Skip to main content

လုပ်ငန်းခွင်ထိခိုက်မှုကြောင့် ဆေးကုသမှုခံယူရင်းမှ ကွယ်လွန်ခဲ့ရသည့် မြန်မာအလုပ်သမားမောင်စန်းယု၏ ကိစ္စရပ်များကို အလုပ်သမားဝန်ကြီးဌာနနှင့် မြန်မာသံရုံး ဆိုးလ်တို့က လိုအပ်သည်များ ကူညီဆောင်ရွက်ပေး

ဆိုးလ် ဧပြီ ၂

ကိုရီးယားသမ္မတနိုင်ငံ ဂယောင်းဂီပြည်နယ် ဟွာဆောင်းမြို့ရှိ သတ္တုပစ္စည်းနှင့် အစိတ်အပိုင်းများ ထုတ်လုပ်သော MARU TECH စက်ရုံ၌ တရားဝင်လာရောက်အလုပ်လုပ်ကိုင်လျက်ရှိသည့် မြန်မာအလုပ်သမားမောင်စန်းယုသည် မတ် ၂၄ ရက်တွင် အလုပ်လုပ်ကိုင်နေစဉ် စက်အတွင်း ခန္ဓာကိုယ်ညပ်ဝင်သွားခဲ့ပြီး ဦးခေါင်းခွံနှင့်မျက်ရိုးများ ကျိုးပဲ့ခြင်း၊ လည်ပင်းဆစ်ရိုးလွဲသွားခြင်း စသည့်ဒဏ်ရာများရရှိခဲ့ရာမှ ဦးနှောက်တွင်းသွေးယိုစိမ့်ခြင်း၊ အောက်ဆီဂျင်မရရှိခြင်းတို့ကြောင့် နှလုံးရပ်တန့်သွားခဲ့သည်။

အလုပ်ရှင်က ဆူဝမ်မြို့ Ajou တက္ကသိုလ်ဆေးရုံသို့ အရေးပေါ်ပို့ဆောင်ပေးခဲ့ရာ Cardiac Arrest ကုသမှုဖြင့် နှလုံးပြန်ခုန်ရန် ပြန်လည်ပြုလုပ်နိုင်ခဲ့သော်လည်း အဆုတ်နှင့် သွေးကြောမကြီးများတွင် ဒဏ်ရာရရှိခြင်းနှင့်အတူ နှလုံးခုန်နေမှုသာရှိပြီး ဦးနှောက်အလုပ်မလုပ်တော့သည့် အခြေအနေတွင် အလုပ်ရှင်က မြန်မာသံရုံး ဆိုးလ်မြို့သို့ မတ် ၂၇ ရက်က ဆက်သွယ်လာခဲ့သည်။

မြန်မာသံရုံး ဆိုးလ်မြို့က သက်ဆိုင်ရာနှင့် ဆက်သွယ်ပြီး သံရုံးရှိ အလုပ်သမားသံအရာရှိက ဆူဝမ်မြို့ရှိ Ajou တက္ကသိုလ်ဆေးရုံသို့ မတ် ၂၈ ရက်တွင် သွားရောက်ကာ ဆေးရုံတာဝန်ရှိသူများနှင့် တွေ့ဆုံမေးမြန်းခြင်း၊ ICU ခန်းအတွင်းရှိ လူနာ၏ အခြေအနေကို ကြည့်ရှုခြင်းဆောင်ရွက်ရာ မြန်မာအလုပ်သမားလူနာသည် နှလုံးခုန်နေရုံမျှသာရှိနေပြီး ဆေးအထောက်အကူပစ္စည်းများဖြင့်သာ အသက်ရှင်နေသည့် အနေအထားတွင်ရှိနေကြောင်း သိရှိခဲ့ရသည်။

တစ်ဆက်တည်းမှာပင် ဆိုးလ်မြို့၌ အလုပ်လုပ်ကိုင်နေသည့် ဆွေမျိုးသားချင်းတော်စပ်သူများထံ ဆက်သွယ်ပြီး လူနာအခြေအနေကို ရှင်းပြခြင်း၊ မြန်မာနိုင်ငံမှ ဇနီးဖြစ်သူ ဒေါ်အိအိသွယ်ထံ Video Call ခေါ်ဆို၍ အခြေအနေရှင်းပြခြင်းများ ဆောင်ရွက်ကာ မောင်စန်းယု၏ ဆေးကုသမှု ခံယူနေမှုနှင့် စပ်လျဉ်း၍ အဆုံးအဖြတ်ပေးနိုင်သည့် ဇနီးဖြစ်သူ၏ ဆန္ဒအရ ဆိုးလ်မြို့သို့ လာရောက်နိုင်ရေးအတွက် မြန်မာသံရုံးဆိုးလ်မြို့က ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံရုံး (ရန်ကုန်မြို့) ထံ ဆက်သွယ်ကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

မောင်စန်းယုသည် မတ် ၃၁ ရက် နံနက် ၉ နာရီခွဲတွင် ကွယ်လွန်သွားခဲ့ရာ ဇနီးဖြစ်သူနှင့် အဒေါ်ဖြစ်သူတို့ ဆိုးလ်မြို့သို့လိုက်လာသည့်ခရီးစဉ် အဆင်ပြေချောမွေ့စေရေးအတွက် အလုပ်သမားဝန်ကြီးဌာန၊ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီက လိုက်ပါကူညီဆောင်ရွက်ပေးခဲ့သည်။ ကွယ်လွန်သူ၏ ဇနီး ဒေါ်အိအိသွယ်နှင့် အဒေါ်တို့သည် ဆိုးလ်မြို့သို့ ယနေ့မွန်းလွဲပိုင်းတွင် ရောက်ရှိလာရာ မြန်မာသံရုံး၊ အလုပ်သမားသံအရာရှိက အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်၌ သွားရောက်ကြိုဆိုခဲ့သည်။

သံရုံးယာယီတာဝန်ခံ/သံအမတ်ကြီး ဦးမျိုးမြင့် မောင်ကကွယ်လွန်သူ၏ ဇနီးဖြစ်သူနှင့် အဒေါ်ဖြစ်သူတို့အား တွေ့ဆုံ၍ အားပေးစကားပြောကြားပြီး လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့သည်။ မောင်စန်းယုသည် နိုင်ငံတော်အစိုးရ၏ ခွင့်ပြုချက်ဖြင့် တရားဝင်လာရောက် အလုပ်လုပ်ကိုင်သူဖြစ်၍ လုပ်ငန်းခွင်အတွင်းထိခိုက်မှုကြောင့် သေဆုံးခဲ့ရမှုအတွက် ရသင့်ရထိုက်သည့် အခွင့်အရေးများ အပြည့်အဝရရှိရေး သက်ဆိုင်ရာနှင့် ချိတ်ဆက်ပြီး ဆက်လက်ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

မြန်မာသံရုံး ဆိုးလ်မြို့သည် ကိုရီးယားသမ္မတနိုင်ငံ၌ ရောက်ရှိနေသည့် တရားဝင်အလုပ်လုပ်ကိုင်နေသူအလုပ်သမားများ၊ ပညာတော်သင်များအပါအဝင် အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနေသော မြန်မာနိုင်ငံသားများ၏ အရေးကိစ္စနှင့်ပတ်သက်၍ သိရှိရမှုအပေါ်မူတည်ပြီး လိုအပ်သည့်ကူညီဆောင်ရွက်မှုများ၊ ချိတ်ဆက်ညှိနှိုင်းပေးမှုများ လုပ်ဆောင်ပေးလျက်ရှိကြောင်း သိရသည်။

သတင်းစဉ်