်သူများက မြန်မာနိုင်ငံ အား ချစ်ခင်ရင်းနှီးမှုနှင့် တစ်စိတ်တစ်ဝမ်းတည်း စည်းလုံးညီညွတ်မှုများဖြင့် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် လှူဒါန်းမှုများအား ကျန်းမာရေးဝန်ထမ်းများနှင့် ပြည်သူများအားလုံး ကိုယ်စား ကျေးဇူးတင်ရှိပါကြောင်း၊ ကမ္ဘောဒီးယားနိုင်ငံမှ လှူဒါန်းပေးအပ်သည့် အသက်ရှူစက်များ၊ လူနာအခြေအနေစောင့်ကြပ်ကြည့်ရှုမှု စက်ပစ္စည်းကိရိယာများသည် ကိုဗစ်-၁၉ လူနာများအား ကုသမှုပေးရာတွင်လည်းကောင်း၊ ရောဂါကာကွယ်ရေး အသုံးအဆောင်ပစ္စည်းများသည် ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် ပြည်သူ့ကျန်းမာရေး လုပ်ငန်းများ လုပ်ဆောင်ရာနှင့် လူနာများအား ကိုင်တွယ်ကုသမှုပေးရာတွင်လည်းကောင်း များစွာ အထောက်အကူပြုမည် ဖြစ်ပါကြောင်း။

လက်ရှိတွင် မြန်မာနိုင်ငံ၌ တိုင်းဒေသကြီး/ ပြည်နယ်များတွင် ပါးစပ်နှင့်နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ရေး လူထုလှုပ်ရှားမှုစီမံချက်ကို အရှိန်အဟုန်ဖြင့်ဆောင်ရွက်လျက်ရှိရာ ယခုလှူဒါန်းသည့် ပါးစပ်နှင့် နှာခေါင်းစည်းများ၊ မျက်နှာအကာများစသည်တို့ကို အသုံးချဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ ယနေ့လှူဒါန်း မှုများကို သိရှိကြမည့် မြန်မာနိုင်ငံသားများအနေဖြင့်လည်း နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနှင့် စည်းလုံး ညီညွတ်မှုတို့ကို တွေ့မြင်သိရှိနိုင်ကြမည်ဖြစ်ပါကြောင်း၊ ယခုနှစ်သည် မြန်မာနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့ သံတမန်ဆက်ဆံရေးထူထောင်သည့် (၆၅) နှစ် မြောက်လည်းဖြစ်ပြီး နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု အရှိန်အဟုန် ပိုမိုမြင့်မားတိုးတက်ပါစေရန် ဆုမွန်ကောင်း တောင်းအပ်ပါကြောင်း ပြောကြားသည်။

ကမ္ဘောဒီးယားနိုင်ငံ အစိုးရနှင့် ပြည်သူများက မြန်မာနိုင်ငံ အစိုးရနှင့် ပြည်သူများ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် လှူဒါန်းသည့် အထောက်အကူပြုပစ္စည်းများ ကို ကမ္ဘောဒီးယားနိုင်ငံ လေကြောင်းလိုင်းမှ အထူးလေယာဉ် (၃) စီးဖြင့် လာရောက် ပို့ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။(သတင်းစဉ်)