Skip to main content

ကယားပြည်နယ်၊ သံလွင်မြစ်ကူးတံတားတစ်စင်းဖြစ်သည့် ဖားဆောင်းမြို့နယ်မှ မယ်စဲ့မြို့နယ်သို့ ဆက်သွယ်ထားသည့် သံလွင်တံတား (ဖားဆောင်း) အား KNPP၊ KNDF အဖွဲ့များနှင့် PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူများက ဒုတိယအကြိမ် ထပ်မံမိုင်းထောင်ဖောက်ခွဲဖျက်ဆီး

နေပြည်တော် ဖေဖော်ဝါရီ ၂၅

KNPP၊ KNDF အဖွဲ့များနှင့် PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများသည် တိုင်းပြည်တည်ငြိမ်အေးချမ်းမှုပျက်ပြားစေရန်နှင့် ဒေသတွင်းကုန်စည်စီးဆင်းမှုများ ပျက်ပြားစေရန်ရည်ရွယ်၍ အများပြည်သူသွားလာအသုံးပြုလျက်ရှိသည့် လမ်း၊ တံတားများအားမိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်းများကို ယုတ်မာရိုင်းစိုင်းစွာ ဥပဒေမဲ့ကျူးလွန်လျက်ရှိကြရာ ဖားဆောင်းမြို့အနီးရှိ သံလွင်မြစ်ကူးတံတားတစ်စင်းဖြစ်သော သံလွင်တံတား(ဖားဆောင်း)အား အကြမ်းဖက်သမားများက ယနေ့နံနက်ပိုင်းတွင် ဒုတိယအကြိမ်ထပ်မံ၍ ယုတ်မာရိုင်းစိုင်းစွာ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

တပ်မတော်စစ်ကြောင်းများက KNPP၊ KNDF အဖွဲ့များနှင့် PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုးထားသည့် ဖားဆောင်းမြို့အား ဖေဖော်ဝါရီ ၁၅ ရက်တွင် အပြီးတိုင်ပြန်လည်ထိန်းချုပ်ခဲ့ပြီး အဆိုပါဒေသတစ်ဝိုက်အား လိုအပ်သည့် နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိရာ အကြမ်းဖက်သောင်းကျန်းသူများက တပ်မတော်စစ်ကြောင်းများ ၎င်းတို့၏နောက်သို့ ထက်ကြပ်လိုက်လံချေမှုန်းတိုက်ခိုက်ခြင်းများ မဆောင်ရွက်နိုင်စေရန်အတွက် ဒေသခံပြည်သူများ အားထားအသုံးပြုလျက်ရှိသည့် ဖားဆောင်းမြို့အနီးရှိ သံလွင်တံတား(ဖားဆောင်း)အား ဖေဖော်ဝါရီ ၁၇ ရက်တွင်လည်းကောင်း၊ ပွန်ချောင်းတံတားအား ဖေဖော်ဝါရီ ၂၀ ရက်တွင်လည်းကောင်း ဆင်ခြင်တုံတရားမဲ့စွာဖြင့် မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့မှုများကို သတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။

၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၂၅ ရက် ယနေ့နံနက် ၁၀ နာရီခန့်တွင်လည်း KNPP၊ KNDFအဖွဲ့များနှင့် PDFအမည်ခံ အကြမ်းဖက်သောင်းကျန်းသူများသည် ကယားပြည်နယ် ဖားဆောင်းမြို့နယ်မှ မယ်စဲ့မြို့နယ်သို့ဆက်သွယ်ထား၍ ပြည်သူလူထု၏ လမ်းပန်းဆက်သွယ်ရေးနှင့် ကုန်စည်စီးဆင်းမှုတို့အတွက် အဓိကအရေးပါသည့် သံလွင်တံတား(ဖားဆောင်း)အား ဒုတိယအကြိမ် ထပ်မံမိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့ရာ မိုင်းပေါက်ကွဲမှုကြောင့် တံတား၏အနောက်ဘက် ရေလည်တိုင်များဖြစ်သည့် တိုင်အမှတ် P-5 နှင့် P-7 J တို့အကြားတွင် အရှည် ပေ ၃၀၀ ၊ အကျယ် ၂၄ ပေခန့် ပြိုကျပျက်စီးခဲ့ကြောင်းနှင့် လူထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရှိရသည်။

သံလွင်တံတား (ဖားဆောင်း) သည် ဖားဆောင်းမြို့အနီးရှိ သံလွင်မြစ်ကူးတံတားတစ်စင်းဖြစ်ပြီး တံတားအရှည် ပေ ၁၂၆၀၊ တံတားအကျယ် ၂၄ ပေ၊ လူသွားလမ်း ဘယ်/ညာ ၃ ပေစီရှိပြီး သံကူကွန်ကရစ်တံတားအမျိုးအစားဖြစ်သည်။ ၂၀၁၅ ခုနှစ်တွင် ဆောက်လုပ်ပြီးစီး၍ ဖွင့်လှစ်အသုံးပြုခဲ့သော တံတားတစ်စင်းဖြစ်ကြောင်းသိရသည်။ အကြမ်းဖက်သမားများ၏ အမြော်အမြင်မဲ့စွာ ဆင်ခြင်မှုမရှိသော ဖျက်လိုဖျက်ဆီးလုပ်ရပ်များကြောင့် ယခုအခါမော်တော်ယာဉ်များနှင့် ခရီးသွားပြည်သူများ ဖြတ်သန်းသွားလာနိုင်ခြင်းမရှိတော့ဘဲ ကုန်စည်စီးဆင်းမှုများရပ်တန့်လျက်ရှိပြီး ဒေသကောင်းစားရေးဟု သုံးနှုန်း၍ အမှန်တကယ်တွင် ၎င်းတို့၏ ကိုယ်ကျိုးစီးပွားအတွက်သာရှေးရှု၍ ယုတ်မာရိုင်းစိုင်းစွာဖြင့် အများပြည်သူအဓိကသွားလာရာနှင့် ကုန်စည်များစီးဆင်းရာတွင် အဓိကအားထားအသုံးပြုနေသော စစ်ရေးပစ်မှတ်မဟုတ်သည့် သံလွင်တံတား(ဖားဆောင်း)အား ဖောက်ခွဲဖျက်ဆီးခဲ့ခြင်းကြောင့် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝများ များစွာနစ်နာဆုံးရှုံးခဲ့ရသည်။

ယခုကဲ့သို့ KNPP၊ KNDF အဖွဲ့များနှင့် PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူများ၏ အကြမ်းဖက်လုပ်ရပ်ဖြစ်သော သံလွင်တံတား (ဖားဆောင်း) အား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့မှုအပေါ် ကယားပြည်နယ်အတွင်းရှိ ဒေသခံပြည်သူများသာမက နိုင်ငံတစ်ဝန်းရှိ ပြည်သူများကပါ ရွံရှာမုန်းတီးစွာဝိုင်းဝန်းကန့်ကွက်ရှုတ်ချလျက်ရှိသည်။ တံတားပျက်စီးမှုအား သက်ဆိုင်ရာ လမ်း/တံတားဦးစီးဌာနမှ တာဝန်ရှိသူများနှင့်ဝန်ထမ်းများက အမြန်ဆုံးပြန်လည်ပြင်ဆင်သွားမည်ဖြစ်ကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးလုပ်ငန်းစဉ်များ တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။