ရန်ကုန် မတ် ၃
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်ရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ရေကူးအသံလွှင့်စက်ရုံကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ဖြည့်ဆည်းဆောင်ရွက်ပေး
ဦးစွာ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားညွှန်ကြားရေးမှူးချုပ်က ရေကူးအသံလွှင့်စက်ရုံ၏ ဧရိယာ ၁၃၁ ဧကခန့်တွင် အရှည်ပေ ၇၈၅၀ ကို အုတ်တံတိုင်းကာရန်ထားရှိပြီ အရှည် ၁၁၈၉ ပေတွင် အုတ်တံတိုင်းကာရန် လိုအပ်မှုအတွက် လာမည့်ဘတ်ဂျက်ဖြင့် ကာရန်နိုင်ရန် တင်ပြလျာထားဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုအခါ အုတ်တံတိုင်း အရှည်ပေ ၄၈၅၀ တွင် ဆေးပြန်လည်သုတ်ခြင်း၊ ယင်းအပေါ်တွင် သွပ်ဆူးကြိုးငါးတန်းတပ်ဆင်နေခြင်းများ ဆောင်ရွက်နေပါကြောင်း၊ ထိုပြင်နှစ်စဉ်ပွင့်လင်းရာသီ၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ချုံနွယ်နှင့် မြက်ခင်းဧရိယာဧက ၆၀ ခန့်ကို လယ်ထွန်စက်၊ မြေထွန်စက်ဖြင့် ရှင်းလင်း၍ မီးတားပြုလုပ်ခဲ့ရာ ယခုနှစ်တွင်လည်း အလားတူ ဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း၊ မီးဘေးလုံခြုံရေးစီမံချက်နှင့်အညီ မီးသတ်ဆေးဘူးများ၊ မီးငြှိမ်းသတ်မည့် ကိရိယာ၊ မီးသတ်ရေစနစ်၊ လျှပ်စစ်မီးသွယ်တန်းထားရှိမှုနှင့် စနစ်တကျအသုံးပြုမှု၊ ကြိုတင်ပြင်ဆင်မှုနှင့် စစ်ဆေးမှု၊ သရုပ်ပြလေ့ကျင့်မှုတို့နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက စက်ရုံတွင် လျှပ်စစ်မီးအသုံးပြုမှုအပြင် အိမ်ထောင်သည် လိုင်းများတွင်လည်း စနစ်တကျ မီးအသုံးပြုရေးအပါအဝင် လုံခြုံရေးကိစ္စများနှင့် အခြားလိုအပ်သည်များ မှာကြားပြီး ဖြည့်ဆည်းဆောင်ရွက်ပေး သည်။
ထောက်ပံ့ငွေပေးအပ်ချီးမြှင့်
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်မြို့ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်ရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား တိုးကြောင်ကလေးဝန်ထမ်းအိမ်ရာကို ရောက်ရှိပြီး မီးဘေးလုံခြုံရေးအထူးဂရုပြု ဆောင်ရွက်ရန် မှာကြားကာ ဝန်ထမ်းများအတွက် ထောက်ပံ့ငွေပေးအပ်ချီးမြှင့်ခဲ့သည်။
သတင်းစဉ်
