Skip to main content

ရခိုင်ပြည်နယ် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ အစည်းအဝေး ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့်ကျင်းပ

စစ်တွေ နိုဝင်ဘာ ၂၁

ရခိုင်ပြည်နယ် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ ၏ (၂/၂၀၂၀) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နိုဝင်ဘာ ၁၈ ရက်က စစ်တွေမြို့ရှိ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်း အဝေးခန်းမ၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ပြုလုပ်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့် ကော်မတီဝင်များ တက်ရောက်ဆွေးနွေးကြသည်။

အစည်းအဝေးတွင် ရခိုင်ပြည်နယ် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ပြည်နယ်၏ ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန် ကော်မတီကို ဖွဲ့စည်းပြီးချိန်မှစ၍ ပြည်နယ်အတွင်း ခရီးစဉ် ဒေသအသီးသီးတွင် ဟိုတယ်နှင့် ခရီးသွားကဏ္ဍ စနစ်တကျ နှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်လာအောင် ဆောင်ရွက်သင့်သည့် လုပ်ငန်းများကို ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးနိုင်ခဲ့သည့်အပြင်လိုအပ်သည့် မူဝါဒများ ချမှတ်ခြင်းနှင့် ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်ကြမည့် ဟိုတယ်တည်ဆောက်ရေးစီမံကိန်း လုပ်ငန်းများအပေါ် အထောက်အပံ့ကောင်းများပေးခြင်း တို့ကို ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ဟိုတယ်နှင့် တည်းခိုရိပ်သာ လုပ်ငန်း တည်ဆောက်ခွင့် ကြိုတင်ခွင့်ပြုမိန့် ၁၂ ခု၊ ဟိုတယ် လုပ်ငန်းလိုင်စင် ရှစ်ခု၊ တည်းခိုရိပ်သာလုပ်ငန်းလိုင်စင် ၂၀ နှင့် ခရီးလှည့်လည်ရေးလိုင်စင် လေးခုတို့ကို စိစစ်ပြီး ခွင့်ပြုပေးနိုင်ခဲ့ကြောင်း ပြောကြားသည်။

ထို့အပြင် ဟိုတယ်နှင့် တည်းခိုရိပ်သာလိုင်စင်သက်တမ်း တိုးခြင်း၊ ခရီးလှည့်လည်ရေးလိုင်စင် သက်တမ်း တိုးခြင်း၊ ဧည့်လမ်းညွှန်လိုင်စင်နှင့် ဒေသဆိုင်ရာ ဧည့်လမ်းညွှန်လိုင်စင်များ စိစစ်ခွင့်ပြုခြင်းတို့ကိုလည်း ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ ပြည်နယ်အတွင်း ခရီးသွားလာရေးလုပ်ငန်း ပို၍ဖွံ့ဖြိုးတိုးတက်လာအောင် ရှိရင်းစွဲခရီးစဉ်နေရာ များကို ရေရှည်တည်တံ့အောင် ထိန်းသိမ်းခြင်း၊ ခရီးစဉ် နေရာသစ်များ ဖော်ထုတ်ခြင်း၊ ခရီးသွားဧည့်သည်များ လွယ်ကူစွာ သွားလာနိုင်အောင် စီစဉ်ပေးခြင်း၊ ခရီးစဉ်များကို ပြည်တွင်းပြည်ပမှ ကျယ်ပြန့်စွာ သိရှိအောင် မြှင့်တင် ကြော်ငြာနိုင်ရန် စီစဉ်ခြင်း၊ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက် လာအောင် ကာလတို၊ ကာလရှည် လုပ်ငန်းအစီအမံများ ရေးဆွဲချမှတ်ခြင်း၊ ခရီးစဉ်ဒေသနှင့် လိုက်လျောညီထွေ ရှိသည့် အမိန့်၊ ညွှန်ကြားချက်များကို စီစဉ်ရေးဆွဲထုတ်ပြန် ခြင်းနှင့် ဒေသတွင်းရှိလူငယ်များ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းစဉ်များကို အားလုံးပူးပေါင်းပြီး လုပ်ဆောင်သွားရမည်ဖြစ်ကြောင်းလည်း ဝန်ကြီးချုပ်က ဆက်လက်ပြောကြားသည်။

ထို့နောက် ကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်နယ်ဘဏ္ဍာ ရေး၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးကျော်အေး သိန်းက ခရီးသွားလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးစေရန် လုပ်ဆောင်ရမည့် အခြေအနေများကို ရှင်းလင်းပြောကြားပြီး ကော်မတီ အတွင်းရေးမှူး ပြည်နယ်ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာနမှူး ဦးရဲအောင်မိုးက ယခင် ကော်မတီအစည်းအဝေးမှ ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု အခြေအနေနှင့် ကော်မတီက ဆုံးဖြတ် ပေးရမည့် သက်ဆိုင်ရာ ဝန်ဆောင်မှုကဏ္ဍအလိုက် လုပ်ငန်းလိုင်စင် လျှောက်ထားခြင်းများကို တင်ပြကာ ကော်မတီဝင်များက ပြည်နယ်အတွင်း ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကဏ္ဍ ရေရှည်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဝိုင်းဝန်းဆွေးနွေးခဲ့သည်။

တင်ထွန်း (ပြန်/ဆက်)