နေပြည်တော် နိုဝင်ဘာ ၂၄
သတ္တမအကြိမ် မြန်မာအိန္ဒိယ ကုန်သွယ်ရေးပူးတွဲကော်မတီ အစည်းအဝေးကို ယနေ့ မွန်းလွဲ ၁၂ နာရီခွဲတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ညီလာခံခန်းမ၌ Virtual စနစ်ဖြင့် ကျင်းပသည်။
အစည်းအဝေးတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာသန်းမြင့်နှင့် အိန္ဒိယနိုင်ငံ Ministry of Commerce and Industry, Railways, Consumer Affairs, Food and Public Distribution ဝန်ကြီး Mr. Piyush Goyal တို့က ပူးတွဲ ဥက္ကဋ္ဌများအဖြစ် ဆောင်ရွက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ယခုကဲ့သို့ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ ကုန်သွယ်ရေး ပူးတွဲကော်မတီ အစည်းအဝေး ကျင်းပခြင်းအားဖြင့် မိမိတို့နှစ်နိုင်ငံ အကြား ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု၊ စိုက်ပျိုးမွေးမြူရေး၊ အထည်အလိပ်၊ ပို့ဆောင်ဆက်သွယ် ရေး၊ ဘဏ်လုပ်ငန်း စသည့်ကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်မှုများ အရှိန်အဟုန်ဖြင့် ပိုမိုတိုး တက်လာလိမ့်မည်ဟု မိမိအနေဖြင့် ယုံကြည်ပါကြောင်း၊ လက်ရှိဖြစ်ပေါ်နေသော ကိုဗစ်-၁၉ ကမ္ဘာ့ ကပ်ရောဂါကြောင့် ကမ္ဘာတစ်ဝန်းလုံးတွင် စီးပွားရေးအကျပ်အတည်းများ ကြုံတွေ့ လျက်ရှိရာ မိမိတို့နှစ်နိုင်ငံအကြား ယခုကဲ့သို့ပူးပေါင်းဆောင် ရွက်မှုများမှတစ်ဆင့် အခက်အခဲ များကို အတူလက်တွဲ၍ ရင်ဆိုင်ကျော်လွှားသွားနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ ယနေ့ အစည်းအဝေး၏ ရလဒ်များသည် နှစ်နိုင်ငံကုန်သွယ်မှုကို ပိုမိုတိုးမြှင့်ဆောင်ရွက်သွားရန်နှင့် ဖြစ်နိုင်ခြေရှိ သော ပူးပေါင်းဆောင်ရွက်မှု နယ်ပယ်များကို ရှာဖွေရန်အတွက် ခိုင်မာသောအုတ် မြစ်ဖြစ် လိမ့်မည်ဟုယုံကြည်ပါကြောင်း၊ မိမိတို့အနေဖြင့် အပြန်အလှန်အကျိုးဖြစ် ထွန်းစေ ရန်အတွက် ကုန်သွယ်ရေးနှင့်အခြားကဏ္ဍများတွင် အိန္ဒိယနိုင်ငံနှင့် နီးကပ်စွာ အပြုသဘော ဆောင်၍ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် အိန္ဒိယနိုင်ငံ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာန ဝန်ကြီး Mr. Piyush Goyal က နှစ်နိုင်ငံ ပင်လယ် ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေး အရှိန်အဟုန် မြှင့်တင်ရန်အတွက် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထို့ပြင် မြန်မာနှင့် အိန္ဒိယ နှစ်နိုင်ငံ ကုန်သွယ်မှုတိုးတက်စေရေးအတွက် MYANTRADE နှင့် India Trade Promotion Organization (ITPO) တို့အကြား နီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ အိန္ဒိယနိုင်ငံအနေဖြင့် မြန်မာနိုင်ငံတွင် ကဏ္ဍပေါင်းစုံ၌ ရင်းနှီးမြှုပ်နှံလျက်ရှိပါ ကြောင်း၊ မြန်မာနိုင်ငံ၏ အခြေခံအဆောက်အဦ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်း/တံတား စီမံကိန်းများကို ဆက်လက်ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုး တက်ပြီး ရေရှည်တည်တံ့ခိုင်မြဲရေး အတွက် အိမ်နီးချင်းကောင်းပီသစွာ ဖြင့် နည်းပညာဆိုင်ရာ အကူအညီအထောက်အပံ့များကို ဆက်လက်ပေးအပ်သွားမည် ဖြစ်ကြောင်းနှင့် ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုများတွင်သာမက အခြားကဏ္ဍများတွင်လည်း ဆက်လက်ပူးပေါင်းဆောင် ရွက်သွား ခြင်းအားဖြင့် နှစ်နိုင်ငံအကြား ကုန်သွယ်မှုများ တိုးတက်လာမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ညွှန်ကြားရေးမှူးချုပ် ဦးမင်းမင်းက ယခုအစည်းအဝေး မတိုင်မီ အောက်တို ဘာ ၁၆ ရက်တွင် ကျင်းပခဲ့သည့် နှစ်နိုင်ငံ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးတွင် နှစ်ဖက်ညှိနှိုင်းဆွေးနွေးခဲ့သော ကိစ္စရပ်များဖြစ်သည့် နှစ်နိုင်ငံ ကုန်သွယ်မှုပမာဏ တိုးတက် စေရေးအတွက် ပဲမျိုးစုံ အပါအဝင် မြန်မာပို့ကုန်များ အိန္ဒိယဈေးကွက်သို့ ပိုမိုတင် ပို့နိုင်ရေးနှင့် ကုန်သွယ်မှုလွယ်ကူ ချောမွေ့စေရေး၊ အိန္ဒိယနိုင်ငံအနေဖြင့် မြန်မာနိုင်ငံတွင် လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍအပါအဝင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေး၊ ကုန်စည်ပြပွဲများ၊ စီးပွားရေးတွေ့ဆုံဆွေးနွေးပွဲများ ကျင်းပခြင်းဖြင့် နှစ်နိုင်ငံ ကုန်သွယ်မှုမြှင့် တင်နိုင်ရေး၊ မြန်မာနှင့်အိန္ဒိယ နိုင်ငံတို့အကြား နယ်နိမိတ်ကိစ္စရပ်များ ရှင်းလင်းပြီးသည့် နေရာများတွင် နယ်စပ်ဈေးများ ဖွင့်လှစ်သွားနိုင်ရေး၊ မြန်မာ့အထည်အလိပ်ကဏ္ဍ ဈေးကွက်ပိုမို တိုးချဲ့နိုင် ရေးအတွက် အိန္ဒိယနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေးနှင့် စိုက်ပျိုး မွေးမြူရေး ကဏ္ဍတွင် အိန္ဒိယနိုင်ငံမှ နည်းပညာအကူအညီများ ထောက်ပံ့ပေးနိုင်ရေး၊ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ ကုန်စည်စီးဆင်းမှု လွယ်ကူလျင်မြန်စေရေးအတွက် ကုန်သွယ်မှုလမ်းကြောင်း တစ်လျှောက်ရှိ လမ်း/ တံတားစီမံကိန်းများအား အိန္ဒိယနိုင်ငံ၏ အကူအညီဖြင့် အဆင့်မြှင့် တင်နိုင်ရေး၊ နှစ်နိုင်ငံ ဘဏ်များအကြား ပိုမိုနီးကပ်စွာပူးပေါင်းဆောင် ရွက်ရေး၊ အိန္ဒိယနိုင်ငံ အနေဖြင့် ASEAN India Trade in Goods Agreement အား Review ပြုလုပ်နိုင်ရေး အပါအဝင် နှစ်နိုင်ငံအကြား ကုန်သွယ်မှုတိုးတက် စေရန်အတွက် အလားအလာရှိသည့် နယ်ပယ်များတွင် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားနိုင်ရေးကိစ္စရပ်များပေါ် ဆွေးနွေးညှိနှိုင်းရရှိမှုများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် နှစ်နိုင်ငံဝန်ကြီးများက အဆင့်မြင့်အရာရှိကြီးများအစည်းအဝေး ဆွေးနွေး ချက်ပါ ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့ကြပြီး အိမ်နီး ချင်းနိုင်ငံများဖြစ်သည့် အားလျော်စွာ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုကို အခြေခံ၍ နှစ်နိုင်ငံ ကုန်သွယ်မှု တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် ကဏ္ဍစုံ၌ အပြန်အလှန်အကျိုး ဖြစ်ထွန်းစေ မည့်ကိစ္စရပ်များတွင် ယခုထက်ပိုမိုပူးပေါင်းဆောင်ရွက်သွားကြရန် မှာကြားသည်။
အဋ္ဌမအကြိမ် မြန်မာ-အိန္ဒိယ ကုန်သွယ်ရေးပူး တွဲကော်မတီအစည်းအဝေးကို အိန္ဒိယ နိုင်ငံ နယူးဒေလီမြို့တွင် လာမည့်နှစ် အတွင်း နှစ်ဖက်အဆင်ပြေသည့်အချိန်၌ ကျင်းပသွား ရန်ညှိနှိုင်းခဲ့ကြသည်။
အစည်းအဝေးသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူး၊ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး Mr. Saurabh Kumar နှင့် နှစ်နိုင်ငံ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက် ရောက်ခဲ့ကြသည်။
(သတင်းစဉ်)