နေပြည်တော် မတ် ၂
ရခိုင်ပြည်နယ် စစ်တွေမြို့ ရန်အောင်ဇေယျ သုခမင်္ဂလာစေတီတော် ဗုဒ္ဓဥယျာဉ်တော်ပရိဝုဏ်အတွင်းရှိ ရှင်သီဝလိနှင့် အရှင်ဥပဂုတ္တရဟန္တာမထေရ်မြတ်နှစ်ပါး ဆင်းတုတော်ကျောင်းဆောင်နှင့် ဇေယျမင်္ဂလာကန်တော်ဆယ်ယူ၍ ကန်ပေါင်မြှင့်ခြင်း ရေစက်ချအလှူတော်မင်္ဂလာပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါစေတီတော်၌ပြုလုပ်ရာ အဆိုပါ မြို့ရှိ တပ်ဦးဆုတောင်းပြည့်ပရိယတ္တိစာသင်တိုက် ပဓာနနာယက ဆရာတော်အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဉာဏဝံသအမှူးပြုသည့် ဆရာတော် သံဃာတော်များ ကြွရောက်တော်မူကြပြီး ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကျော်စွာဦးနှင့် ပြည်နယ်ဝန်ကြီးများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ မြို့မိမြို့ဖများ တက်ရောက်ကြသည်။
ဦးစွာ စစ်တွေမြို့ရွှေစေတီကျောင်းတိုက် ပဓာန နာယကဆရာတော် အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တအရိယဝံသကဦးဆောင်၍ အလှူတော်မင်္ဂလာအခမ်းအနားအစီအစဉ်အတိုင်းပူဇော်ကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် အလှူရှင်များက ရဟန္တာမထေရ်မြတ်နှစ်ပါးတို့၏ ဆင်းတုတော်၊ ဇေယျမင်္ဂလာကန်တော်အား အမွှေးနံ့သာ ရည်များပက်ဖျန်းကာ ဇိဝိတဒါနငါးနှင့်လိပ်များ လွှတ်ပေးကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက တပ်ဦးဆုတောင်းပြည့် ပရိယတ္တိစာသင်တိုက် ပဓာနနာယက ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်သံဃာတော်များ ရွတ်ပွားချီးမြှင့်တော်မူသည့် ပရိတ်တရားတော်များ နာယူကြည်ညိုကြ သည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် အလှူရှင်များက ဆရာတော်သံဃာတော်များအား လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းပြီး ရွှေစေတီပရိယတ္တိကျောင်းတိုက်ဆရာတော် အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တအရိယ ဝံသထံမှ အနုမောဒနာတရားနာယူကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် အလှူရှင်များက ဆရာတော်သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြကြောင်း သိရသည်။
သတင်းစဉ်
