Skip to main content

လယ်ဝေးမြို့နယ်အတွင်း တည်ဆောက်မည့် အုတ်ကြွပ်အမိုးပြားနှင့်အုတ်စက်ရုံ ပန္နက်တင်မင်္ဂလာအခမ်းအနားကျင်းပ

နေပြည်တော် မတ် ၅

“ပုလဲဥ” အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းလီမိတက်၏ အုတ်ကြွပ်အမိုးပြားနှင့်အုတ် စက်ရုံပန္နက်တင်မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းက လယ်ဝေးမြို့နယ် ရွှေပြည်အေးကျေးရွာအုပ်စု အမှတ်(၁၇၉၉/ခ)ကွင်း၌ ကျင်းပရာ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ဒုတိယဝန်ကြီး ဦးသိုက်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် “ပုလဲဥ” အထွေထွေစီးပွားရေးလုပ်ငန်းသမဝါယမအသင်းလီမိတက်၏ အုတ်ကြွပ်အမိုးပြားနှင့် အုတ်စက်ရုံတည်ဆောက်မည့်မြေနေရာ၌ ပန္နက်တင်ပေးကြသည်။

ထို့နောက် “ပုလဲဥ” အထွေထွေစီးပွားရေးလုပ်ငန်းသမဝါယမအသင်းလီမိတက် တာဝန်ရှိသူများက စက်ရုံတည်ဆောက်မည့်အစီအစဉ်များနှင့် ဆက်လက်ဆောင်ရွက်မည့်အစီအစဉ်များကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လုပ်ထုံးလုပ်နည်းများနှင့်အညီ လုပ်ငန်းများအချိန်တိုအတွင်း ဆောလျင်စွာပြီးစီးရေး တွန်းအားပေးဆောင်ရွက်သွားရန်နှင့် ထွက်ရှိလာသော ထုတ်ကုန်များဈေးကွက်ရရှိရေး ကြိုတင်ချိတ်ဆက်ဆောင်ရွက်ထားကြရန် မှာကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လယ်ဝေးမြို့နယ် မြွေရိုးကျောင်းစုကျေးရွာအုပ်စု ရုံးတောကျေးရွာသို့ရောက်ရှိကာ ရွှေဝါထွန်း(၂)စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းလီမိတက်ပိုင်မြေပေါ်၌ ရွှေဝါထွန်း (၂) စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းနှင့် မျိုးဇမ္ဗူကုမ္ပဏီတို့ အကျိုးတူပူးပေါင်းဆောင်ရွက်မည့် ဥစားကြက်မွေးမြူရေးလုပ်ငန်းမှ ကြက်ခြံတည်ဆောက်နေမှု၊ ရွှေဝါထွန်း(၂)စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းနှင့် ခေတ်ရှေ့ဆောင်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းလီမိတက်တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် လယ်ယာသုံးစက်ကိရိယာ အရောင်းပြခန်းနှင့် လယ်ယာသုံးစက်ပစ္စည်း အသစ်တပ်ဆင်/ အဟောင်းပြုပြင်အလုပ်ရုံ၌ မျိုးစေ့ချကိရိယာများ တပ်ဆင်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက ကြက်ခြံတည်ဆောက်ခြင်းလုပ်ငန်းများ လုပ်ထုံးလုပ်နည်းများနှင့်အညီ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေးနှင့် မျိုးစေ့ချကိရိယာများအား နွေစပါးစိုက်ပျိုးချိန်အမီ အသင်းသားတောင်သူများ လက်ဝယ်ရောက်ရှိရေး အလေးထားဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်