Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် (၉၇)ကြိမ်မြောက် အတုလဗုဒ္ဓမဟာစွယ်တော်မြတ် ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲ၌ ဗုဒ္ဓစွယ်တော်မြတ်အား ပင့်ဆောင်ကြည်ညို

နေပြည်တော် ဖေဖော်ဝါရီ ၂၇

ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြို့နယ် ကျုံမငေးမြို့ရှိ အတုလဗုဒ္ဓ မဟာစွယ်တော်မြတ်၏ (၉၇) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲကို ယနေ့မွန်းတည့် ၁၂ နာရီက မြတ်စွယ်တော် ဘုရားတန်ဆောင်း၌ကျင်းပသည်။

အခမ်းအနားသို့ မြတ်စွယ်တော်ဈေးကျောင်း ပရိယတ္တိစာသင်တိုက် ဦးစီးပဓာနမဟာ နာယက ဩဝါဒါစရိယ ဆရာတော် ဘဒ္ဒန္တ ပညာဇောတအမှူးပြုသော ဩဝါဒါစရိယ ဆရာတော်ကြီးများ ကြွရောက်တော်မူကြပြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင် မောင်ဝင်းနှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြတ်စွယ်တော်ဂေါပက အဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူများ တက်ရောက် ကြည်ညိုကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက မြတ်စွယ်တော်ဈေးကျောင်း ပရိယတ္တိဆရာ တော်ကြီးထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး အနုမောဒနာ တရားနာကြားကြကာ ဆရာတော်ကြီးများအား ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် မြတ်စွယ်တော်အတွက် နဝကမ္မအလှူငွေများကို ပေးအပ်လှူဒါန်းကြရာ မြတ်စွယ်တော်ဂေါပကအဖွဲ့ဝင်များက လက်ခံရယူကြသည်။

ယင်းနောက် (၉၇) ကြိမ်မြောက် အတုလဗုဒ္ဓမဟာ စွယ်တော်မြတ် ဗုဒ္ဓပူဇနိယပွဲတော်ကို မြတ်စွယ်တော်ဈေးကျောင်း ပရိယတ္တိစာသင်တိုက်ဆရာတော်၊ ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသ ကြီး ဝန်ကြီးချုပ်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။

ဆက်လက်၍ မြတ်စွယ်တော်ဂေါပကအဖွဲ့က သစ်ကနက်စစ် နတ်သစ်ရုပ်ပွားတော်မြတ်နှင့် ဇမ္ဗူပတိရုပ်ပွားတော်မြတ်တို့အား ဂန္ဓကုဋိတိုက်တော်မှ ယာယီရွှေကျောင်းတော်ပေါ်သို့ ပင့်ဆောင် ပူဇော်ကြသည်။

ထို့နောက် ဩဝါဒါစရိယဆရာတော်ကြီးများနှင့် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က အတုလဗုဒ္ဓ လက်ဝဲအောက်စွယ်တော်မြတ်အား ဂန္ဓကုဋိတိုက်တော်မှ ယာယီ ရွှေကျောင်းတော်ပေါ်သို့ ပင့်ဆောင် ပူဇော်ကြသည်။

အဆိုပါ အတုလဗုဒ္ဓလက်ဝဲ အောက်စွယ်တော်မြတ်အား ရပ်နီးရပ်ဝေးမှ ဘုရားဖူးလာ ပြည်သူများ ဖူးမြော်ကြည်ညိုပူဇော်နိုင်ရန် ယာယီရွှေကျောင်းတော်၌ မတ် ၆ ရက်အထိ ကိန်းဝပ်စံပယ်အပူဇော် ခံထားရှိမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်