နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပုဒ်မ ၂၈၉ တွင် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု၏ အုပ်ချုပ်ရေးကို ရပ်ရွာက ကြည်ညိုလေးစားပြီး သိက္ခာသမာဓိရှိသည့် ပုဂ္ဂိုလ်တစ်ဦးဦးကို ဥပဒေနှင့်အညီ ခန့်အပ်တာဝန်ပေးဆောင်ရွက်စေရမည်ဟူ၍ ပြဋ္ဌာန်းထားသည်။ ရပ်ကွက်၊ ကျေးရွာဆိုသည်မှာ နိုင်ငံ၏ အခြေခံအကျဆုံးသော အစိတ်အပိုင်းကလေးများဖြစ်ကြပြီး ရပ်ရွာအုပ်ချုပ်ရေးဆိုသည်မှာလည်း ပြည်သူများနှင့် နေ့စဉ်တိုက်ရိုက်ထိတွေ့နေရခြင်းဖြစ်သည့်အလျောက် အရေးကြီးသည်။
“အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ပတ်သက်၍ ပြည်သူများနှင့် အဓိကထိတွေ့ဆောင်ရွက်လျက်ရှိသည့် ရပ်ကွက်ကျေးရွာအဆင့်၊ မြို့နယ်အဆင့်များ၌ တာဝန်ယူထားရသည့် အုပ်ချုပ်ရေးအဖွဲ့အစည်းများအနေဖြင့်လည်း နိုင်ငံတော်မှချမှတ်ထားသည့် စည်းမျဉ်း စည်းကမ်းများ၊ ဥပဒေများ၊ အုပ်ချုပ်ရေးအခြေခံသဘောတရားများကို သိရှိနားလည်သော စွမ်းရည်ရှိသည့် အုပ်ချုပ်ရေးအဖွဲ့အစည်းများ ဖြစ်ကြရန်လိုကြောင်း၊ ထို့ပြင် အုပ်ချုပ်ရေးအဖွဲ့များအနေဖြင့် အဂတိများကင်းရှင်းရန်လိုကြောင်း၊ ထို့ကြောင့် စွမ်းရည်ရှိသည့် အုပ်ချုပ်ရေးအဖွဲ့များဖြစ်အောင် စနစ်တကျလေ့ကျင့်ဆောင်ရွက်ပေးသွားရန်လိုကြောင်း” ဧပြီ ၂၁ ရက်တွင် ကျင်းပသည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေး၌ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။
မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် မြို့နယ်ပေါင်း ၃၃၀ ရှိပြီး ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ စာရင်းအရ ရပ်ကွက်ပေါင်း ၃၄၇၀ နှင့် ကျေးရွာ အုပ်စုပေါင်း ၁၃၅၉၀ ကျော်ရှိသည်။ ကျေးရွာပေါင်း ၆၃၂၁၄ ရွာ ရှိသည်။ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများမှာ အဆင့်တူများဖြစ်ပြီး ရပ်ကွက်နှင့် ကျေးရွာအုပ်စုများကိုပေါင်းလျှင် နိုင်ငံတစ်ဝန်းလုံး၌ ၁၇၈၀၉ ခုရှိသည်။ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု၏ အုပ်ချုပ်ရေးဆိုင်ရာလုပ်ငန်းများကို ဆောင်ရွက်ရာတွင် ယခင်က ကိုလိုနီခေတ်တွင် ပြဋ္ဌာန်းခဲ့သည့် မြို့များအက်ဥပဒေ (၁၉၀၇ ခုနှစ်၊ မြန်မာနိုင်ငံ အက်ဥပဒေအမှတ် ၃) နှင့် ကျေးရွာအက်ဥပဒေ (၁၉၀၇ ခုနှစ်၊ မြန်မာနိုင်ငံအက်ဥပဒေအမှတ် ၆) တို့ကို ကျင့်သုံးခဲ့သော်လည်း မျက်မှောက်ကာလတွင်မူ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေ (၂၀၁၂ ခုနှစ်၊ ပြည်ထောင်စု လွှတ်တော်ဥပဒေ အမှတ် ၁) နှင့်အညီ ကျင့်သုံးဆောင်ရွက်နေခြင်း ဖြစ်သည်။
ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေတွင် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုများဖွဲ့စည်းရေး၊ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၊ ကျေးရွာတာဝန်ခံ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးတို့တွင် ပြည့်စုံရမည့် အရည်အချင်းများ၊ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးခန့်အပ်တာဝန်ပေးခြင်း၊ ၎င်းအုပ်ချုပ်ရေးမှူးတို့ လိုက်နာစောင့်ထိန်းရမည့် ကျင့်ဝတ်များ၊ ၎င်းအုပ်ချုပ်ရေးမှူးတို့ လုပ်ငန်းတာဝန်များ ဆောင်ရွက်ရာတွင် အခြေခံရမည့်မူများ၊ ၎င်းအုပ်ချုပ်ရေးမှူးတို့၏ လုပ်ငန်းတာဝန်များ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးတို့ နုတ်ထွက်ခွင့်ပြုခြင်း၊ တာဝန်မှယာယီရပ်ဆိုင်းခြင်း သို့မဟုတ် ရပ်စဲခြင်းနှင့် အစားထိုးခန့်အပ်ခြင်းဆိုင်ရာများ၊ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအတွင်း နေထိုင်သူ၏ တာဝန်ဝတ္တရားများ၊ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအတွင်း နေထိုင်သူများ၏ အခွင့်အရေးများ၊ ပြစ်မှုနှင့် ပြစ်ဒဏ်များ၊ ချီးမြှင့်ထောက်ပံ့ငွေ၊ ရုံးအသုံးစရိတ်များ၊ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုစာရေး၊ သက်ဆိုင်ရာရဲတပ်ဖွဲ့စခန်းသည် ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ၏ လုပ်ငန်းတာဝန်များ ဆောင်ရွက်ရာတွင် ပံ့ပိုးဆောင်ရွက်ပေးရမည့် တာဝန်များ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးက မိမိလုပ်ငန်းတာဝန်များ ထိရောက်စွာ ဆောင်ရွက်နိုင်ရန် လိုအပ်သော အထောက်အကူရရှိရေး မြို့နယ်အုပ်ချုပ်ရေးမှူးထံ တင်ပြစီမံဆောင်ရွက်နိုင်ခြင်းများကို ပြဋ္ဌာန်းထားရာ ရပ်ရွာနေပြည်သူများအားလုံးပါ လေ့လာသိရှိထားသင့်သည့် ဥပဒေဖြစ်သည်။
အဆိုပါဥပဒေအရ ရပ်ရွာများ အေးချမ်းသာယာရေး၊ တရား ဥပဒေစိုးမိုးရေးနှင့် စနစ်တကျဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ရပ်ရွာအုပ်ချုပ်ရေးအဖွဲ့များ၊ ရပ်ရွာနေပြည်သူများနှင့် မြို့နယ်အုပ်ချုပ်ရေး၊ မြို့နယ်ရဲတပ်ဖွဲ့တို့ ညီညွတ်စွာ ပူးပေါင်းဆောင်ရွက်မှု လိုအပ်သည်ကို နားလည်နိုင်သည်။ သက်ဆိုင်ရာတာဝန်ရှိသူတို့အကြား အဂတိ (၄) ပါးမှ တစ်ပါးပါးလိုက်စားခြင်းက ရပ်ရွာအုပ်ချုပ်ရေးကို ဟန်ချက်မညီ တိမ်းပါးစေနိုင်သည်။ အဂတိမကင်းသော ရပ်ရွာအုပ်ချုပ်ရေးသည် ရပ်ရွာနေပြည်သူတို့၏ လေးစားယုံကြည်မှုကို ဆုံးရှုံးစေနိုင်သည်သာမက နိုင်ငံ့တာဝန်ထမ်းဆောင်နေရသည့် အစိုးရကိုပါ ပုံရိပ်ညှိုးနွမ်းစေသည်။ သို့ဖြစ်ရာ ပြည်သူများနှင့်အတူ နေထိုင်ပြီး ပြည်သူများနှင့် နေ့စဉ်ထိတွေ့နေရသည့် ရပ်ရွာနှင့် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့အစည်းများအနေဖြင့် စွမ်းရည်ပြည့်ဝရန် ဖြည့်ကျင့်ခြင်း၊ အဂတိကင်းရှင်းရန် ရှောင်ကြဉ်ခြင်းဖြင့် ပြည်သူများ၏ ယုံကြည်ကိုးစား၊ လေးစားချစ်ခင်မှုကို ရယူနိုင်ကြပါစေကြောင်း။ ။
