နေပြည်တော် ဖေဖော်ဝါရီ ၂၆
နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်၊ ကင်ပွန်းတန်းကျေးရွာအုပ်စု၊ ကင်ပွန်းတန်းကျေးရွာရှိ အာဟာရသုခဈေး၌ ဖေဖော်ဝါရီ ၂၅ ရက် ညပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၂၅ ရက် ည ၈ နာရီ ၄၀ မိနစ်အချိန်ခန့်တွင် အဆိုပါအာဟာရသုခဈေးရုံ၏ ရုံအမှတ် (ဂ) မှ စတင်၍ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ ပျဉ်းမနားမြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များနှင့် မီးသတ်ယာဉ် (၈) စီးဖြင့် အချိန်မီထွက်ခွာငြှိမ်းသတ်ခဲ့ကြသည်။
ထိုသို့ ငြှိမ်းသတ်ခဲ့ရာ၌ မီးလောင်အားပြင်းထန်သဖြင့် ည ၈ နာရီ ၅၄ မိနစ်အချိန်တွင် Level 2 အဆင့် ယာဉ်အုပ်စုများဖြင့် မီးသတ်တပ်ဖွဲ့ဝင်များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ည ၉ နာရီ ၅ မိနစ်အချိန်တွင် မီးထိန်းနိုင်ခဲ့ပြီး ည ၉ နာရီ ၃၁ မိနစ်အချိန်တွင် မီးလုံးဝငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါမီးလောင်မှုဖြစ်စဉ်ကြောင့် လူအသေအပျောက်နှင့် ထိခိုက်ဒဏ်ရာရရှိမှု တစ်စုံတစ်ရာ မရှိခဲ့သော်လည်း သွပ်မိုး၊ မြေစိုက်တစ်ထပ်ဆိုင်ခန်းပေါင်း ၂၄၀ ခန့် မီးလောင်ပျက်စီးဆုံးရှုူံးခဲ့ကြောင်း သိရှိရသည်။
မီးလောင်မှုဖြစ်ပွားခဲ့သည့် အာဟာရသုခဈေးသည် ပျဉ်းမနားမြို့နယ်၏ အဓိကဈေးကြီးတစ်ခုဖြစ်သည့်အပြင် ကုန်စည်ဂိုဒေါင်များ အများဆုံးတည်ရှိရာ အချက်အချာကျသည့် နေရာတစ်ခုလည်း ဖြစ်သည့်အတွက် အဆိုပါမီးလောင်မှုဖြစ်စဉ်နှင့် ပတ်သက်၍ မီးစတင်လောင်ကျွမ်းရသည့် အကြောင်းရင်းအမှန်နှင့် အသေးစိတ်ပျက်စီးဆုံးရှုံးမှု တန်ဖိုးအတိအကျသိရှိနိုင်ရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများက အသေးစိတ်ဆက်လက်စစ်ဆေး ဖော်ထုတ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
